ဂုဏ်ကျေးဇူးအား ရှိုခိုးဦးတင် ကန်တော့ပန်းဆင်ကြသည့်အခါဝယ်(Tin Myo Aung)

in myanmar •  7 years ago 

image
မြန်မာလူမျိုးတို့၏ ချစ်ခင်နှစ်သက်ဖွယ်ဖြစ်သော ဓလေ့တစ်ခုအား သီတင်းကျွတ်လမြတ်အချိန်အခါသမယတွင် တွေ့မြင်ရလေ့ရှိပါသည်။ ထိုဓလေ့မှာ လူတစ်ဦးတစ်ယောက်၏ ဂုဏ်ကျေးဇူးကို အထူးသိတတ်သော စိတ်စေတနာဖြင့် ၀ပ်တွားခယ တောင်းပန်ကန်တော့ကြသော ဓလေ့ပင်ဖြစ်သည်။ အထူးသဖြင့် မွေးသမိခင် နှင့် ကျွေးသဖခင် ၊အဘိုး အဘွားများ ၊ ကျေးဇူးရှင် ဆရာသမားများ ၊ မိမိ၏အပေါ်၌ကျေးဇူးရှိခဲ့ဖူးသော ပုဂ္ဂိုလ်များ ၊ သက်ကြီး ၀ါကြီး လူကြီးမိဘများအား တစ်နှစ်တာ ကာလပတ်လုံး ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် ပစ်မှားမိသည်များကို ခွင့်လွှတ်ကျေအေးပေးပါရန် တောင်းပန်ကန်တော့ကြသော လမြတ်အချိန်အခါ ဖြစ်ပါသည်။ ကန်တော့ခံ လူကြီးမိဘ၊ ဆရာသမားများကလည်း ခွင့်လွှတ်ပါကြောင်း ၊ ကျန်းမာ ချမ်းသာကြ၍ အနာမဲ့ကာ ရန်ဘေးကင်းကြောင်း ကောင်းမှုမင်္ဂလာဖြစ်စေရန်အတွက် ပြန်လည် ဆုပေးကြသော မင်္ဂလာအချိန်ကာလ တစ်ခုလည်း ဖြစ်ပေသည်။တစ်ဦးနှင့် တစ်ဦး အငြိုး ၊ အာဃာတဟူ၍ ဆံချည်တစ်စေ့မရှိ။ ကြည်လင်သော စိတ်နှလုံးတို့ဖြင့် ဖရဏာပီတိ ဂွမ်းဆီထိသလို ကြည်နှုးစွာ ခံစားကြရသော အချိန်ကာလ တစ်ခုလည်း ဖြစ်ပါသည်။

အချို့ ဘိုးဘွားမိဘ ၊ ဆရာသမားများမှာ မိမိတို့တွင် သိတတ်လိမ္မာလှသော သားသမီး ၊ တပည့်များရှိသည်ဟူသော ပီတိဖြစ်ကာ ၀မ်းသာမျက်ရည်ကျလေ့ရှိသော ပီတိလွှမ်းသော အချိန်အခါ သမယလည်း ဖြစ်ပါသည်။ ကန်တော့ရသော သားသမီး ၊ တပည့်များတွင်လည်း ကြည်နူးစိတ်ဖြင့် မျက်ရည်လည်ရသော အချိန်အခါသမယလည်း ဖြစ်ပါသည်။ တတ်နိုင်သည့် သားသမီး ၊ တပည့်များမှ တတ်နိုင်သည့်အလျောက် တန်ဘိုးကြီးသော ကန်တော့ပစ္စည်းများဖြင့် ကန်တော့ကြသလို ၊ မတတ်နိုင်သည့် သားသမီး ၊ တပည့်များကလည်း မိမိတို့ တတ်နိုင်သလောက် တန်ဘိုးနည်းသော်လည်း စေတနာ အပြည့်ပါသော ပစ္စည်းကလေးများဖြင့် ကန်တော့ကြသော အချိန်ကာလလည်း ဖြစ်ပါသည်။

ထိုသို့ ကြည်နူးဝမ်းမြောက်ဖွယ် ချစ်စရာဓလေ့တစ်ခုအား မြို့ပေါ်တွင်နေထိုင်သည့်အချိန်တွင် ကျွန်တော့်အနေဖြင့် နက်နဲစွာ ခံစားခဲ့မိခြင်း မရှိပေ။ သို့သော် ကျွန်တော် အလည်တစ်ခေါက်ရောက်ရှိသွားသော ​လေးအိမ်​တန်း ရွာကလေးတွင်မှာတော့ ထိုကဲ့သို့ မြန်မာမှု မြန်မာ့ဟန် ချစ်စရာ ဓလေ့ထုံးတမ်းအစဉ်အလာလေးတစ်ခုအား ကြည်နူးစိတ်ဖြင့် မျက်ရည်လည်သည်အထိ နက်နဲစွာခံစားခဲ့ရလေသည်။လေးအိမ်​တန်းရွာ ကလေးက ဧရာဝတီမြစ်၏ အနောက်ဘက် ၊ နမ္မဒါမြစ်၏ ​တောင်​ဘက်​ဘက်တွင်ရှိသော ရွာကလေးဖြစ်သည် ။ မ​ကွေးမြို့၏ အနောက်​​မြောက်ဘက်ယွန်းယွန်း နှင့် မင်းဘူးမြို့၏ မြောက်ယွန်းယွန်းတွင် တည်ရှိပါသည်။ ရေ၀င်သည့်ရွာကလေး ဖြစ်သည့်အလျောက် ၀ါဆို၊၀ါခေါင် မြစ်ရေကြီးချိန်တွင် မြင်ကွင်းတစ်ခုလုံး ရေအပြည့်ဖြင့် မြင်တွေ့ရပေလိမ့်မည်။

သို့သော် ကျွန်တော်အလည်ရောက်သွားသည့်အချိန်တွင်မှာတော့ သီတင်းကျွတ်လ မြစ်ရေကျချိန်ဖြစ်သဖြင့် ရွာထဲတွင် ရေမရှိတော့ပါ ။ ရေကျချိန် သိပ်မကြာသေးသဖြင့် ရွာလမ်းများမှာလည်း ကောင်းကောင်း မခြောက်သွေ့သေး။ သို့သော် လမ်းသွား လမ်းလာများအဆင်ပြေစေရန် သဲများဖြင့်ဖို့၍ သွားရေးလာရေး အဆင်ပြေအောင် ကုသိုလ်ပြုထားကြပါသည်။
" ရေကြီးခါဆိုတော့ တစ်ရွာလုံး ဘာအလုပ်မှ မယ်မယ်ရရ မရှိဘူးပေါ့ ငါ့တူ။ ဒါ့ကြောင့် တို့​လေးအိမ်​တန်းရွာကလေးတွေကတော့ လှော်လှေကြီးတွေနဲ့ အလှပြလှော်ကြ ၊ ပြိုင်ကြတဲ့ ဓလေ့ရှိတယ် ။ လှေခုတ်​ ၊ နတ်ပေး ၊ ခြံယာ ၊ နွယ်နီ ၊ ကျွန်းညို စတဲ့ ရွာတွေမှာ တစ်ရွာမှာ လှော်လှေကြီးတွေ တစ်စင်းစီတော့ ရှိကြတယ်။ ကိုယ့်ရွာသီချင်းနဲ့ ကိုယ်ဘဲ ။ အဆို ၊ အတီးတွေနဲ့ ဓါတ်စက်တွေဖွင့်လို့ လူငယ်တွေ ပျော်ကြပါးကြပေါ့။ ဘကြည်တို့ ​လေးအိမ်​တန်းရွာက လှော်လှေကြီးရဲ့ နံမည်က ဇမ္ဗူညွန့် တဲ့ ။ ခြံယာရွာက လှော်လှေကြီးရဲ့ နံမည်က ဇော်သိန်း တဲ့။ ပြိုင်တယ် ဆိုင်တယ်ရယ်လို့လည်း မဟုတ်ကြပါဘူး ။ တစ်ရွာ့ တစ်ရွာ ပျော်ပျော်ပါးပါး လှေလှော်ကြတာပါဘဲ" ဟု ​လေးအိမ်းန်းရွာမှ အသက်(၇၄) ရှိ ဘကြည် က ပြောပြပါသည်။ ကမ်းပါးပြိုသဖြင့် အိမ်နေရာရွှေ့ပြောင်းရတာ လေးခါ ရှိပြီဟုလည်း ဘကြည်၏ ဇနီးဖြစ်သူ အသက် (၇၇)နှစ်ရှိ အမေညွန့်ခင် ကပြောပါသည်။

သီတင်းလပြည့်နေ့နံနက်အချိန် မှာတော့ ရွာထဲမှ သားသမီး ၊ မြေးမြစ်များက ဘကြည်နှင့် အမေညွှန့်တို့အား လာရောက်၍ ကန်တော့ကြပါသည်။ ဆွေမျိုးမွေးချင်းများဖြစ်ကြသော မောင် ၊ ညီမ များကလည်း ၄င်းတို့၏ အစ်ကိုကြီး ၊ အစ်မကြီးဖြစ်သော ဘကြည်နှင့် အမေညွှန့်အား အစ်ကိုကြီးတော့ အဖအရာ ၊ အမကြီးတော့ အမိအရာထား၍ လာရောက် ကန်တော့ကြပါသည်။ သီတင်းကျွတ် လပြည့်နေ့ တစ်နေလုံး ဟိုမှ ဒီမှ လာရောက်ကန်တော့ကြသည်ကိုလည်း တွေ့ခဲ့ရပါသည်။ ကံသုံးပါးဖြင့် ပြစ်မှားမိခဲ့သည်များအား ခွင့်လွှတ်ပေးပါရန် တောင်းပန်ကြသည့် အသံ ၊ ခွင့်လွှတ်ပါကြောင်း ယခုလို လိမ္မာသိတတ်သဖြင့် ၀မ်းသာကြည်နူးရပါကြောင်း ၊ ကျန်းမာ ချမ်းသာ ၍ အသက်ရှည် အနာမဲ့စွာ လူ့ဘ၀ကို ဖြတ်သန်းနိုင်ပါစေကြောင်း ဆုပေးသည့် အသံတို့သည် ဘေးကနားထောင်ကြည့်ရှူနေသော ကျွန်တော့်အဖို့ ကိုယ်တိုင် ခံစားနေရသလို ပီတိမျက်ရည် လည်ခဲ့ရပါသည်။

နေ့လည် ထမင်းစားပြီး အချိန်လောက်တွင် ရာသီဥတု ပူသဖြင့် အိမ်အောက်ရှိ ကုတင် တန်းလျားပေါ်တွင် ကျွန်တော်နှင့် ဘကြည် ထိုင်၍ စကားစမြည် ပြောနေကြစဉ် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးသည် အသက်(၁၆)နှစ်အရွယ် သမီးလေးနှင့် (၂)ခွဲ (၃) နှစ်အရွယ် သားလေးအား လက်ဆွဲ၍ အိမ်ထဲသို့ ၀င်လာခဲ့ပါတော့သည်။ သမီးဖြစ်သူ၏ လက်ထဲတွင်မှာတော့ ဘီစကစ်မုန့်ထုပ်ထည့်ထားသော အိတ်တစ်လုံးနှင့် ဖီးကြမ်းငှက်ပျော်သီးတစ်ဖီးကိုကိုင်ဆွဲထား သည်ကို တွေ့ရသည်။ နွယ်နီရွာမှ လာခဲ့ကြသည်ဟု ဆိုသည်။ သမီးလေးက ပြီးခဲ့သည့်နှစ်က ဆယ်တန်းစာမေးပွဲအောင်မြင်ပြီးပြီ ။ သမီးလေးငယ်ငယ်က ဆရာမဖြစ်သော ဘကြည်နှင့် အမေညွှန့်တို့၏ သမီးဖြစ်သူ ဆရာမအား လာရောက်ကန်တော့ကြခြင်းဖြစ်သည် ။ အိမ်အောက် မြေကြီးပေါ်တွင် ထိုင်၍ ကန်တော့ရမည် စိုးသဖြင့် ကျွန်တော်က အစ်မတို့ အိမ်ပေါ်တက်ပါ၊ အောက်မှာ မြေကြီးပေါ်ထိုင်ကန်တော့နေရမှာပေါ့ ဟု ပြောသော်လည်း ရွှံ့ဗွက်ထဲမှလာခဲ့ရသဖြင့် အိမ်ပေါ်သို့ မတက်တော့ပါ ၊ အိမ်အောက် မြေကြီးပေါ်တွင်သာ ထိုင်၍ ကန်တော့ပါတော့မည် ဟု ပြောပါသည်။
သမီးဖြစ်သူက သူမ၏ ဆရာမကို ကန်တော့၊ အမေဖြစ်သူက ဦးလေးနှင့် အဒေါ် အား ကန်တော့နေသော ပုံရိပ်မှာ ကျွန်တော့်မျက်လုံးထဲတွင် ယခုထက်တိုင် ကွယ်ပျောက်သွားခြင်း အလျဉ်းမရှိပေ။ သမီးလေးက မနှစ်က ဆယ်တန်းကို ဂုဏ်ထူး တစ်ဘာသာ ပါ၍ အမှတ်ကောင်းသည်။ သို့သော် စီးပွားရေးမကောင်း၍ မတတ်နိုင်သဖြင့် အဝေးသင်တက္ကသိုလ် ကိုသာ အတက်ခိုင်းရတော့မည်ဟု ကျွန်တော့်အား ပြောပြရှာသည်။ ယခုလည်း မနှစ်က လာရောက်ကန်တော့နိုင်ခြင်း မရှိသဖြင့် ဒီနှစ်တော့ ရှိတာလေးနဲ့ ကန်တော့ဖြစ်အောင် ကန်တော့မည်ဟု ဆုံးဖြတ်ကာ နွယ်နီရွာလေးကနေ နတ်ပေးရွာအထိ လာရောက်ကန်တော့ခြင်း ဖြစ်သည်ဟုလည်း ပြောပြပါသည်။

ထိုသို့ ကျွန်တော်နှင့် ထိုသားအမိ စကားစမြည်ပြောနေစဉ် အိမ်ရှေ့မှ တောင်ဝှေးနှင့်ခါးကုန်းကုန်း အဘိုးအို ဖြတ်လျှောက်သွားသည်ကို မြင်သဖြင့် အမေဖြစ်သူက " ဦး … ဦး … ကန်တော့ပါရစေ ၊ အိမ်ထဲဝင်ခဲ့ပါဦး " ဟု လမ်းဘက်သို့ ထွက်ကာ လိုက်၍ ခေါ်ပြန်တော့သည်။ ခါးကုန်းသဖြင့် တောင်ဝှေးကို အားပြု၍ သွားရသော်လည်း နားကတော့ အင်မတန်လျင်သည်။ မျက်စေ့လည်း ကောင်းသည်။ အဘိုးအို နံမည်က ဘိုးထင် ၊ အသက် က (၈၇) နှစ် ရှိပြီဟု အဘိုးအိုက ကျွန်တော့်ကို ပြောပြပါသည်။ သို့နှင့် ထိုသားအမိ တစ်တွေသည် ဘကြည်နှင့် အမေညွှန့်တို့၏အိမ် ဈေးဆိုင်မှ မုန့်တစ်ထုပ်ဝယ်ယူကာ ဘိုးထင် အား မြေကြီးပေါ်တွင် ထိုင်၍ ကန်တော့ကြပြန်သည်။ အသက် (၈၇)နှစ်အရွယ် ဖြစ်သော ဘိုးထင်၏ ဆုပေးစကားတို့မှာ စုံလင်သည်။ ကန်တော့သည့် သားအမိအား သူပေးသော ဆုနှင့် ပြည့်စုံစေချင်သော စိတ်စေတနာ အပြည့်ပါသည်ဟု ခံစားမိသည်။ ထိုသားအစ်မိနှင့် ဘိုးထင်တို့သည် မည်သို့မျှ သွေးသား တော်စပ်ခြင်း မရှိပါ ။ ဘိုးထင်၏ သီလဂုဏ် ၊ သမာဓိဂုဏ်အား မျှော်မှန်း၍ ကန်တော့ကြခြင်း ဖြစ်သည်။

အသက်(၈၇)နှစ်ရှိပြီ ၊ ဒီအသက်အရွယ်အထိ ဆေးတစ်လုံး မထိုးဘူးသေး။ ဆေးမသောက်ဘူးသေး။ အနာရောဂါ ဟူသမျှ ဘာမှ မဖြစ်ဘူးသေးဟု အံ့သြဖွယ် ကြားသိခဲ့ရသည်။ သီလအားကောင်းလှသော ဘိုးထင်၏ ဘ၀ တစ်စိတ် တစ်ဒေသကိုလည်း သိရှိခဲ့ရသည်။ ဘုရားရှင်လက်ထက်တော်က အနာမဲ့သူ ရှင်ဗာကူ ကို ဖတ်ဖူး ၊ မှတ်ဖူးခဲ့ရသည်။ ယခုအခါတွင် သီလအားကောင်း၍ အသက်ရှည်ပြီး အနာမဲ့သော ဘိုးထင်အား မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရလေပြီ။ ကျွန်တော့်၏ အံ့သြစိတ်တို့က ပြောမပြတတ်အောင်ပင်။ တောသူ တောင်သား ရှေးလူကြီးများမှာ အကုသိုလ် နည်းသည်။ မနာလို ၀န်တိုခြင်း ကင်းသည်။ ဣဿ မစ္ဆရိယစိတ် နည်းပါးသည်။ ဥပုသ် သီတင်းသီလ ဆောက်တည်ကြသည်။ ကံငါးပါးကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံကြသည်။ ထိုကဲ့သို့ သီလ ၊ သမာဓိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ကန်တော့ခွင့်ရသည်မှာ အင်မတန် ကံအကျိုးပေးကောင်းသည်ဟု ဆိုလျှင် လွန်မည်မထင်ပေ။ ထိုသို့သော သီလ ၊ သမာဓိ ၊ သိက္ခာနှင့် ပြည့်စုံသောသူကို ရှိခိုးဦးတင်၍ ကန်တော့ပန်းဆင်သည့်အကျိုးသည်ကား နောင်သံသရာ၌မဆိုထားနှင့် လက်တွေ့ဘ၀တွင်ပင် ကောင်းကျိုးကိုခံစားကြရပေလိမ့်မည်။

လူတစ်ဦးနှင့်တစ်ဦး ရှိခိုးကန်တော့ရသည့် အခြေအနေအမျိုးမျိုးရှိပါသည်။ ကျေးဇူးရှင်မိခင်ဖခင်များဖြစ်သောကြောင့်၊ ပညာသင်ကြားပေးသော ဆရာများ ဖြစ်သောကြောင့် ၊ မိမိအပေါ် ဂုဏ်ကျေးဇူး ရှိခဲ့ဖူးသောကြောင့်၊ သီလဂုဏ် ၊ သမာဓိဂုဏ်နှင့် ပြည့်စုံသောကြောင့် ၊ မိမိ၏ အကျိုးစီးပွားကို မျှော်ကိုးသောကြောင့်၊ ရာထူး ဂုဏ်သိမ် စည်းစိမ် ချမ်းသာကို မျှော်လင့်သောကြောင့် ၊ မိမိကန်တော့နေသည်ကို လူအများမြင်သာအောင် ဓါတ်ပုံရိုက်၍ ပြချင်သောကြောင့်၊ စသဖြင့် သူများကန်တော့၍သာ ထိုင်ကာကန်တော့လိုက်ရသည် ဘာမှန်းမသိသောသူများ လည်း ရှိတတ်ကြပါသည်။ ထိုသို့ အကြောင်းအမျိုးမျိုး ၊ အခြေအနေအမျိုးမျိုးဖြင့် ရှိခိုးဦးတင် ကန်တော့ပန်းဆင်ကြသောအခါ ကန်တော့ခံပုဂ္ဂိုလ်နှင့် ကန်တော့သည့် ပုဂ္ဂိုလ် နှစ်ဦးနှစ်ဖက်အကျိုးရှိမည့် ကန်တော့ခြင်းမျိုးသာလျှင် ဖြစ်သင့်ပါကြောင်း တင်ပြရင်း "ဂုဏ်ကျေးဇူးအား ရှိုခိုးဦးတင် ကန်တော့ပန်းဆင်ကြသည့်အခါဝယ် " ဟူသော ဆောင်းပါးအား နိဂုံးဖြတ်၍ အဆုံးသတ်လိုက်ရပါတော့သည်။ ။
Myanmar Steemit Community
Author @TinMyoAung
MSC(002)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

👍👍👍👍👍

@reported has voted on behalf of @minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond. To be Resteemed to 4k+ followers and upvoted heavier send 0.25SBD to @minnowpond with your posts url as the memo

ဂုဏ်ကျေးဇူးဆိုတာနဲ့တင်
မိဘနှစ်ပါးအားသတိရမိတယ်ဗျာ

Thanks for the perfect post!

Good Post Bro!

Nice post.

ဖတ်​ရတာ အနှစ်​သာရ ရှိပါ​ပေတယ်

သိပ်မှန်တာပေါ့။ မြင်းစီးပြီး အထီး အမမကွဲရင် မဟန်ဖူး

မိဘရဲ့ကျေးဇူးကိုသိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပါ

တကယ်ကိုတန်ဖိုးရှိပါတယ်

Very Good .👍👍👍

ကလေးတွေကို ပြောပြရမယ် ကျေးဇူး

This post has been ranked within the top 80 most undervalued posts in the first half of Oct 08. We estimate that this post is undervalued by $11.66 as compared to a scenario in which every voter had an equal say.

See the full rankings and details in The Daily Tribune: Oct 08 - Part I. You can also read about some of our methodology, data analysis and technical details in our initial post.

If you are the author and would prefer not to receive these comments, simply reply "Stop" to this comment.

ကောင်းပါပေ၏

Very nice bro...Thanks for sharing.

Very nice bro

ရေးသားမှုအားကောင်းလှတယ်ဗျာ
အချိတ်ဆက်မိမိနဲ့ကိုရေးသွားတာ
ကျွန်တော် ခုထိအဲ့လိုမရေးနိုင်သေးဘူး
Good post broရေ့👏👏👏

ကောင်းလိုက်တဲ့ ဆောင်းပါး ညီလေးတင်မျိုးအောင်ရေ။ အညာ လှေ တွေ အကြောင်း ခင်ခင်ထူးရဲ့ ဝတ္ထု တိုတွေမှာ ဖတ်ဘူးတာကြာပြီ။ အခု ညီလေးက ထပ်ရေးပြတော့ မင်ဘူး မကွေး ဘက်မှာ လည်း ဝါဆို ဝါခေါင် လှေ ပြိုင်ပွဲတွေ ရှိမယ်လို့ ထင်ပါတယ်။