.ရှားပါးမျိုးစိတ် ဧရာဝတီလင်းပိုင်.
ဤကမ္ဘာပေါ်တွင် ရှင်သန်ကျက်စားနေကြသည့် ရေသတ္တ၀ါများအနက် သွေးနွေးနို့တိုက်သတ္တ၀ါမျိုးစိတ်သည် လင်းပိုင်၊ ဝေလငါး နှင့် ရေ၀က်တို့ သုံးမျိုးသာရှိပြီး ယင်းတို့သည် အများအားဖြင့် ရေငန်ဒေသ၊ ပင်လယ်သမုဒ္ဒရာများတွင် နေထိုင် ကျက် စား လေ့ရှိကြသည်။ လင်းပိုင်မျိုးစိတ် ၃၀ ကျော်ရှိသည့်အနက် ရေချိုဒေသတွင် ကျက်စားသော လင်းပိုင်မျိုးစိတ်သည် သတ္တဗေဒ အခေါ် Orcaella brevirostris ဟူသည့် ဧရာဝတီလင်းပိုင်တစ်မျိုးတည်းသာရှိ သည်။
ဧရာဝတီလင်းပိုင် မျိုးစိတ်ကို ဆာရစ်ချတ်အိုဝင်က ၁၈၅၂ ခုနှစ်တွင် အိန္ဒိယနိုင်င၊ံ အရှေ့ ဘက်ကမ်းခြေရှိ ၀ိစာခပတ်နမ် ဆိပ်ခံတံတား Harbour of Visakhapatnam အနီးတွင်တွေ့ရှိခဲ့ကြောင်း ၁၈၆၆ ခုနှစ်တွင် မှတ်တမ်း တင်ခဲ့သည်။ အင်္ဂလိပ်လူမျိုး သဘာဝ သိပ္ပံပညာရှင် ဂျွန်အန်ဒါဆင်(Naturalist John Anderson) သည် ၁၈၇၁ ခုနှစ် မှ ၁၈၇၉ ခုနှစ်များအတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဧရာဝတီ မြစ်ရိုးတစ်လျောက် သုတေသနခရီး ထွက်ခဲ့စဉ် နှုတ်သီးဝိုင်း၊ မီးခိုးရောင် လင်းပိုင် များကို ဧရာဝတီ မြစ် အတွင်း ပထမဆုံး တွေ့ရှိခဲ့သည်။
အန်ဒါဆင်သည် လန်ဒန်မြို့သို့ပြန်လည်ရောက်သောအခါ သူ၏ တွေ့ရှိခဲ့မှုများကို လန်ဒန်သတ္တဗေအသင်းကြီးသို့ (Description of a new cetacean from the Irrawaddy River, Burma) အမည်ဖြင့် စာတမ်းတစ်စောင်တင်သွင်းခဲ့သည်။ သူ၏ စာတမ်းတွင် သူတွေ့ရှိခဲ့သော လင်းပိုင်များကို ဧရာဝတီလင်းပိုင်ဟု ဖော်ပြခဲ့ရာမှ ယင်းလင်းပိုင်မျိုးစိတ်များသည် ဧရာဝတီ လင်းပိုင် ဟု အမည်တွင်ခဲ့သည်။ထိုအချိန်မှစ၍ အခြားနိုင်ငံများတွင်တွေ့ရှိခဲ့သည့် မျိုးတူလင်းပိုင်များကိုလည်း ဧရာဝတီလင်းပိုင်ဟုပင် ခေါ် ဆိုခဲ့ကြသည်။
မြန်မာနိုင်ငံနှင့် ဧရာဝတီ လင်းပိုင်
ရန်ကုန်တက္ကသိုလ်မှ သမိုင်းပါမောက္ခ လုစ် (G.H Luce) သည် ၁၉၃၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်၌ Ancient Pyu ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ရေးသားခဲ့သည်။ယင်းစာတမ်းတွင် ပျူလူမျိုးများနှင့် ပတ်သက်၍ ရေးသားထားသည့် မှတ်တမ်းတစ်ခုတွင် ဧရာဝတီမြစ်အတွင်းတွေ့ရှိခဲ့သည့် လင်းပိုင်ကို မြစ်ဝက် (River Pig) ဟု ဖော် ပြထား ကြောင်း ကောက်နှုတ်တင်ပြခဲ့သည်။ယင်းအချက်ကိုထောက်ထား၍ ဧရာဝတီလင်းပိုင်များသည် မြန်မာနိုင်ငံအတွင်း ပျူလူမျိုး များ ရှိခဲ့သည့် လွန်ခဲ့ သော နှစ် ၁၀၀၀ ကျော်ကတည်းက ဧရာဝတီမြစ်အတွင်း ရှိနေခဲ့ကြောင်းသိရှိနိုင်ခဲ့သည်။
ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင်သာမက အိန္ဒိယနိုင်ငံ ၊ သြရိသ ပြည်နယ် ပင်လယ်ကမ်းအနီးရှိ ချီလ်ကာ ရေအိုင် (Chilka Lagoon)၊အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ မဟာကန်မြစ်(Mahakan River)၊ ထိုင်းနိုင်ငံရှိ ဆွန်ကလာရေကန် (Songkla Lake) နှင့် မဲခေါင်မြစ်အတွင်း၌လည်းတွေ့မြင်နိုင်သည်။
အန်ဒါဆင်က ဧရာဝတီလင်းပိုင်များကို ရေနံချောင်းနှင့်ဗန်းမော်မြို့အကြားတွင် တွေ့ရှိခဲ့ရကြောင်း မှတ်တမ်းတင်ခဲ့သော် လည်း ယခုအခါတွင် ဧရာဝတီလင်းပိုင်များကို မင်းကွန်းအထက်ပိုင်း ဧရာဝတီ မြစ်ရိုးတွင်သာ တွေ့ရှိနိုင်ပေသည်။
ဧရာဝတီမြစ်သည် မင်းကွန်းမှ ဗန်းမော်အကြား ၂၇၅ မိုင် ရှည်လျားပြီး ထိုနေရာတစ်လျောက်ကို ငါးလုပ်ငန်းဦးစီး ဌာန နှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့က ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး နယ်မြေအဖြစ် အပိုင်း ခြောက် ပိုင်း ခွဲခြား သတ်မှတ်ထားရာ (၁) ဗန်းမော် အထက်ရှိ မြစေတီရွာမှ စင်ခန်းအထိ၊ (၂) စင်ခန်းမှ ရွှေကူ မြို့အနီး ဒုတိယ မြစ်ကျဉ်း အထိ၊ (၃) ဒုတိယ မြစ်ကျဉ်းမှ တကောင်းအထိ၊ (၄) တကောင်းမှ စမ္ပနကို အထိ၊ (၅) စမ္ပာ နကိုမှ ကျောက်မြောင်း၊တတိယ မြစ်ကျဉ်းအထိ ၊ (၆) ကျောက်မြောင်းမှ မင်းကွန်းအထိ ဖြစ်သည်။
ယင်းအပိုင်း ခြောက်ခုအနက် ကျောက်မြောင်းနှင့် မင်းကွန်းအကြားတွင် ဧရာဝတီ လင်းပိုင်များ အများဆုံးနေထိုင်ကျက်စား ကြပြီး ထိုနေရာတစ်ဝိုက်တွင် လင်းပိုင်အရေအတွက် အကောင် ၂၀ မှ ၂၃ ကောင်အထိ အမြဲ နေထိုင်လျက်ရှိ သည်။ ထို့ကြောင့် ၄၆ ဒသမ ၂၅ မိုင်ရှည်လျားသော ကျောက်မြောင်းနှင့်မင်းကွန်းအကြားနယ်မြေ အမှတ် (၆) ကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး အဓိက ဧရိယာ အဖြစ်သတ်မှတ်ကာ ဧရာဝတီလင်းပိုင်များအား စောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိသည်။
လင်းပိုင်နှင့် ရေလုပ်သားများ
ကမ္ဘာကျော်ရေချိုလင်းပိုင်များကျက်စားသည့် နေရာအဖြစ်တင်ရှားသည့် ဧရာဝတီမြစ်၏ မင်းကွန်းနှင့်ကျောက်မြောင်း အကြား အစိတ်အပိုင်းအတွင်း နေထိုင်ကျက်စားကြသည့် လင်းပိုင်များတွင် အလွန် ထူးခြားသော စရိုက်လက္ခဏာများ ရှိနေ ကြ သည်။ ယင်းတို့သည် ဒေသနေ ရေလုပ်သားများငါးရှာရာတွင် အကုအညီပေးလ့ရှိကြပြီး ထူးခြားသည့် ယင်းဓလေ့ကို ကြည့်ရှု ရန် လင်းပိုင် ချစ်သူများ လာရောက်လေ့ရှိကာ စိတ်ဝင်စားဖွယ်လင်းပိုင်ကြည့် ခရီးသွားလုပ်ငန်းတစ်ခု ပေါ်ထွန်းလာခဲ့သည်။
မင်းကွန်းနှင့် ကျောက်မြောင်းအကြားတွင် ရေလုပ်ငန်းဖြင့် အသက်မွေးကြသည့် ရွာ ၁၀ ရွာ ရှိသည့်အနက် ဆင်ကျွန်း၊ အေးကျွန်း၊စိန်ပန်းကုန်း၊မြစ်ကမ်းကြီး၊ဟင်္သာမ၊ဆယ်သည်နှင့်မြေစွန်းရွာများမှ ရေလုပ်သားများသည် လင်းပိုင်များအကူအညီဖြင့် ငါးရှာကြခြင်းသည် စိတ်ဝင်စားဖွယ်ကောင်းလှသည်။
တံငါ လှေတစ်စီးတွင် ရေ လုပ်သားနှစ်ဦးလိုက်ပါလေ့ရှိကာ တစ်ဦးက လှေနောက်ပိုင်းတွင် ထိုင်လျက် လှေကို လှော်ခတ်ပြီး ကျန်တစ်ဦးက လှေ ဦး တွင် ရပ်ကာ ကွန်ပစ်လေ့ရှိသည်။လှေကို လှော်ခတ်လာသူသည် လှော်တက်အတိုတစ်ချောင်းနှင့်အရှည်တစ် ချောင်းယူဆောင်လာလေ့ရှိပြီး လှော်တက်အတိုက လှေကို လှော်ခတ်ရန်ဖြစ်ပြီး လှော်တက်အရှည်က လှေလှော်ခတ်၍မရသည့် သောင်စပ်၊ ရေတိမ်ပိုင်းနှင့်မြစ်ကမ်းအနီးတွင် ထိုးဝါးအဖြစ် အသုံး ပြုရန်ဖြစ်ပေသည်။
လင်းပိုင်များနှင့်အတူ ငါးရှာထွက်သည့်လှေတွင် တက်မကိုင် ရေလုပ်သားသည် လှော်တက် နှစ်ချောင်းအပြင် တစ်ပေ ၀န်း ကျင်ရှည်သည့် သစ်သားတုတ်တိုလေး တစ်ချောင်းကိုလည်းယူဆောင်လာလေ့ရှိသည်။တုတ်တိုလေးသည် ခေတ်ပေါ် တီးဝိုင်း များတွင် ဒရမ် တီးသည့် တုတ်တံလေးနှင့် ပုံသဏ္ဍာန်တူကာ အရင်းတွင် ကျပ်လုံးခန့်တုတ်လျက် အဖျားပိုင်းသို့ ရှူးနေသည်။
ရေလုပ်သားများသည် ဧရာဝတီ မြစ်ရိုးတစ်လျောက် အုပ်စုဖွဲ့ကာ သွားလာနေလေ့ရှိသည့်လင်းပိုင်များ ရှိရာနေရာကို လှေ တစ်စီး ဖြင့်လိုက်လံရှာဖွေကြကာ မြစ်ကမ်းဘေးနှင့် မြစ်လယ်သောင်ကျွန်းများတွင်ရှိသည့် ယာသမားများကို မေးမြန်းကြသည်။ လင်းပိုင်များသည် ရေနေ နို့တိုက် သွေးနွေး သတ္တ၀ါများဖြစ်ကြသဖြင့် ရေအောက်တွင် အချိန်ကြာမြင့်စွာမနေကြဘဲ ရေပေါ် သို့ ခေါင်းဖော်က လေရှူတတ်ကြသောကြောင့် လင်းပိုင်များ ရောက်ရှိနေသည့် နေရာကို မြစ်ကမ်းပေါ်မှ လူများက မြင်နိုင် သိနိုင်ကြ သည်။ လင်းပိုင်များသည် လေရှူပြီးနောက် ခေါင်းဖော်၍ ရေများကိုမှုတ်ထုတ် ကြသဖြင့် ရေလုပ်သားများသည် မိမိတို့၏ လုပ်ဖော် ကိုင်ဖက် လင်းပိုင်များကို အဝေးမှပင် တွေ့မြင်နိုင်ကာ မှတ်မိနေကြသည်။
ရေလုပ်သားများသည် လင်းပိုင်များကို တွေ့လျှင် ယင်းတို့ နှင့်အနီးဆုံးနေရာသို့ လှေကို လှော်ခတ်သွားကြပြီးအဖျား ရှူး တုတ်တိုလေးကို အရင်းမှကိုင်ကာ အဖျားဖြင့် လှေနံရံအား စည်းချက်ညီ ရိုက်ပေးလေ့ရှိသည်။ လှေ နံရံ ကို ရိုက်ခတ်သဖြင့် ထွက် ပေါ် လာသောတုန်ခါမှုကို လင်းပိုင်များကသိရှိကြသည်။ယင်းတို့သည် ရေပြင်ကို ဖြတ်သန်းလာသော တုန်ခါမှုလမ်းကြောင်းအတိုင်း ကူးခတ်လာကြကာ လှေနှင့်မနီးမဝေးသို့ နှစ်ကောင်မှ ငါးကောင်အထိ အုပ်စု ဖြင့်ရောက်ရှိလာလေ့ရှိသည်။
လင်းပိုင်အုပ်စုထဲမှ ခေါင်းဆောင်ဟု ယူဆရသည့် လင်းပိုင်သည် ယင်း၏ ဦးခေါင်းပိုင်းကို ရေပေါ်သို့ ဖော်၍ အမြီးကို ထောင်ပြလိုက်ခြင်းသည် ငါးဖမ်းရန် အချက်ပေးခြင်းဖြစ်ပေသည်။ ခဏအကြာတွင် လင်းပိုင် က အမြီးကို အပြားလိုက် ရေပေါ် သို့ထောင်ထားပြီး အထက်အောက်လှုပ်ကာ ရေပြင်ကို ရိုက်လိုက်ပါက သူ့ နောက်သို့ လိုက် ခဲ့ရန် ခေါ်ခြင်း ဖြစ်ကြောင်း ရေလုပ် သားများက နားလည်ကြပြီး လင်းပိုင် ကူးခတ် သွားသည့် နောက်သို့လှေဖြင့် လိုက်သွားကြ ရ ပေသည်။
လင်းပိုင်တို့၏ အချက်ပြမှု များသည် ရေ လုပ်သားများနှင့် လင်းပိုင် တို့ အချင်းချင်း နားလည်ကြသည့် ဆက်သွယ်မှု သင်္ကေတများအဖြစ် ထူးခြားလှသည်။ လင်းပိုင်က ရေအောက်တွင် ငါးများ ကို တွေ့နေသဖြင့် ကွန်ပစ်ရန် အချက်ပေး သည့် အနေဖြင့် အမြီးကို ရေပြင်ပေါ်တွင် မတ်နေအောင် ထောင်ပြလေ့ရှိသည်။ထိုအချိန်တွင် လှေဦးတွင် လိုက်ပါလာသူက မတ်တတ်ရပ် ကာ ကွန်ကို ရေထဲသို့ ပစ်ရန် ပြင်ရသည်။
အမြီးကို ရေပေါ်တွင် ထောင်ထားသော လင်းပိုင်ခေါင်းဆောင်သည် စက်ဝိုင်းခြမ်းပုံသဏ္ဍာန် ရွေ့လျားကူးခတ်နေ ခြင်းသည် ရေအောက်ထဲတွင်ရှိနေသော ငါးများကို စက်ဝိုင်းပုံလှည့်ပတ်၍ တစ်နေရာတည်းတွင် စုမိစေရန် မောင်းသွင်း နေ ခြင်းဖြစ်သည်။ ကျန်သော လင်းပိုင်များက ငါးများပြန့်ထွက်မသွားစေရန် ၀ိုင်းပတ်ထားသည်။ ယင်းသို့ ပြုလုပ် ခြင်းကို လင်းပိုင်များ ငါးခြောက်၊ ငါးစု၊ ကွန်ချက်ပြခြင်းဟုဆိုကြသည်။ ဒေသ အခေါ် အရ “စီးခို” ဖြစ်သည်။ လင်းပိုင်များ စီးခိုလေ့ရှိသည့် နေရာများသည် ရေ လယ်ခေါင်တွင် ထွန်းနေသော ရေလက်ကြားနေရာများ၊ ဧရာဝတီ မြစ်ရေစီးကြောင်း ကွေ့ဝိုက်စီးလေ့ရှိသည့် သောင်ကွေ့ နေရာ များနှင့် ရေတိမ်နေရာများ ဖြစ်ကြသည်။
ရေအောက်တွင် ငါးးများစုမိလျှင် လင်းပိုင်သည် အမြီးကို ရေပေါ်တွင် မတ်နေအောင်ထောင်ပြပြီး ဘယ်ညာ ယိမ်းပြ မည် ဖြစ်ပြီး ထိုအချိန်တွင် ရေလုပ်သားက ကွန်ကို ပစ်ရသည်။ ရေပေါ်သို့ ၀ဲပျံကျသွားသည့် ကွန်အတွင်းမိသွားသည့်ငါးများ ကို လင်းပိုင် များက စားလေ့မရှိဘဲ ပိုက်ကွန်အပြင်တွင်ပြေးလွှားနေကြသည့်ငါးများကိုဖမ်းယူစားသောက်ကြသည်။ နှုတ်ခမ်းသား အဖျားတွင် ခဲသီးများတပ်ထားသည့် ပိုက်ကွန်သည် ရေထဲသို့ အ၀ိုင်းလိုက် ကျသွားရာ ပိုက်ကွန် နှုတ်ခမ်း အပြင် မှ ငါးများသည် လင်းပိုင် အတွက် ၊ ကွန်အတွင်းမှငါးများသည် ရေလုပ်သားအတွက်ဟု ပိုင်းခြားထားကြောင်း လူနှင့်လင်းပိုင် တို့ သဘောတူညီထား သည့် အလား ထူးခြားလှပေသည်။ပိုက်ကိုဆွဲတင်လိုက်ချိန်တွင် ပိုက်အတွင်းပါမလာသည့်ငါးများသည် လင်းပိုင် တို့၏အစာ ဖြစ် သည်။ ကွန်၏ အောက်ခြေ မြစ်ကြမ်းပြင်တွင်ကပ်နေသည့် ငါးများကိုလည်း လင်းပိုင်များက ဖမ်းယူ စားသောက်ကြသည်။
ရေလုပ်သားနှင့် လင်းပိုင်တို့ အကျိုးတူ ငါးဖမ်းလုပ်ငန်း ဆောင်ရွက်နေသည့်အတွက် လင်းပိုင်တို့သည် ကွန်အတွင်း သို့ ငါးအပါ များသည့် ရေနက်ပိုင်းတွင် ကွန်ချက်ပြလေ့မရှိကြပါချေ။ယင်းတို့အတွက် ဝေစု များများရ နိုင်သည့် ရေတိမ် ပိုင်း နေရာများ တွင်သာ ကွန်ချက်ပြလေ့ရှိသည်မှာ ဧရာဝတီလင်းပိုင်တို့၏ ထူးခြားဆန်းကြယ်သည့် ဥာဏ်စွမ်းရည်ဟု ဆို နိုင် ပေသည်။
လင်းပိုင်များ ထိန်းသိမ်းစောင့်ရှောက်ရေး
ဧရာဝတီလင်းပိုင်များသည် ပျမ်းမျှအလေးချိန်သည် ပေါင် ၂၀၀ မှ ၄၀၀ အတွင်းရှိပြီး သွား ၁၂ ချောင်းမှ ၁၉ ချောင်းအထိ ရှိသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည်ခုနစ်ပေ ကျော် ရှည်လျားကြကာ လုံးပတ် လေးပေကျော်ရှိကြသည်။ ထိုင်းနိုင်ငံတွင်တွေရှိခဲ့သည့် ဧရာဝတီ လင်းပိုင် အထီးတစ် ကောင်သည် အလျား ကိုးပေ အထိ ရှည်လျားခဲ့သည်။
ယင်းတို့သည် အသက် နှစ် ၃၀ အထိ ရှင်သန်နိုင်ကြပြီး ခုနစ်နှစ်မှ ကိုးနှစ် အရွယ်တွင် မျိုးပွားနိုင်ကြသည်။ကိုယ်ဝန်ဆောင် ချိန်မှာ ၁၄ လ ဖြစ်ပြီး တစ်ကြိမ်လျှင် တစ်ကောင်သာ သားပေါက်ကြသည်။ တစ်နာရီအတွင်း ၁၂ မိုင်မှ ၁၄ မိုင်အထိ ကူးခတ်နိုင်ကြ ကာ ၆၀ ကီလိုဟာ့ဇ် ရှိသော အသံလှိုင်းကိုကြားသိ ကြသည်။
ယခုအခါတွင် ကမ္ဘာတစ်ဝန်း၌ ဧရာဝတီ လင်းပိုင်ကောင်ရေ ၇၀၀၀ မျှသာ ကျန်ရှိရာ မြန်မာ၊ထိုင်း၊ဖိလိပိုင်၊ အငိးုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင်သာမြင်တွေ့နိုင်တော့ကြောင်းသိရှိရပေသည်။ တစ်စတစ်စ အရေအတွက် နည်းပါးလာ ပြီဖြစ်သည့် ဧရာဝတီ လင်းပိုင်များအား ကာကွယ်စောင့်ရှောက်မှုပြုရန် နိုင်ငံအသီးသီးက ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံကလည်း ဧရာဝတီလင်းပိုင်များကို ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်း၊ ဘက်ထရီ ရှော့တိုက်ခြင်းများ မရှိစေရန် ကြပ်မတ် ဆောင် ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရှိ ဧရာဝတီလင်းပိုင်များနှင့် ရေလုပ်သားများနှင့် ပူးပေါင်း ငါးရှာကြ ပုံကို ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ် များတွင် ဂျပန်နိုင်ငံမှ (NHK) သတင်းဌာနနှင့် ဂျာမနီ နိုင်ငံ ရုပ်သံဌာနများက လာရောက်ရိုက်ကူး ထုတ်လွှင့်ပြသခဲ့သဖြင့် ကမ္ဘာအနှံ့ ထင်ရှား ခဲ့ သည်။ နိုင်ငံတကာမှ လင်းပိုင်ချစ်သူများ၊ လေ့လာစောင့်ကြည့်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုလေ့ရှိနေကြသည်။ ဧရာဝတီမြစ်အတွင်း အစုန်အဆန်သွားလာနေကြသည့် အပျော်စီး သဘောင်္များတွင်လိုက်ပါလာကြသည့် ကမ္ဘာလှည့်ခရီး သည်များ သည် ဧရာဝတီ လင်းပိုင်များကို မြင်တွေ့၊မှတ်တမ်းတင်လေ့ရှိကြသည်။ ထူးခြားသည့် လင်းပိုင်မျိုးစိတ် တစ်ခုဖြစ်သည့် ဧရာဝတီ လင်းပိုင်များကို စောင့်ရှောက်မှုပြုခြင်းဖြင့် လင်းပိုင်ကြည့် ခရီးသွား လုပ်ငန်းသည် ယခုထက် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပေသည်။
တစ်ချိန်က အကောင်ရေများစွာ ရှိနိုင်ခဲ့သည့် ဧရာဝတီ လင်းပိုင်များသည် ၂၀၁၄ ခုနှစ် စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ကောင်ရေ ၇၀ ၀န်းကျင်သာ ကျန်ရှိတော့ပေသည်။ ရေလုပ်သားများနှင့်အတူ ငါးရှာ၊ငါးဖမ်းကြသည့် ဧရာဝတီ လင်းပိုင်များ မျိုးတုံး ပျောက် ကွယ်သွားခြင်းမှ ကာကွယ်ရန် ဆောင်ရွက်နေချိန်တွင် ဒေသခံများသည် ဧရာဝတီ လင်းပိုင်များအပေါ် တန်ဖိုးထား ချစ် မြတ်နိုး ကြရန်လိုအပ်လှပေသည်။
ဧရာဝတီ လင်းပိုင်ဟု ဂုဏ်ယူဖွယ် တည်ရှိနေသည့် ရေသတ္တ၀ါများအား ၀ိုင်းဝန်းစောင့်ရှောက်ကြခြင်းဖြင့် မြန်မာနိုင်ငံရှိ ရှားပါး လင်းပိုင်မျိုးစိတ်တစ်ခုကို ပြည်သူများက တန်ဖိုးထား ထိန်းသိမ်းထားသင့် ကြပါပေသည်။
Credit to
Keep sharing what you can.
Submit
သတင်းအချက်အလက်များအတွက်ကျေးဇူးတင်ပါတယ်။ ငါကရေးသားဖို့ခက်ပါပြီရမယ်ငါသိ၏။ ငါဘာသာပြန်များများအတွက်တကယ်ကျေးဇူးတင်တယ်။ ငါသည်သင်တို့ကြောင့်ထိုသို့ပြု၏မှတ်ချက်ကိုဖတ်ခြင်းနှင့်ရေးသားဖို့နိုင်ခဲ့သည်။ ကောင်းသောနေ့တစ်နေ့ဖြစ်ပါစေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit