အိခဲဘန(Ikebana)

in myanmar •  7 years ago  (edited)

ခုတလော သူငယ်ချင်းတွေရဲ့ floral arrangement လက်စွမ်းပြထားတာ လေးတွေမြင်တော့ ငယ်ငယ်ကတည်းက သဘောကျခဲ့တဲ့ ဂျပန် floral arrangement တစ်ခုဖြစ်တဲ့ Ikebana နည်းကို သွားသတိရမိတယ်..။ ပန်းအိုးထိုးတာကို ငယ်ငယ်တည်းက စိတ်ဝင်စားတဲ့သူမို့ အမေလုပ်သူက ဒီ Ikebana ကို စာအုပ်တွေကနေ တဆင့် မိတ်ဆက်ပေးခဲ့တာကြောင့် ကျောင်းပိတ်ရက်တွေမှာ ခြံထဲက တွေ့တတ်သမျှ အပင်တွေ ၊ အကိုင်းအခက် လှတပတလေးတွေ ၊ တောပန်းပွင့်တွေ ဒါမှမဟုတ် ဖေ စိုက်ထားတဲ့ ပန်းခင်းထဲက ပန်းခက်တွေ နဲ့ ကျွန်တော် အလုပ်ရှုပ်တော့တာပါပဲ။ အဲ့လိုမျိုး အကိုင်းအခက်မျိုးစုံနဲ့ ကိုယ့်စိတ်ကူးနဲ့ကိုယ် အလှဆင် (အမေ့စကားအရဆိုရင်တော့ ထင်တိုင်းကြဲတာပေါ့) ပြီးသွားပြီဆိုရင်တော့ အိမ်ရှိ လူကုန် တစ်ယောက်မှ မနေရအောင် လာကြည့်ခိုင်းပြီး မှတ်ချက်ပေးခိုင်းတော့တာပါပဲ ။ အိမ်ရှိလူကုန်ဆိုလို့လည်း အဖေရယ် ၊ အမေရယ် ကျွန်တော်ရယ်ပဲ ရှိတာပါ… ။

:D
Ikebana-Beautiful-Pink-delight-gr.jpg

“ဒါလေးကိုကြည့်လိုက် မေ… ဘယ်လိုမြင်လဲဟင် ၊ ဒီပန်းအိုးကို မေ နာမည် ပေးကြည့် သမီးပေးထားတဲ့ နာမည်နဲ့နီးစပ်သလားလို့” ဆိုပြီး နားပူနားဆာလုပ်တော့ အမေလုပ်သူက နာမည်တစ်ခု မပေးမချင်း ပေကပ်ပြီးမေးနေမှာကို သိပြီးသကာလ “ပျော်ရွှင်ခြင်း” တို့ “လွတ်လပ်ခြင်း” တို့ စသည်အားဖြင့် နာမည်လေးတွေ ပေးတတ်တယ် ၊ အဲ့ဒီ့အခါကြရင် အင်း မေ့ ခေါင်းစဉ်က မှန်တော့မှန်တယ် နည်းနည်းလွဲနေသေးတယ် ဘာညာဆရာလုပ် ၊ သမီးဆိုလိုချင်တာက ဒီလို ဒီလို ဆိုပီး လေရှည် ၊ မေ နဲ့ ဖေ က ခပ်ပြုံးပြုံးနဲ့ “ငပေါ” ဟု မှတ်ချက်ပေးကြသည် ။ အဲ့ဒီလို စိတ်ဝင်စားခဲ့တဲ့ ဒီ Ikebana ပညာရပ်လေးအကြောင်း ရှာဖွေ ဖတ်ရှုထားသမျှလေး မျှဝေပါရစေ….

များသောအားဖြင့် ဒို့ ဆီကတော့ ပန်း ပေါတဲ့ အရပ်ဆိုတော့ ပန်းအိုးထိုးရင် ပန်းကို အများကြီးသုံးပြီး အိုးထဲ ထိုးစိုက်လိုက်တာ သက်သက်မျှသာပါပဲ… ဒါပေမယ့် ဒီ Ikebana နည်းကတော့ ပန်းအိုးထဲ ပန်းတွေ ဖြစ်သလို ထိုးစိုက်လိုက်တာမျိုးမဟုတ်ပဲ အပြင်ဘက်က သဘာဝ တောတောင် ရေမြေ ပုံစံအတိုင်း ရှင်သန်နေတဲ့ သစ်ကိုင်းလေးတွေ ၊ စိမ်းစိုနေတဲ့ အရွက်လေးတွေ နဲ့ လတ်ဆတ်တဲ့ပန်းပွင့် တစ်ပွင့် နှစ်ပွင့် ကို ကိုယ့်စိတ်ကူးအတိုင်း နေရာချပြီး အလှဆင်တာပါ..။ ကိုယ့် ဖန်တီးနိုင်မှု စွမ်းအားကို စိတ်ကြိုက်ပြသလို့ ရတဲ့ အနုပညာတစ်ခုလည်း ဖြစ်သလို ဖန်တီးသူရဲ့ စိတ်ခံစားချက်ကိုပါ ပေါ်လွင်အောင်ပြသရတာဖြစ်တယ်။

ဒီ Ikebana နည်းမှာ rules တွေ အမျိုးမျိုးရှိတဲ့ အထဲက အရေးအကြီးဆုံး စည်းမျဉ်း (၂) ခုရှိတယ် နံပါတ်(၁) ကိုယ်ထားမယ့်နေရာနဲ့ ကိုက်ညီမှုရှိတဲ့ ပြင်ဆင်မှု ဖြစ်ရမယ်၊ နံပါတ်(၂) သဘာဝကနေ လုံးဝကင်းလွတ်တဲ့ အပြင်အဆင်မျိုး မဖြစ်ရဘူးဆိုတဲ့ (၂)ချက်ပေါ့ ။ ဂျပန်မှာတော့ ဒီ Ikebana ပညာရပ်ကို ပန်းချီ နဲ့ တခြား အနုပညာရပ်တွေနဲ့ အဆင့် တစ်တန်းတည်း ထားရှိကြပါတယ်။

နိုင်ငံတိုင်း နိုင်ငံတိုင်းက သဘာဝတရား ၊ သဘာဝ ပတ်ဝန်းကျင်ကို ချစ်ကြတယ် ၊ တန်ဖိုးထားတတ်ကြတယ် ၊ ဒါပေမယ့် ဂျပန်တွေရဲ့ သဘာဝတရားကို ချစ်မြတ်နိုးမှုက ဘယ်လောက်ထိ မြင့်မား ပြင်းထန်သလဲဆိုရင် ကိုးကွယ်မှု အသွင်တောင် ဆောင်ပါသတဲ့..။ သဘာဝ တရားကို ကိုးကွယ်ကြသူများပေါ့ ။ ချယ်ရီပန်းကြည့်ပွဲတော် တို့ဘာတို့ ကိုကြည့်ရင်သိနိုင်ပါတယ်။

အပင်တွေ ကြီးထွားလာမယ် ၊ အရွက်တွေ ထွက်လာမယ် ၊ ပန်းတွေ ပွင့်လာမယ် စသည်အားဖြင့် ရာသီတစ်လျှောက်လုံးမှာ သဘာဝတရားကြီးက သူ့ ဟန်ချက်နဲ့ သူ့ rhythm အတိုင်း ရှိနေပါတယ်..။ ဒီသဘောတရားကို မြင်သာထင်ရှားအောင် ပြရတာက Ikebana ရဲ့ အသက်လို့ ပြောလို့ ရပါတယ် ။

Ikebana နည်းပညာဆိုတာ နေအိမ်ထဲကို သဘာဝရဲ့ သေးငယ်လှတဲ့ အစိတ်အပိုင်းလေး တစ်ခုကိုပဲ သယ်ဆောင်လာတာမျိုးမဟုတ်ဘဲ သဘာဝတရားတစ်ခုလုံးကို ကိုယ်စားပြုတဲ့ အနေနဲ့ထားရှိတာပါတဲ့။ အဲ့ဒီ့အတွက်လည်း ဂျပန်တွေက Ikebana ကို အိမ်တွင်းကနေ အပြင်ဘက် သဘာဝတရားကို ခံစားနိုင်တဲ့ ပေါင်းကူးတံတား အဖြစ် တင်စားကြတာဖြစ်တယ်။ အဲ့ဒါကြောင့်လည်း ဒီ ပန်းအလှပြင်တဲ့ နည်းထဲမှာ single arrangement ထဲမှာတင် အပင်အမျိုးမျိုး ပါဝင်လေ့ရှိတာပေါ့ ။

2.jpg

နောက်ပြီး အရေးကြီးတဲ့အချက်တစ်ခုက Ikebana ကို စိတ်ဝိညာဉ် နှစ်ပြီး လုပ်ဆောင်ဖို့ အလွန်အရေးကြီးတယ် ဆိုတဲ့ အချက်ပါပဲ။ Ikebana နည်းနဲ့ ပန်းအလှဆင်နေတဲ့ သူတစ်ယောက်ဟာ ငြိမ်သက် တိတ်ဆိတ် နေရပါမယ် ၊ အဲ့လိုမှသာ အခုလက်ရှိအခိုက်အတံ့ လေးမှာ အပြည့်အဝ နေထိုင်နေတာဖြစ်ပြီး ယခင် မထင်ရှားတဲ့ မသိခဲ့တဲ့ သဘာဝ တရားရဲ့ သိမ်မွေ့မှုကို အပီအပြင် ဖမ်းဆုပ် ဖော်ဆောင်နိုင်မှာဖြစ်တယ် ။

Freestyle-ikebana-with-chrysanthemums-1024x643.jpg
နောက်တစ်ခုက ဂျပန်က အိမ်ရှင်မတွေက ဒီလို ပန်းအိုးထိုးနည်းနဲ့ သူတို့ရဲ့ စိတ်ခံစားချက်ကို ဖော်ပြကြတယ်လို့လည်း မှတ်သားဖူးတယ်၊ ဥပမာ အိမ်ရှင်မရဲ့ စိတ်ထဲမှာ ဝမ်းနည်းအားငယ်နေတယ် မလန်းဆန်းဘူးဆိုရင် … သူ့ရဲ့ ပန်းအိုးမှာ သစ်ကိုင်းခြောက်လေးရယ် ၊ အနည်းငယ် နွမ်းနေတဲ့ ပန်းပွင့် သို့မဟုတ် ရော်ရွက်ဝါလေးတွေကို arrangement လုပ်ထားတာကို မြင်ရမှာ ဖြစ်ပြီး ၊ ဆောင်းဦးပေါက်ကာစ သာယာလှပတဲ့ နေ့လေးတွေမှာဆိုရင်တော့ အိမ်ရှင်မရဲ့ ပန်းအိုးလေးမှာ အရောင်တောက်တောက် ပန်းပွင့်လေးတွေ၊ မြက်ပင်စိမ်းစိမ်းလေးတွေ နဲ့ ပုရစ်ဖူးထွက်ပြူစ သစ်ကိုင်း လေးတွေ ပါဝင်မှာဖြစ်ပါတယ်တဲ့ ။ မိသားစု စုံညီလေ့ရှိတဲ့ ပွဲတွေ အထိမ်းအမှတ်တွေမှာတော့ မိသားစုဝင်တွေကို ကိုယ်စားပြုတဲ့ အရွယ်အစားမျိုးစုံ ပန်းပင်တွေနဲ့ အခက်အလက်တွေ ကို အချိုးညီညီ ပေါင်းစပ် ဖန်တီးလေ့ ရှိကြပါတယ် ဆိုတဲ့အကြောင်း…..။

PS. All photo in this article are copied from google.

Su Htet Aung

Have fun !

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

So great.
That is really interesting article.
Thank you.

Thank you for your encouragement !

အသိတွေတိုးရပါတယ်ဗျာ ။

ကျေးဇူးတင်ပါတယ်ရှင့် ။