လက်​တွဲများခိုင်​မြဲကြပါ​စေsteemCreated with Sketch.

in myanmar •  8 years ago 

လက်မထပ်ခင် မေမေက သမီးကို ပြောတယ်။

ဒေါသထွက်တဲ့အခါ ရန်မဖြစ်ပါနဲ့၊ သူနဲ့ စကားမပြောလို့ရတယ်.. သူ့အင်္ကျီ မလျှော်ပေးလို့ရတယ်၊ ဒါပေမယ့်သူနဲ့ရန်မဖြစ်ရဘူး။

မေမေက ပြောတယ်။ ယောက်ျားနဲ့စကားများ ရန်ဖြစ်ပြီး တစ်ယောက်တည်း အိမ်ပြင်မထွက်သွားပါနဲ့။ သူတစ်လှမ်းနောက်ဆုတ်ရင် နင်နှစ်လှမ်းရှေ့တိုးပါ။

မေမေက ပြောတယ်။ အိမ်က မိမိရဲ့အလုံခြုံဆုံးနေရာပါ။ ဘာကိစ္စပဲဖြစ်ဖြစ် မထွက်ခွာသွားပါနဲ့၊ ပြန်လာတဲ့လမ်းက ခက်ခဲလို့ပါ။

မေမေက ပြောတယ်။ နှစ်ယောက်အတူနေတဲ့နေရာမှာ မျက်နှာက လိုလို့လား။ မျက်နှာလိုချင်ရင် အစောကြီးထဲက မယူခဲ့နဲ့ပေါ့။

မေမေက ပြောတယ်။ ဘယ်လောက်ပဲ ပိုက်ဆံချမ်းသာတဲ့ ယောက်ျား ဖြစ်နေပါစေ။ အိမ်ပြန်လာရင် မိမိကို စောင့်မျှော်နေတဲ့ ဇနီးတစ်ယောက်ကိုတောင့်တတာ အမှန်ပဲလေ။

မေမေက ပြောတယ်။ ယောကျာ်းကောင်းက ရှိတာဟုတ်တယ်။ ဒါပေမယ့် အခုခေတ်က သူ အခြားမိန်းကလေးကိုသွားမဖက်ရင်တောင် အခြားမိန်းကလေးက သူ့ကိုအရင်လာဖက်သွားမှာ။

မေမေက ပြောတယ်။ အခုခေတ်မှာ မိန်းကလေးလည်း အပြင်မှာ အလုပ်ထွက်လုပ်သင့်တယ်။ နည်းနည်း များများ အိမ်အတွက်ပဲလေ။ ရတာလေးနဲ့ ကိုယ်ကြိုက်တဲ့ အိမ်ထောင်ပရိဘောဂဝယ်၊ ကိုယ်ကြိုက်တာ ဝယ်စားပေါ့။ အနည်းဆုံးတော့ ယောက်ျားဆီက ငါနင့်ကိုရှာကျွေးနေရတာဆိုတဲ့စကားတစ်ခွန်း အကြားနည်းသွားမှာပေါ့။

မေမေက ပြောတယ်။ အပြင်အလုပ်ထွက်လုပ်ပေမယ့် အိမ်မှု ကိစ္စလည်းနိုင်အောင်ထိန်းရမယ်။ ဘာဖြစ်လို့ ပိုက်ဆံအကုန်ခံပြီး အိမ်ဖော်ငှားနေရမှာလဲ။ ဒါ့ပြင် ကိုယ့် ကလေးကိုလည်း ကောင်းကောင်းသွန်သင်နိုင်ရမယ်။

မေမေက ပြောတယ်။ တကယ်လို့ သူ နင့်အတွက် အံ့အားသင့်စရာ surprise လုပ်ရင် နင် စိတ်လှုပ်ရှားလို့ရတယ်။ ဒါပေမယ့် ခနဲ့သလိုလို နေ အနောက်ရပ်ကထွက်လာတယ်တော့လို့ မပြောပါနဲ့။ နောက် သူဒါမျိုးမလုပ်ပေးတော့မှာ စိုးလို့ပါ။

မေမေက ပြောတယ်။ ဘယ်သူကမှ နင့် ဗိုက်ထဲက သန်ကောင်မဟုတ်ဘူး။ တချို့အရာတွေက နင်မပြောပြဘဲ သူဘယ်လိုမှသိမှာမဟုတ်ဘူး။ ဘာကိုမကြိုက်ဘူးလဲ၊ ဘာကိုလိုချင်လဲ ပြောမှ သူနားလည်မယ့်အခါတွေရှိတယ်။

မေမေက ပြောတယ်။ သူ့ရဲ့အဖေအမေ ကလည်း နင့်ရဲ့ အဖေ အမေပါပဲ။ သူတို့ နင့်အပေါ် ဆက်ဆံရေးသိပ်မကောင်းသည့်တိုင်အောင် နင့်ဘက်က ကောင်းပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နင့်ယောကျာ်းမိဘတွေမို့လို့လေ။

မေမေက ပြောတယ်။ လူတစ်ယောက်နဲ့ တစ်ဘဝလုံးလက်တွဲဖို့ဆုံးဖြတ်ခဲ့ပြီးမှ သူ့ဆီမှာ မကျေနပ်ချပ်တွေဘာလို့ အောင်းထားရမှာလဲ။ ရွေးခဲ့တာပျော်ပျော်ရွှင်ရွှင်လက်တွဲဖို့လေ၊ မကျေနပ်ချက် စုဘူး အတွက်မဟုတ်ဘူးလေ။

မေမေက ပြောတယ်။ ပိုက်ဆံတွေအများကြီးရှာနိုင်ကော ယောကျာ်းမရှိရင်အပိုပဲ။

မေမေက ပြောတယ်။ နင်တို့ တစ်ဘဝ ဘယ်လောက်ကြာမှာမို့လို့လဲ။ ဇိမ်ခံပစ္စည်းတွေအများကြီးဝယ်ဖို့ ပိုက်ဆံကို မစုပါနဲ့။ဝင်ငွေထွက်ငွေ သင့်သင့်မျှမျှလေးနဲ့ ပျော်နေရင် တော်ပြီ။

မေမေက ပြောတယ်။ ကိုယ့်ကလေးကို ဒေါသထွက်တဲ့အခါ နင့်ကို ငါမလိုချင်တော့ဘူး၊ သွားပစ်မယ်မပြောပါနဲ့။ အိမ်ပြင်ကိုမတွန်းထုတ်ပါနဲ့။ သူတကယ်ပျောက်သွားရင် အရင်ဆုံး ရင်ကျိုးမှာ ကိုယ့်ကိုယ်ကို ပါ။

မေမေက ပြောတယ်။ ကလေးကိုမရိုက်ပါနဲ့။ အပြင်မှာဆို ပိုလို့တောင်မရိုက်သင့်ဘူး။

မေမေက ပြောတယ်။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် အချစ်ကကောင်းပါတယ်။ ဒါပေမယ့် တော်ရုံပဲကောင်းတယ်။ လိုတာထက်ပိုရင် အချင်းချင်း အမြင်တွေကပ်ကုန်ကော။

မေမေက ပြောတယ်။ ဘယ်အရာမဆို ရေစက်ရှိလို့ပါ။

မေမေက ပြောတယ်။ လူဆိုတာ ဘယ်နေ့သေမယ် မသိဘူး။ ဒါ့ကြောင့် နေ့တိုင်း နေ့တိုင်းကို တန်ဖိုးထားပါ။

လက်မထပ်ခင် ဖေဖေက သားကို ပြောတယ်။

မိန်းမယူပြီးတာနဲ့ သူ့ခမျာ သူတစ်ခါမှ မစားဖူးတဲ့ဆန်၊ တစ်ခါမှမသောက်ဖူးတဲ့ရေ ကို ' အချစ် ' ဆိုတဲ့ အရာတစ်ခုကြောင့် မိမိစားနေကျ အိမ်ကလက်ရာ၊ မိဘနဲ့ အိမ်ကို ပစ်ပြီး လာရရှာတယ်။ ငါတို့မိဘဖြစ်သူက သူ့အပေါ် တကယ့် မိဘလို မဆက်ဆံခဲ့ရင်၊ မင်းတို့မောင်နှမတွေက သူ့အပေါ် တကယ့်မောင်နှမလို မဆက်ဆံရင်၊ မင်းကလည်းသူ့အပေါ် ဂရုမစိုက်ရင် ငါတို့တစ်အိမ်လုံးက သူ့အပေါ် တရားမလားပြော? ကိုယ့် ကိုယ်စောင့်နတ်ကိုယ် မျက်နှာချင်းဆိုင်ရဲမလား? လူဆိုတာ အသက်ရှင်နေသရွေ့ ကိုယ်ချင်းစာတရား လက်ကိုင်ထားရတယ်ကွ။

ဖေဖေက ပြောတယ်။ ယောက်ျားဆိုတာ အချစ်ကို တစ်လုပ်ထဲနဲ့ ပလုပ်ပလောင်းအဝ စားချလိုက်တယ်။ ကုန်သွားလို့ ဗိုက်တင်းသွားရင် လေလွင့်ခွေးလို အပြင်မှာ လပ်ယားလပ်ယား အစာထပ်ရှာချင်ကြတယ်။ ဒါပေမယ့် မင်းစဉ်းစားဖူးလား၊ မိန်းမခမျှ ကိုယ့်အတွက် ကိုယ်လေးလက်ဝန်ဖြစ်ပြီး ကိုးလဆယ်လ လုံး အိပ်ချင်သလိုမအိပ်ရ၊ စားချင်သလို မစားရ ဗိုက်ကြီးတစ်ကားကားနဲ့ စက္ကန့်မလပ်အောင့်အီးထားတာ ဘာဖြစ်လို့လဲ။ အသက်ကြီး နဲ့ အသက်ကလေး တစ်ခုကို လဲမလို့ကွ။ သားအမိနှစ်ယောက်စလုံး အေးအေးချမ်းချမ်းနဲ့ရှိစေချင်လို့ကွ။ တစ်ခုခုဆို မင့် ရင်သွေးကို သူ့အသက်နဲ့စတေးပြီး လဲပစ်ဖို့တောင် မကြောက်ဘူးကွ။ ဒီလိုပေးဆပ်တဲ့ သူမအပေါ်ကိုမှ မင်းလုပ်ရက်သလားကွ။ လူ့နှလုံးက အသားနဲ့တည်ဆောက်ထားတာပါကွာ... ။

ဖေဖေက ပြောတယ်။ ယောက်ျားလေးကော မိန်းကလေးကော sensitive ဖြစ်တတ်ကြတာပဲ။ ဒါပေမယ့် ယောကျာ်းလေးက ကိစ္စအပေါ်မှာ sensitive ဖြစ်တာ စဉ်းစားလေ မရှင်း၊ မရှင်းလေ ဒေါသက ထွက်လေ။ မိန်းကလေးကတော့ စကားလုံးအပေါ်မှာ sensitive ဖြစ်တာ။ စကားတစ်ခွန်းကြားတာ ပုံမှန်မဟုတ်တာနဲ့ တွေးလေ စိတ်တိုလေ၊ စိတ်တိုလေ ရစ်လေ။ ဒါ့ကြောင့် ယောကျာ်းဖြစ်သူက မရှင်းတဲ့ ကိစ္စအတွက်ကြောင့်လည်း ကိုယ့်မိန်းမကို စကားလုံးနဲ့ မထိုးနှက်နဲ့။ အလျော့ပေးလိုက်။ စကားလှလှလေးပြောပြီး ချော့ပေး။ မိန်းခလေးက အချော့သိပ်ကြိုက်တာကွ။ သူပျော်ရင် ကိုယ်လည်းပျော်တယ်။ အဲ့တော့ သူပျော်တာပဲရွေးတော့ပေါ့။

ဖေဖေက ပြောတယ်။ လောကမှာ မိန်းမလှတွေပေါတယ်၊ ဟုတ်တယ်။ လက်ထပ်ပြီးရင် ပိုလို့တောင် များလာတယ်ထင်ဦးမယ်။ ဒါပေမယ့် မိမိက ကာမပိုင်ရှိတယ်ဆိုတာနဲ့ ဘယ်သူ့ပေါ်ကိုမှ စိတ်မယိုင်သင့်တော့ပါဘူး။ ကိုယ့်မိန်းမကို အခြားမိန်းမတစ်ယောက်နဲ့ နှိုင်းယှဉ်ဖို့ ပိုလို့တောင် မဖြစ်သင့်ပါဘူး။ တကယ်လို့ ကိုယ့်မိန်းမနဲ့ အတူလမ်းထွက်လျှောက်လို့ ခပ်လန်းလန်းကောင်မလေးဘေးက ဖြတ်သွားရင် သူ့ကို အဲကောင်မလေးလိုဝတ်ကြည့်ဖို့ တိုက်တွန်းကြည့်ပါ။ မင်း ရဲ့ဇနီးက ဘယ်လောက်တောင် လှသွားမလဲဆိုတာ မင်း ကိုယ့်ကိုတောင်လန့်သွားဦးမှာ။ ဒီမျက်နှာလေးကို ချစ်လို့ပဲယူထားတာမဟုတ်လား။ သူက အချောဆုံးပေါ့။

ဖေဖေက ပြောတယ်။ မတူတဲ့နေရာက လူနှစ်ယောက်၊ မတူညီတဲ့ အိမ်နှစ်ခုကနေ၊ မတူညီတဲ့ အဆုံးအမ၊ အသိုင်းအဝိုင်းနဲ့ မွေးဖွားလာကြတယ်။ မင်္ဂလာဆောင်တဲ့အသက်အရွယ်ရောက်တော့ အကျင့်က အပိုးကျိုးလို့ ကျော်တောင်နေပြီ။ စကားပုံတစ်ခုတောင်ရှိသေး၊ မြစ်ကော သောင်ကောက ပြင်လို့ရသေးတယ်။ အမူအကျင့်ဆိုတာ ကိုယ် မပြင်ရင် ဘယ်သူမှ ပြင်လို့ရတဲ့အရာမဟုတ်ဘူးလေ။ ဒါ့ကြောင့် ကိုယ်ဇနီးအကျင့်ကို ပြုပြင်ပြောင်းလဲဖို့ အားနည်းချက်ကို ပြင်ဖို့ မကြိုးစားပါနဲ့။ ကိုယ်က တစ်မျိုးကြီးခံစားနေရရင် အကောင်းဆုံးနည်းလမ်းက ကိုယ့်ကိုယ်ကိုမိန်းမအကျင့်နဲ့ တူသွားအောင် အရင်စပြောင်းကြည့်ပါ။ ဒီလို ပြောင်းလိုက်မှ သူမနဲ့အမူအကျင့်တွေ တူသလောက်ရှိသွားတော့မှ သူမ စိတ်ထဲမှာ မင်းဟာ သူ့စိတ်နဲ့ အကြိုက်တူတယ်ဆိုပြီး မင်းအကျင့်တွေပါ သူမ ဆီအော်တို ကူးစက်သွားမှာ ယုံ။ သူမ စိတ်ထဲမှာ မင်းနဲ့နေရတာကို နှစ်ခြိုက်လာမယ်။ အားကိုးလာမယ်။ ယုံကြည်လာမယ်။သူများက မင်းကိုမကောင်းဘူးလို့ပြောဖို့တောင် တော်တော်ခက်ခဲလာမယ်။

ဖေဖေက ပြောတယ်။ ကိုယ့်မိန်းမကိုယ် ချစ်တတ်ရမယ်။ တစ်ကယ်လို့ ဒီကမ္ဘာပေါ်မှာ ကိုယ့်မိန်းမကို ကိုယ့်ထက် ပိုချစ်တဲ့သူ နောက်တစ်ယောက်ရှိနေပြီဆို မင်းကွိုင်တက်မယ့်နေ့က မဝေးတော့ဘူးဟေ့ကောင်ရေ။ မင်းကို သူ 'ယောကျာ်း' လို့ခေါ်နေသရွေ့ မင်းယောက်ျား တာဝန်ကို ပခုံးထက်က မကျပါစေနဲ့၊ ကိုယ့်ကိုယ်ကို အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်တစ်ပင်ကြီးလို သဘောထား၊ ငှက်ဆိုတဲ့ ကိုယ့်မိန်းမလေးက မင်းအကိုင်းအခက်မှာ အသိုက်လေးတစ်ခုကို စိတ်အေးလက်အေး လာတည်ဆောက်ခွင့်ပေးလိုက်။ ဒီလောက်လေးပဲ။

Have a happy family :)
Credit
images (8).jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://linnaingookkm.blogspot.com/2016/07/blog-post_26.html