ကျနော်နှင့် ဖြစ်ခဲ့ဖူးသော အူအတက်ရောင်ခြင်း (အပိုင်း၁) Appendix Pain (Part 1)

in myanmar •  7 years ago 

အရင်ဦးဆုံးပြောကြားရမှာကတော့ ကျနော်ဆရာဝန်တစ်ယောက်မဟုတ်ပါဘူး။ ကျနော့်လွန်ခဲ့တဲ့ ၁၄.၁.၂၀၁၈ ည ကဖြစ်ခဲ့တဲ့ အူအတက်ရောင်ခြင်း အကြောင်းအရာလေးကို ဗဟုသုတအနေနဲ့ဖော်ပြချင်တာပါ။ မိတ်ဆွေတို့ မဖြစ်ဖူးခဲ့ရင်လဲ ကြိုတင်ကာကွယ်လို့ရအောင် ပြောကြားချင်တာပါ။

အချိန်ကနံနက်စောစော ၇ နာရီ လောက် ကျနော်စားနေကြ အားလူးပူတီ ကို အမျိုးသမီးအား သွားဝယ်ခိုင်းဖြစ်ပါတယ်။ တစ်ခါ စားရင်လဲ အာလူးပူတီ လေးချပ်စားဖြစ်ပါတယ်။ သူသွားဝယ်နေတဲ့အချိန်မှာဘဲ လုပ်နေကြအလုပ်ဖြစ်တဲ့ Mobile Legend Game ကို သည်းကြီးမဲကြီး ဆော့ပါတယ်။ အမျိုးသမီး ပူတီဝယ်ယူပြီး လာကျွေးချိန်မှာ လေးချပ်လုံး ကုန်အောင်စားပြီး အိပ်နေရင်းနဲ့ Game ကို ပြန်ဆော့ ပါတယ်။ ကျနော်ဂိမ်းဆော့ရင် ကွမ်းယာကလဲ ဝါးတတ်တော့ ဘေးမှာရှိတဲ့ ၅၀၀ ဖိုးကွမ်းထုတ်ကို အိပ်ရင်း ကွမ်းဝါးရင်း ဆက်ဆော့ဖြစ်ပါတယ်။ ကျနော်ဂိမ်းဆော့ ရင်အနည်းဆုံး လေး ငါး နာရီ အဲ့ထက်လဲပိုကြာရင်ကြာလေ့ရှိပါတယ်။ လမ်းထမလျှောက်ဖြစ်ပါဘူး။ အဲ့နေ့က မှောက်အိပ်ပြီးဆော့လိုက် ပက်လက်အနေအထားဆော့လိုက်နဲက ဆော့လာတာ ၁၂ နာရီ ထိုးတော့ ဗိုက်ကနည်းနည်းစအောင့်လာတယ်။ ဒါကပုံမှန်ဖြစ်တာပါဆိုပြီး ကွမ်းလေးထပ်ဝါးပြီး ထပ်ဆော့ဖြစ်ပါတယ်။ အမေကတော့ ထမင်းစားဖို့ လှမ်းခေါ်ပါတယ်။ ဂိမ်းဆော့လို့ကောင်းနေရင် ထမင်းဆိုတာ ကျနော်မစားဖြစ်ဖူးဗျ။

အဲ့လိုဘဲဗိုက်အောင့်ရင်းနဲ့ဆော့လာတာ ၄ နာရီထိုးသွားတယ်။ အော်ငါထမင်းစားမှဖြစ်မယ်ပေါ့ ဗိုက်ကလဲအောင့်နေပီ ဆိုတော့ အောက်မှာရှိတဲ့ ထမင်းကို ကြောင်စာလောက်ဘဲစားဖြစ်ပါတယ်။ အမေ့ကိုတော့ပြောဖြစ်တယ် အမေ သားဗိုက်အောင့်တယ်ပေါ့။
အမေကလဲ ထမင်းမှမစားတာဖြစ်မှာပေါ့ဆိုပြီးပြောတယ်။ စားပြီးတာနဲ့ ချက်ချင်းအပေါ် ပြန်တက်ပြီး ဗိုက်အောင့်အောင့်နဲ့ ဂိမ်းကိုပြန်ဆော့ တယ် ဇွဲကောင်းတာကိုးဗျ။

ညဘက် ၇ နာရီကျတော့ အဆက်မပြတ် အောင့်လာတယ်ဗျ ချွေးပါပြန်လာတယ်။ အစာမကြေဘဲ ပူတီကဗိုက်ထဲမှာ ရှိနေတာကြောင့်ဆိုပြီး အန်ချင်သလိုဖြစ်တယ်။ နောက်လက်လေးထိုးလိုက်တာ နည်းနည်းအန်ထွက်သွားတယ်။ ဒါပေမယ့် မသက်သာဘူးဗျ။ အဲ့ဒါနဲ့ အောက်ဆင်းပြီး အစာမကြေဘူးထင်လို့ အစာကြေအောင်ဆိုပြီး အစာကြေဆေးလိုက်ရှာ စားတယ်။ အဲ့ဒါလဲမရဘူး အောင့်မြဲအောင့်နေတယ်။ နောက်ဆုံးမခံစားနိုင်လို့ ဆေးခန်းပြမယ်ဆိုပြီး ရပ်ကွက် ဆေးခန်းတစ်ခုမှာပြဖြစ်တယ်။
အောင့်ပါတယ်ဆိုမှ ရှေ့ကလူနာတွေ ရှိနေတော့ အံကျိတ်ပြီး သူ့တို့အပီးကိုစောင့်နေရတယ်။ ကိုယ့်အလှည့်ရောက်တော့ ကုတင်ပေါ်လှဲပြီး ဆရာမ သားဗိုက်အောင့်တယ်ပေါ့။ ဆရာမက နားကြပ်လေးတပ်ပြီး စစ်ဆေးပေးတယ်။ ညာဘက်အောင့်တယ်ပေါ့။ ဒါဆို အူအတက်နေရာဆိုတော့ Ultrasound ရိုက်မှရမယ် ဆရာမကပြောတယ်။ မြေနီကုန်းမှာနေတာဆိုတော့ မဟာမြိုင်နီးတယ်လေ။ ဆရာမကရိုက် ကမယ့် အကြောင်းအရာလေးကိုစာရွက်လေးနဲ့ရေးပေးတယ်။ နောက်မှဆရာမကသတိရတယ် Ultrasound ဆရာဝန် ရှိမရှိ ဖုန်းဆက်ကြည့်ပေါ့။ ကျနော်ကလဲ ဗိုက်ကအတော်အောင့်နေတော့ လမ်းကမလျှောက်နိုင်တော့ဘူးလေ။ ဖုန်းဆက်ကြည့်တော့ မဟာမြိုင်မှာ ဆရာဝန် မရောက်သေးဘူးဆိုတော့ အဆင်မပြေဘူးလေ။

အမေ့ကိုပြောတယ် အမေသားတော့မရတော့ဘူး အရမ်းအောင့်နေပြီ။ လူကလဲ ထမင်းမစားတဲ့ရက်တွေများတော့ အားကလဲ မရှိဘူး တစ်ချက်တစ်ချက် လွတ်ချင်နေတယ်လို့ မနည်းထိန်းထားရတယ်လို့ ပြောလိုက်တယ်။ အမေကစိတ်ပူပြီး အဖေ့ဆီဖုန်းဆက်ခေါ် ကားယူပြီး ဆေးရုံသွားမယ် အာရှတော်ဝင်ဆီကို။ ဖုန်းကတော့ အာရှတော်ဝင်ဆီကို ဆရာဝန်ရှိမရှိ ကြိုမဆက်ဖြစ်လိုက်ဘူးရယ်။ အာရှတော်ဝင်ဆီ အဖေကတန်းမောင်းတယ်။ ကားပေါ်မှာပါလာတဲ့သူတွေကတော့ လေးယောက်ဗျ။ အဖေရယ်အမေရယ်ညီမလေးရယ် ဗိုက်အောင့်နေတဲ့ ကျနော်ရယ်ပေါ့။ အမျိုးသမီးက အလုပ်မဆင်းသေးတော့ ဘာမှမသိသေးဘူး။
ကားပေါ်မှာလဲ အဖေနဲက အမေက စကားများကြတယ်။ အဖေကညပိုင်းဆိုသောက်တတ်တယ်။ အဲ့သောက်တာကိုအမေကမကြိုက်ဘူး။ အဖေကလဲ မသောက်ထားရင် ငြိမ်ချက်ကကျောက်ရုပ်လားအောင့်မေ့ရတယ်။ အဲ့ညကသောက်ထားတော့ အမေနဲက အဖေ ကားပေါ်မှာဆူညံနေတာဘဲ ကိုယ်ကလဲ ဗိုက်ကအောင့်နေတော့ စကားတောင်ကျယ်ကျယ် ပြောမရဘူး။

ဒါနဲ့ အာရှတော်ဝင်ဆီရောက်တယ် အထဲဝင်တယ်။ Ultrasound ရိုက်ချင်လို့ပေါ့ ဆရာဝန်ရှိလားမေးတယ်။ Reception က အမကအေးဆေးဘဲ ဖုန်းပြောနေတယ် မသိသလိုဘဲ သူဖုန်းပြောအပြီးကို မနည်းစောင့်လိုက်ရတယ်။ ပြီးတော့ မှ ဆရာဝန်အချိန် တော့ ရောက်နေပြီတဲ့ ဆရာဝန်ကမလာသေးဘူးပြောတယ်။ အမေကခဏစောင့်မလားတယ် ။ စောင့်မယ်ဆိုပြီး ခုံတန်းလေးမှာထိုင် ရင်း အမေ သားမရတော့ ဘူး တစ်ခြားဆေးရုံသွားရအောင်လို့ပြောတယ်။ အဲ့ဒါနဲ့ အပြင်ပြန်ထွက်ပြီး အဖေ့ကားရပ်ထားတဲ့နေရာကိုလိုက်ရှာရင် အမေ မိုင်လို သောက်ချင်တယ်ပေါ့။ ၄ နာရီက စားထားတာ ဗိုက်ထဲမှာဘာမှမရှိဘူးရယ်။
ဝယ်လာပေးတယ်။ကားပေါ်ပြန်ရောက်တယ်။ ဘယ်သွားကြမလဲ ဗိုက်ကလဲတော်တော်အောင့်နေတာနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မှာ အရေးအပေါ်လူနာအနေနဲ့သွားမယ်ဆိုပြီး မိသားစု ကားနဲ့ ချီတက်ကြတယ်။ ကားကိုလဲ အဖေကအမြန် မောင်းရတာပေါ့။တစ်ခုတော့ ရှိတယ် အဖေဘယ်လောက်သောက်ထားသောက်ထား ကားပြီးတယ်လို့ပြောရမလား။ ကားမောင်းမှာ သူက Expert ဗျ။အဲ့လိုနဲကမောင်းလာတာ ရန်ကုန်ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနရဲ့ စင်ဝင်အောက်ကိုရောက်လာခဲ့တယ်။

ကျနော့်ရဲ့ ဖြစ်ခဲ့ဖူးသော အူအတက်ရောင်ခြင်းကို ဒီနေရမှာ ခဏရပ်နားပါရစေဗျာ။ Myanmar Steemit User များနှင့် ဖတ်ရူ့သူအားလုံးကို အထူးကျေးဇူးတင်ရင်း အောင်မြင်သောနေ့တွေဆီရောက်ပါစေလို့ဆုတောင်းပေးပါတယ်။

appendix-marochkina-anastasiia-opener.jpg

RSM-13
Credit Image: Google
Author:Shwe Aung Khant
@zayyarwin
Myanmar Steemit

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good

2vote+2comment
@mr-tuntunwin
@mghan

DINE