ဆွတ်ဆွတ်ဖြူတဲ့ . . .
ရနံ့လေးရေ
မင်းက ဖူးငုံနေဆဲ စပါယ်ရုံလေးဆို
ကိုယ့် အနမ်းနဲ့ ပွင့်လိုက်ရုံ
ကိုယ်က ပွင့်ဝေနေဆဲ စပါယ်ရုံလေးဆို
မင်း နူတ်ခမ်းနဲ့ ခူးဆွတ်ရုံ
ကိုယ့် နှလုံးသားပန်းကြာရုံမှာ
ဖူးပြီးရင် ပွင့်
ပွင့်ပြီးရင် ဖူးရုံပဲ
နွမ်းခြင်း ကြွေခြင်း အလျှင်းမရှိ
တိမ်ပြာပြာလေးတွေရှပ်ပြေးတဲ့ ညနေ
စံပါယ်ရနံ့ထူထူလေး
၈၃ . လမ်းမကြီးပေါ်လွှတ်တင်လိုက်တယ်
အချစ်ရေ
စပါယ်ရနံ့များ
မင်းအား . . သင်းပျံ့ပါစေ
လိပ်ပြာလေးဟာ
မင်းနဲ့ငါ့ကြားက
အထင်ရှားဆုံးအမှတ်အသား
ငါ့ကို
ခဏ ခဏ ကျောခိုင်းထွက်ခွါနေတဲ့
မင့်ဂုတ်ပိုးသားလေးတွေပေါ်က
ဆံနွယ်မျှင်လေးတွေကြား
နှလုံးသားတစ်နွယ်လုံး ငြိငြိနေတော့
ငါ ကိုယ်လွတ်ရုန်းလို့မရဘူး
နှလုံးသားပဋိဥာဉ်စာချုပ်ပါ
တစ်ဦးသဘောတူ အချက်အလက်တွေအရ
ကိုယ့်ဝဲဘက်ရင်အုံက
အသက်ဓာတ်လေးနဲ့
မင့်ပါးပြင်နုနုလေးပေါ်က
သွေးကြောစိမ်းစိမ်းလေးတွေဟာ
ဆတူ အခွင့်အရေးရှိတယ်
မယုံနိုင်ဘူးကွယ် . . .
မျက်စောင်းကွေးကွေးလေးရဲ့
ဒေါသပုန်ထမှုမှာ
ဒလိမ့်ခေါက်ကွေးကျရှုံးခဲ့ဖူးတယ်
မှင်နဲ့မောင်းနဲ့ နှစ်လိုစိတ်က
မင့်အတ္ထုပ္ပတ္တိကို မငြိုငြင်ရက်ခဲ့ဘူး
ငါ့ကို
နောက်ဆုံး
သံယောဇဉ်တွေနဲ့ဖက်တွယ်ထားပေးပါ
ကမ္ဘာကြီးရဲ့
နောက်ဆုံးရသတင်းတွေလည်း ဖတ်ပြမယ်
ငါ့အတွက်
အသက်တစ်အောင့် မေ့ဖို့ထက်
အသက်ထက်ဆုံးသတိရဖို့က ပိုလွယ်တယ်
တကယ်ပါ
ကောင် မ လေး ရယ် . . .
ကိုယ့် နံနက်ခင်းလေးထဲ
တိုးဝှေ့လာတဲ့
တေးသွားလေညင်းလေးဟာ
မင်းနှုတ်ခမ်းပါးလေးပေါ့
မိုးတွေရွာနေပြီ . . . . . .
ကောင်မလေးရေ
ငါ့ရဲ့ အဝေးက
မင်းအကြောင်းတွေ
ရန်ကုန်မိုးလို တစ်စိမ့်စိမ့် စွေ
စိန်စတွေလို
မိုးစက်ပွင့်တွေဟာ
မြက်ခင်းစိမ်းလေးထဲကနေ
ငါ့မျက်လုံးပေါ်ခုန်တက်လာတော့
မင့်မျက်ဝန်းတွေကို စိုးရိမ်မိသေးတယ်
ဘဝမှာ
ဘာမှမလိုတော့ပါဘူး
မင့်ရင်ထဲက မေတ္တာစစ်စစ်နဲ့
အပြုံးစစ်စစ်လေးသာရှိရင် ပြည့်စုံပါပြီ
ဘုရားအဆူဆူပွင့်တဲ့
ဘဒ္ဒကမ္ဘာမှာ
မင်းအပြုံးလေးကိုမော်ဖူးချင်သေးတယ်
ရွက်ဝါ .
မိုးစက် .
နှင်းပွင့် .
ဥတုသုံးမျိုး
သုံးပွင့်ဆိုင်အလွမ်းတွေ ခေါင်းချင်းဆိုင်
ငါ့အိပ်မက်လေး ချမ်းမြေ့ပါစေ
မင်းရှိရင်
ဘာမဆိုဖြစ်နိုင်တယ်
အနော်မာမြစ်ကမ်းကို ကပ်ချင်သလား
ဘဒ္ဒကမ္ဘာကို ဖြတ်ချင်သလား
ဒီဘဝ
နိဗ္ဗာန်ထိအတူမသွားရရင်တောင်
ဘုရားသွားကျောင်းတက်လေးတော့
( အအေးဆိုင် / ကော်ဖီဆိုင်လေးတော့ )
အတူသွားချင်သေးတယ်
@tinmyoaung
Handsome yur' r :p
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit