အချိန်က… ဆောင်းတွင်းစစ်စစ် ဒီဇင်ဘာလကြီး ။
သို့သော် ကျွန်မ မျက်နှာမှာတော့ နေပူဒါဏ်ကြောင့် ချွေးတပြိုက်ပြိုက်နှင့် နီရဲနေလေသည်…။
ကားပေါ်က အထုပ်အပိုးတွေ ချပြီး မိသားစု သုံးယောက် အညာ သင်္ကေတ ဖြစ်သည့် ထနောင်းပင်ကြီး အရိပ်မှာ အမောဖြေနေကြပါတယ်..။ကျွန်မနေမယ့်အဆောင်ရှေ့ရောက်ပြီလေ ။
အဲ့ဒီ့အချိန်မှာပဲ ဒေါ်လေးသစ်ဆိုသည့် အဆောင်ပိုင်ရှင် အန်တီကြီးက
“သမီးလေးလာ သမီးနေရမယ့် အခန်းကို လိုက်ကြည့်လေ၊ အထုပ်အပိုးတွေ နောက်မှ သယ်ပေါ့။”
ကျွန်မ မေ နဲ့ ဖေ့ကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ မေ က ခေါင်းညိမ့် ပြမှ အညာပုံစံ နှစ်ထပ် ပျဉ်ထောင် အိမ်မည်းမည်းကြီး ထဲရှိ ခပ်မှောင်မှောင် ကော်ရစ်ဒါလေးအတိုင်း တွန့်ဆုတ် တွန့်ဆုတ်နဲ့ လိုက်သွားလိုက်ပါတယ်….။ကျွန်မနေရမယ့် အခန်းရှေ့ရောက်တော့ ….
“ သမီးရေ..တံခါးဖွင့်ပါဦး ဒီမှာ သမီးသူငယ်ချင်း အသစ်ရောက်ပီ”
ဒေါ်လေးသစ်က အသံပြုရင်း အခန်းတွင်းသို့ ဝင်လိုက်တယ်ဆိုရင်ပဲ… ကုတင် ၂ ခု ဆက်ထားတဲ့ပေါ်မှာ သံသေတ္တာလေးတစ်လုံး၊ အညာဖြစ် ကြိမ်ခြင်းလေးတစ်လုံးနှင့်အတူ ကျွန်မနဲ့ ရွယ်တူ ဆံပင်တိုတို ၊ အသားညိုညက်ညက်ကောင်မလေးတစ်ယောက် ထိုင်နေတာကို တွေ့ရပါတယ်။
အဲ့ဒီ့ညိုပြာညက်ကလေးကပဲ ကျွန်မကို..
“လာ သူငယ်ချင်း အထုပ်တွေအပိုးတွေကော ငါကူသယ်ပေးမယ်လေ..”
ခုမှ စတွေ့ဖူးတဲ့ကောင်မလေးက ခုလို သွက်သွက်လက်လက် စိတ်ရော ကိုယ်ပါ နှုတ်ဆက်လာတော့ ကိုယ်နဲ့ အကျွမ်းတဝင်မရှိလှတဲ့ အပြုမူတစ်ခု ကျွန်မ ကမောက်ကမ ပြုလုပ်လိုက်မိတယ်လေ…။
“နေပါ သူငယ်ချင်း ရပါတယ် အလေးကြီးတွေမို့ ကိုယ့်ဖာသာပဲ သယ်လိုက်မယ်နော်..” ဆိုပြီး
မြန်မြန်ဆန်ဆန်ပြောလိုက်ရတယ်။ ကျွန်မက သူစိမ်းတွေဆိုရင် ကိုယ်က စကားစပြောရမှာ ကြောက်တဲ့ အကျင့်ရှိတယ်လေ…. ဒါပေမယ့် အခုမှစတွေ့ရတဲ့ သူမလေးနဲ့တော့ ဘယ်ရေစက်ရယ်မသိ မြင်မြင်ချင်း ခင်မင်ရင်းနှီးသွားတယ်။ ပြီးတော့ ဒေါ်လေးသစ်က…
“ကဲကဲလာ သမီးကိုတခြားအခန်းက အဆောင်သူတွေ နဲ့ မိတ်ဆက်ပေးမယ်”
တစ်ခန်းဝင် တစ်ခန်းထွက် လိုက် မိတ်ဆက်ပေးတာကို အူကြောင်ကြောင် လိုက်နှုတ်ဆက်နေရင်း စိတ်ထဲ… သူစိမ်းတွေကြားမှာနေခဲ့ရတော့မှာပါလား ဆိုတဲ့အသိနဲ့ အားငယ်စိတ်က ဝင်လာတယ်လေ…။ အထုတ်အပိုးတွေ နေရာချအပြီးမှာ မေက ဒေါ်လေးသစ်ထံ ကျွန်မ ကို အပ်တယ်…။ ပြီးတော့ မေ က…
“လိမ်လိမ်မာမာ နေနော် သမီးငယ်…” ဆိုတဲ့ အမှာစကားတစ်ခွန်း ပြောပြီး ဖေ ကော မေ ပါ ပြန်သွားခဲ့တယ်…။
အဲ့ဒီ့အချိန်တုန်းက ခံစားချက်ကြီးကို ကျွန်မ ခုချိန်ထိ မမေ့သေးဘူး…
မိဘအိမ်နဲ့ တစ်ညအိပ်တောင် ခွဲမနေဖူးခဲ့တဲ့ ကျွန်မ ခုလို ကျွန်မတို့ မြို့ကနေ နေ့ဝက်လောက် ကားစီးပြီးမှ ရောက်မယ့် အညာမြို့လေးမှာ တစ်ယောက်တည်း ကျန်နေခဲ့ရတဲ့ အားငယ်စိတ်က မျက်ရည်တွေ ဝဲတက်လာတဲ့အထိပေါ့…။
ဒါပေမယ့် လူကြီးစိတ် အတင်းသွင်းထားတဲ့ ကျွန်မ မေ နဲ့ ဖေ ပြန်သွားတဲ့လမ်းကို တစ်ချက်မှ ပြန်လှည့်မကြည့်တော့ဘဲ ကိုယ့်အခန်းထဲကိုယ်ဝင်၊ ကျလုလု မျက်ရည်ကို မြန်မြန်သုတ်၊ အိပ်ယာလိပ်လေး ခင်းပြုပြီး ရေပြေးချိုးရတယ်…။ အညာဆောင်းက ကျွန်မအတွက်တော့ သိပ်ကိုပူလွန်းတယ်လေ…။ ရေချိုးပြီးတော့ အခန်းဖော်သူမက ထမင်းစားရအောင်ဆိုပြီး ချိုင့်တွေထုတ်လာခါမှ ဗိုက်က ဆာနေမှန်းသိတော့တယ်…၊ အဲ့ဒီ့နေ့က စားခဲ့ရတဲ့ သူမချိုင့်ထဲက အထူးအဆန်းဟင်းကတော့ ကျွန်မတို့ သူငယ်ချင်းတွေကြား နောက်ဆုံးနှစ်ထိ ကြုံတိုင်း ပြောစမှတ်ကိုတွင်ခဲ့ရတဲ့အထိပါပဲ…
ဟင်းက ကြက်ဥဟင်းလေးပါပဲ..၊ ဒါပေမယ့်လေ ပြန်တွေးမိတိုင်း ခုထိပြုံးမိတုန်း စားချင်တုန်း ဟင်းလေးပေါ့ ၊ ဘာလို့လဲဆိုတော့ …
“ရော့သူငယ်ချင်း စား”
ထည့်ပေးလာတဲ့ ရွှေညိုရောင် ကြက်ဥခြမ်းလေးကို စားဖို့ ကျွန်မ ဇွန်းနဲ့ ဖဲ့လိုက်ပါတယ် ၊
ဖဲ့ခံရတဲ့ ကြက်ဥခြမ်းလေးက ဘယ်နှယ့်မှ မနေ ပုံစံမပျက်ပေမယ့် ကျွန်မ စတီးဇွန်းလေးကတော့ ကွေးသွားခဲ့ပါတယ်။
“ဟယ် ဘယ်လိုဖြစ်ပါလိမ့် ဇွန်းကောက်သွားတယ်တော့ ရှုပ်တယ် ဒီအတိုင်း ဝါးစားလိုက်မယ်”
ပြောပြောဆိုဆို ဝါးစားလိုက်တဲ့ ကျွန်မ အဲ့ဒီ့ ကြက်ဥလေးတစ်ခြမ်း ကြေညက်ဖို့ အတော် ကြိုးစားယူလိုက်ရပါတယ်။ ဒါပေမယ့် စားရင်းစားရင်း အတော်လာတဲ့ဟင်းဆိုတာ သိလာတယ်။ ဘယ်လိုလုပ်ထားပါလိမ့်လို့ စပ်စုလိုက်တော့ သူငယ်ချင်းက ပြောပြတယ် ကြက်ဥပြုတ်ကို ထက်ခြမ်းခြမ်းပြီး ကြွပ်နေအောင် ဆီပေါပေါနဲ့ကြော်၊ ပြီးတော့ ကြက်သွန်နီအနှစ်နဲ့ ပြန်ချက်ထားတာပါတဲ့…။ ကြက်ဥပြုတ်ကြော်ပေါ့နော်။ ကျွန်မတို့ဆီမှာက ကြက်ဥပြုတ်ချက်မယ်ဆိုရင် ပြန်ကြော်လေ့မရှိတော့ ကျွန်မအတွက်တော့ အဆန်းပေါ့…။ အဲ့လိုပြန်ကြော်လိုက်တဲ့အတွက် ပူလွန်းတဲ့ဒေသမှာတောင် သုံး လေး ရက်လောက် အထားခံပါတယ်…။
အဲ့ဒီ့ဟင်းက ကုန်ခါနီးလေ ပိုစားကောင်းလေပါပဲ ဘာလို့လဲဆိုတော့ ရွှေညိုရောင် သမ်းတဲ့အထိ ကြွပ်နေအောင်ကြော်ထားတဲ့ ကြက်ဥပြုတ်ထဲကို ဟင်းအနှစ်ထဲက အရသာတွေက တဖြည်းဖြည်းချင်း ဝင်လာပြီး အတော်ကို အရသာရှိတာပါ။
ကျွန်မ ဟင်းလေးတစ်ခွက်အကြောင်းကို ဘာလို့ ဒီလောက် အရေးတယူ ရှိလှစွာ ထည့်ရေးနေရလဲဆိုတာကိုတော့ မိဝေးဖဝေး အဆောင်နေဖူးသူတွေအားလုံး ခံစားနားလည်နိုင်မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် ကျွန်မတို့လို ငွေကြေးအင်အား မတောင့်တင်းတဲ့ မိဘရဲ့ ချွေးနည်းစာနဲ့ ကျောင်းလာတက်ကြရတဲ့သူတွေက ပိုလို့တောင် ခံစားနားလည်နိုင်မှာပါ…။ဆိုင်ထမင်း ဆိုင်ဟင်းကိုပဲ အားပြုနေရတဲ့ အိမ်ဝေးသူတွေအတွက်တော့ အိမ်ကထည့်ပေးတဲ့ ဟင်းအကြော်အလှော်က စိတ်အဆာကိုပါ ပြေစေနိုင်စွမ်းပါရဲ့… ။
မိဘရင်ခွင်ကနေ ခွဲခွာကာစ ကိုယ့်ကိုပေးထားတဲ့ တစ်လစာ ကိုယ်တာ ပိုက်ဆံကို နဖူးတွေ့ ဒူးတွေ့ ကိုယ်တိုင် စီမံသုံးစွဲရတော့မယ့် ဆယ်ကျော်သက်အရွယ် ကျွန်မတို့တွေရင်ထဲမှာ စိုးရိမ်စိတ်တွေအပြည့်နဲ့ပေါ့။ အဆောင်လခ၊ကျောင်းလခ၊ထမင်းဖိုး၊စာအုပ်ဖိုး၊မုန့်ဖိုး အပြင် ကိုယ့်ဗာဟီရ ပစ္စည်းပစ္စယ စားရိတ် အတွက်ပါ ထည့်စဉ်းစားလာရပြီကိုးလေ…။
အဲ့ဒီ့အချိန်မှာ သူငယ်ချင်းက ကိုယ့်ဆွေမျိုး၊ သူငယ်ချင်းကပဲ ကိုယ့်တိုင်ပင်ဖော်ပေါ့။ အဲ့ဒါကြောင့်လည်း ငယ်ပေါင်းကြီးဖော်တွေလို ဖြစ်သွားပြီဖြစ်တဲ့ အခန်းဖော်သူမနဲ့ ကျွန်မ အိမ်လွမ်းတာတွေ ဘာတွေ မေ့လို့ ရောက်တတ်ရာရာ လေတွေ ပေါကြရင်း သူ့ဇာတိအကြောင်း ကိုယ့်ဇာတိအကြောင်းတွေ ဖလှယ်နေကြတာများ ရေပက်တောင် ဝင်မယ်မထင်ပါဘူး။
သူမက ပုံဂံသူ... ၊ ပုဂံဇာတိပေါ့ ဒါပေမယ့် ခုတော့ မန္တလေးမှာ မိသားစုက အခြေချနေကြပြီ။ ပုဂံသူဖြစ်တဲ့အလျောက် သူစကားပြောတာ အညာသူအသံ စစ်စစ်လေ… အဲ့ဒီ့တော့ တောင်ပေါ်သူ ကျွန်မအဖို့ သူ့လေယူလေသိမ်းက သိပ်ကို အဆန်းတကြယ်ဖြစ်ပြီး သဘောကျစရာကောင်းနေခဲ့တယ်…။
အထူးသဖြင့် ကျွန်မမှတ်မိနေတာက “မနက်ဖြန်” ဆိုတဲ့စကားလုံးကို သူပြောတဲ့အသံက တစ်မျိုးပဲ ကျွန်မတို့နဲ့ မတူဘူး “နက်” ဆိုတဲ့နေရာမှာ လေသံကို ဖိမပစ်ဘဲ ဖေါ့ဖေါ့လေး ပြောသွားတာမျိုးလေ… ။ ပြီးတော့ “ခွန်” ကို “ခွင်န်” အဲ့လိုမျိုးပေါ့…။ ပြီးတော့ သူမက သိပ်အရီသန်တယ်…။
သူမမို့ ဟာသ တစ်ခုခု ပြောပီဆိုရင် သူက ဦးအောင် အူလှိမ့်နေအောင်ရယ်ပီး ဗလုံးပထွေးပြောတတ်သူရယ်ပါ…..။ ကျွန်မတို့မှာ သူပြောတဲ့ဟာသ ဆိုတာကို နားမလည်ခင်မှာပဲ သူ့အမူအရာကိုကြည့်ပြီး အုံးအုံးထအောင် ရယ်ရတာလဲ အခါခါပါ…။ အရွယ်အားဖြင့်ကလည်း သစ်ရွက်လှုပ်တာတောင် ရယ်ချင်တယ်ဆိုတဲ့ အရွယ်တွေကိုးလေ…။
ဒီလိုနဲ့ပဲ… ရောက်ခါစကပဲ အိမ်လွမ်းသူများ တသိုက်ဟာ တဖြည်းဖြည်းနဲ့ နေရာသစ်မှာ နေသားတကျ ဖြစ်လာပြီး မေဂျာတွေ ခွဲမယ့်နေ့ကို စိတ်လှုပ်ရှားစွာ စောင့်နေကြပါပြီ…။
ဆက်ရေးပါဦးမည်..။
Written by : @suhtetaung
၁၆.၉.၂၀၁၃ (ရေးထားတာအတော်တောင်ကြာနေပီ :D )
( ပြန်လည်တမ်းတခြင်းနေ့စွဲများ (၁) )
If You Like Photography, Then Post On Pixlr And Earn Daily Upvotes
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
WARNING - The message you received from @ariexploring is a CONFIRMED SCAM!
DO NOT FOLLOW any instruction and DO NOT CLICK on any link in the comment!
For more information, read this post:
https://steemit.com/steemit/@arcange/phishing-site-reported-pixz
If you find my work to protect you and the community valuable, please consider to upvote this warning or to vote for my witness.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit