NP 4835i ဆိုတဲ့ မိတ္တူစက်လေးပေါ့ ကျွန်တော့ဘဝကိုအပြောင်းလဲကြီး ပြောင်းလဲအောင် သူဆောင်ရွက်ပေးခဲ့တာလေ
လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကပေါ့ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ စောင့်ဆိုင်းနေချိန် ဘယ်အချိန်ကျောင်းဖွင့်ရန်မသေချာတဲ့အချိန် အဖေက သားရေ မင်းဒီအတိုင်းမနေနဲ့ လက်မှုပညာတခုရှာကွာလို့ပြောတယ်။
ဒါနဲ့ပဲ ရန်ကုန်မြို့ကို မအူအလည်နဲ့ ရောက်ခဲ့ရတာပေါ့ဗျာ။ တာမွေဈေးနားက အစ်မရဲ့ဆိုင်မှာအလုပ်ဝင်လုပ်တော့ မိတ္တူစက်ကိုင်ခိုင်းတယ်။ ဘယ်လိုကူးရမယ် ဘယ်လိုလုပ်ရမယ်မသိတော့ အသုံးပြုပုံစာအုပ်လေးတစ်အုပ်ပေးတယ် အင်္ဂလိပ်လိုတွေရေးထားတယ် မဖတ်တတ်ဖတ်တတ်နဲ့ကြိုးစားလုပ်ရတာပေါ့ဗျာ တစ်ရက်နှစ်ရက်လောက်အတွေ့အကြုံလေးနဲ့ အဲ့ဒိအချိန်က စစ်တောင်းစက္ကူဆိုတာနဲ့ကူးရတာဗျ မနက်ဆို ဆံပင်အပူပေးတဲ့ဟဲဒရိုင်ရာနဲ့ စက္ကူကိုအပူပေး စက်ထဲက ပုံရိပ်ဖော်တဲ့အပိုင်းတွေကိုလည်းအပူပေးရတာပေါ့ဗျာ
အဆိုးဆုံးက မှတ်ပုံတင်မိတ္တူကူးတာပဲဗျ တခါမှမကူးဖူးတဲ့သူဆိုတော့ တထပ်တည်းကျအောင်ကျောကပ်ဖို့ စက္ကူတွေမနည်းပျက်ခဲ့တာပေါ့ဗျာ
အဲ့ဒိစက္ကူအပျက်ခံပြီးလုပ်ခဲ့တော့ Legal စက္ကူကို (၃) ပိုင်းပိုင်းလိုက်တော့ ၁၁.၅ စင်တီမီတာအရွယ်စက္ကူနဲ့ မှတ်ပုံတင်ကူးတတ်သွားရောဗျ
အစကတော့ စက္ကူတွေပျက်တော့ ပိုင်ရှင်ကစိတ်ဆိုးတာပေါ့ဗျာ
တကယ်လည်းကူးတတ်ရော စက္ကူတစ်ရွက်ကို မှတ်ပုံတင် ၉ ခုလောက်ရတော့ စက္ကူတစ်ရွက်ရိုက်ခထက်ပိုကျန်တော့ သူတို့ပြုံးပြုံး ပြုံးပြုံးပေါ့ဗျာ အဲ့ဒိအချိန်က စက်ပျက်ရင် ပြင်တဲ့စရာကရှားတော့ စက်ရောင်းတဲ့ဆိုင်သွားပြီးလေ့လာရတယ်လေ
ညဖက်ဆိုင်ပိတ်ရင် ကွန်ပျူတာသင်တန်းပြေးရသေးတာဗျ ဒိအပြင် အဲ့ဒိဆိုင်က ဓါတ်ပုံပါကူးတော့ ဓါတ်ပုံစက်ပါကိုင်တတ်ပြီး ဓါတ်ပုံကူးတာပါ လေ့လာဖြစ်တော့တာပေါ့ဗျာ။
ဒီလိုနဲ့ ၂ နှစ်လောက်ကြာတော့ အမေ့ဆီမှာ ကူလုပ်ပေးမယ့်သူမရှိတာရယ် ကျောင်းတတ်ဖို့ကိစ္စလေးတွေပေါ်လာတော့ မွေးရပ်မြေ ပုသိမ်မြို့ကို ပြန်ရတော့တာပေါ့ဗျာ။
ပြန်ရောက်တော့အမေ့ကိုကူ အဝေးသင်တက်နဲ့ ဒိပြင် ဂျီတီစီ ကျောင်းကလည်းဖွင့်တော့ အားရတယ်မရှိပါဘူးဗျာ။
တစ်နေ့ကျတော့ ကျောင်းသွားရင်းလမ်းမှာ ဆိုင်ခန်းလေးတွေဆောက်နေတာမြင်တော့ စုံစမ်းကြည့်တာပေါ့ဗျာ။ တတ်နိုင်လို့တော့မဟုတ်ဘူးလေ တစ်ခန်းကို ငါးသိန်းတဲ့ဗျာ မိသားစုငါးယောက် လမ်းဘေးအကြော်ဆိုင်ဖွင့်နေတဲ့သူက ဘယ်လိုတတ်နိုင်ပါ့မလည်းဗျာ။ သို့ပေမယ့် ရောင်းဖို့အခန်းတော့မကျန်တော့ဘူးတဲ့ ငှားဖို့တော့ကျန်တယ်ဆိုတော့ ပိုင်ရှင်ကအသိဖြစ်နေပါလေရော ဒါနဲ့ဘယ်ဈေးလည်းဘာလဲပေါ့ တစ်လ ၁၅၀၀၀ တဲ့ဗျာ အားပါးပါး တတ်နိုင်ဘူးရယ်။
သို့ပေမယ့် အဒေါ်ကိုအပူကပ်တော့ လာယူ ၅ သိန်းရမယ်တဲ့ဗျာ ဒါနဲ့အဖေ့ကိုပြောတော့ သားရယ် သားကိုပညာတတ်စေချင်လို့ ကျောင်းထားတာကွယ် အဖေတို့က ဒါတွေတော့နားမလည်ဘူး သားလုပ်ချင်သပဆို ကျောင်းထွက်မှရမှာတဲ့ဗျာ ဒါနဲ့ တစ်ညလုံးစဉ်းစားခန်းဖွင့်ရသပေါ့ တွက်ရချက်ရနဲ့ မိုးလင်းရော နောက်နေ့ ကျောင်းသွားတတ်တော့ သူငယ်ချင်းတွေကို နက်ဖြန်မှ ငါကျောင်းတတ်ရင် ငါကျောင်းထွက်ပြီလို့မှတ်ပေတော့လို့ ကျောင်းဆင်းတော့ ခရီးသွားဖို့လုပ်ရကိုင်ရနဲ့ နောက်တနေ့မနက် မိဘတွေကိုကန်တော့ပြီး ရန်ကုန်ရွှေမြို့တော်ကို တက်ခဲ့တာပေါ့ဗျာ။
ဖြစ်ချင်တော့ မိတ္တူစက်သွားဝယ်ဖို့သွားတာ ရောင်နီထွန်းဆိုတဲ့ ဆိုင်က့ ဒိနေ့မှ ပိတ်ထားတယ် မေးမြန်းကြည့်တော့ ပိုင်ရှင်ဖြစ်တဲ့ ကိုနီနီထွန်း မင်္ဂလာဆောင်ရှိလိုတဲ့ဗျာ။ ဒါနဲ့ပါ တစ်ပါတ်လောက်စောင့်ရင်း ရန်ကုန်မြို့ကိုလှည့်ပတ်ပြီး လေ့လာ လုပ်ငန်းတူဆိုင်တွေဘယ်လိုလုပ်တယ်ဆိုတာတွေကိုပေါ့။ တခြားလိုရမယ်ရ ပလပ်စတစ်ကဒ်လောင်းစက်တို့ စာရေးကိရိယာတို့ စက္ကူဆိုင်တွေစုံလို့ပေါ့ဗျာ။ မှတ်မှတ်ရရပါ (၂၅-၆-၂၀၀၀) နေ့ပေါ့စောစောထပြီး ရွှေတိဂုံဘုရားသွားပြီးဘုရားဖူးပြီး မနက် (၉း၃၀) လောက်ပေါ့ ရန်ကုန်မြို့၊ ဘားလမ်းက ရောင်နီထွန်းဆိုင်လေးကို ပြေးရတော့တာပေါ့ဗျာ။ အဲ့ဒိရောက်တော့ ကိုနီနီထွန်းနဲ့တွေ့ပြီး စက်ဝယ်ချင်တယ်ပြောတော့ ကျွန်တော့်ကို လွန်ခဲ့တဲ့ (၄) နှစ်လောက်ကတည်းက ခင်မင်ပြီးသားဖြစ်နေတော့ အဆင်ပြေတာပေါ့ဗျာ။ အဲ့ဒိနေ့ စက်ရွေးဖြစ်တော့ ယခင်မိတ္တူဆိုင်မှာကိုင်ခဲ့ဘူးတဲ့ Canon NP 4835i ဆိုတဲ့ မိတ္တူစက်လေးရွေးဖြစ်တယ်ဗျာ။ ဈေးကလည်း အဲ့ဒိအချိန်က ၃၅၀၀၀၀ လောက်တန်တာဗျ။ ပိုင်ရှင်ကိုနီနီထန်းကတော့ ဈေးလျော့ပေးပါတယ် ၃၃၅၀၀၀ ကျပ်နဲ့ပေါ့ဗျာ။ ဒီစက်က ကာလာတစ်ရောင်ချင်းလည်း ကူးလို့ရသဗျ။ သူက လေဆာနဲ့ပုံရိပ်ချပေးတာဆိုတော့ ပုံထွက်လေးကလည်းအတော်ကောင်းတာ။ စာအုပ်တွေဘာတွေကူးချင်ရင်လည်း ဘေးမှာအမည်းလိုင်းတွေမပါအောင်ကူးလို့ရတယ်လေ။ စာရွက်တစ်ရွက်မှာ ကိုယ်မလိုချင်တဲ့အပိုင်းရယ် ကိုယ်လိုချင်တဲ့အပိုင်းရယ် ထွင်းပြီးဆွဲလို့ရသလို အရောင်လေးပါ ကူးလို့ရတော့ အတော်အဆင်ပြေတာနဲ့ ရွေးလိုက်တာပေါ့ဗျာ။ အဲ့ဒိနေ့ပဲ စက်ကိုရွေးပြီး ပုသိမ်ကို သင်္ဘောနဲ့ပြန်ခဲ့တော့တယ်လေ။ နောက်တစ်နေ့မနက်ဆို ပုသိမ်ကို ရောက်တော့ မိတ္တူစက်ကို အိမ်မှာဖြစ်တယ်ပေါ့။ ပြောဖို့ကျန်ခဲ့တာတစ်ခုက ဆိုင်ခန်းကိစ္စက ပုသိမ်မှာဘာမှဟုတ်တိပတိ မပြောဖြစ်ခဲ့တော့ ရန်ကုန်ရောက်နေတုန်း ဆိုင်ခန်းငှားဖြစ်မဖြစ် ဖုနုးနဲ့လှမ်းမေးတော့တာပေါ့ဗျာ။ ဒါနဲ့ပဲ ယူဖြစ်မယ်ဆိုတဲ့အကြောင်း၊ စက်သွားဝယ်နေရတယ်ဆိုတဲ့အကြောင်းတွေ အကြောင်ြး့ပန်ရတာပေါ့။ ပုသိမ်ပြန်ရောက်တယ်ဆိုရင်ပဲ ဆိုင်ခန်းငှားဖို့ကိစ္စလုပ်တော့ ကိုယ်က မိတ္တူပဲလုပ်တတ်တာလေ စာရိုက်တာ၊ စာကူးစက်ကူးတာတွေကျ ကိုယ်က မလုပ်တတ်ဘူးဆိုတော့ အစ်ကိုဝမ်းကွဲကိုလည်း မင်းကျန်တာလုပ် ငါက မိတ္တူပဲလုပ်မယ်ဆိုပြီး အဖော်ညှိတော့သူက အိအဂျိဂျ လုပ်ကောဗျ ဒါနဲ့ အစ်ကိုဖြစ်သူကို မင်းမလုပ်ရင်နေ ငါ့ဖာသာငါလုပ်မယ်ဆိုပြန်တော့ လိုက်ဖျက်တယ်။ ဘယ်ကရမလည်း ကိုယ်တွေကလည်း ဗူးဆို ဖယုံမသီးတဲ့ကောင်ဆိုတော့ တွန်းလုပ်တော့ ဆိုင်ခန်းငှားဖို့ စာချုပ်ချုပ်ပြီးသွားတယ်ဆိုပါတော့ဗျာ။
ဆိုင်တစ်ဆိုင်ဖွင့်ဖို့ဆိုတာကလည်း အတော်လေးကို အလုပ်ရှုပ်သားဗျ။ ငှားထားတဲ့ဆိုင်ခန်းလေးတံခါးဖွင့်ကြည့်တော့ မီးခလုတ်လေး (၁) လုံး၊ ဆိုင်ခန်းအလယ်မျက်နှာကျက်မှာ ၄၀ ၀ပ် မီးသီးလေးတစ်လုံးပဲပါတယ်။ ဒါနဲ့ တစ်ဆိုင်လုံး မီးတွေပြန်ဆင်ရတော့တယ်။ ဆိုင်ခန်းကိုလည်း ဆေးပြန်သုတ်၊ ကြမ်းခင်းတွေရေဆေး၊ ဖယောင်းပုဆိုးခင်း၊ စာရေးကိရိယာတွေထည့်ဖို့ ဗီဒိုဝယ်၊ ကောင်တာခုံဝယ်၊ မီးအားမြှင့်စက်ဝယ်၊ စုံလို့ပေါ့ဗျာ။ အဒေါ့်ဆီကချေးထားတဲ့ (၅) သိန်းလည်းကုန်တာပေါ့။ အမေကလည်း အအေးလေးပါထည့်ရောင်းပါလားဆိုပြီး ရေခဲသေတ္တာလေး (၁) လုံးဝယ်ပေးတယ်။ ဒီဆိုင်လေးဖွင့်ဖို့လုပ်တော့ မှတ်မှတ်ရရ မိသားစုစုံစုံလင်လင် အဖေ၊ အမေရယ်၊ ကိုယ်ရယ်၊ ညီမ (၂) ယောက်ရယ် ဒီတခါတော့ တက်ညီလက်ညီလုပ်ဖြစ်ခဲ့တာလေး သတိရမိတယ်။ ဒီလိုနဲ့ပဲ (၁-၆-၂၀၀၀) နေ့မှာ ဆိုင်ခန်းစဖွင့်ဖြစ်တော့တယ်။
ဆိုင်ဖွင့်တဲ့နေ့ပေါ့ ဆိုင်သိမ်းချိန်အထိ တစ်နေ့လုံးမှ ၅၇၅ ကျပ် ရတယ်။ ရှုံးတာပေါ့နော် ဒါပေမယ့် ဆိုင်ခန်းလခကျေလို့ ကျေနပ်လိုက်ရတယ်။ ဒါပေမယ့် ဒုတိယနေ့ကတော့ ၁၇၀၀ ကျော်လောက်ရတယ် ၀မ်းသာရပြီလေ။ ဇူလိုင်လလောက်ကျတော့ မိတ္တူ၊ စာရေးကိရိယာ၊ အအေးနဲ့ချည်းမဖြစ်ဘူး ကွန်ပျူတာလေးပါဝယ်အုံးမှပါဆိုပြီး ကွန်ပျူတာတစ်လုံးရယ် ပရင်တာတစ်လုံးရယ် ၀ယ်ဖြစ်ခဲ့တယ်။ ၁၉၉၇-၉၈ လောက်ကသင်တန်းတက်ထားခဲ့တာ အခုအချိန်ကျတော့ အတော်လေးကို ကင်းကွာနေတော့ အတော်လေး ပြန်လေ့ကျင့်ရတယ်။ ရုံးစာဆိုတာ နားမလည်တော့ ရုံးကသူတွေကိုအကူအညီတောင်း ဘယ်လိုစာစီရတယ် ဘေး၊ ဘယ်ညာ ဘယ်လောက်ထားရတယ် ဆိုတာတွေပေါ့ဗျာ။ သူတို့တွေကလည်း သင်ပေးကြပါတယ်။ သူတို့က လက်နှိပ်စက် ကိုယ်က ကွန်ပျူတာ ဟီး ဟုတ်တော့ဟုတ်နေတာဗျာ။
အခြားဆိုင်တွေကလည်း လာစုံစမ်းတာပေါ့ သူတို့သုံးနေတာက RICOH Copier တွေလေ ကိုယ်က သုံးနေတာ Canon Copier ဆိုတော့။ ကိုယ့်စက်က ပုံထွက်လည်းကောင်းတယ်၊ မိုးတွင်းဆိုလည်း စက်ဖွင့်ပြီးတာနဲ့ တန်းကူးရုံဆိုတော့ လာကြည့်ကြတာပေါ့။ လာကူးတဲ့သူတွေကလည်း စက်ကမြန်တယ်နော် တန်းကူးရုံပဲ ဆိုတော့ ပိုစိတ်ဝင်စားကြတယ်။ မိုးတွင်းမှာ တန်းကူးရုံဆိုတာက ၁၁၀ ဗို့ ဂျပန်ကျဆိုတော့ သူက စက်ထဲမျာ အပူပေးစနစ်တွေပါတယ်လေ တစ်ညလုံး ပလပ်ပေါက်မှာမီးထိုးထားရတယ် စက်တော့ ဖွင့်ထားစရာမလိုဘူးလေ မီးထိုးထားမှလည်း အတွင်းက အပူပေးစနစ်က အလုပ်လုပ်တာဗျ။ ဒိပြင် ကာလာအနီရောင်လည်း ကူးလို့ရတယ်ဆိုတော့ ဈေးရတာပေါ့နော်။
ကျွန်တော့်ဆိုင်လေးက ဖွင့်ပြီးလို့ နှစ်လ သုံးလလောက်နဲ့တင် အတော်လေး အဆင်ပြေသွားတယ်။ အကြွေးတွေလည်းကြေသွားတယ်။ အတော်လေးလည်း လုပ်ရတယ်။ ဒီဇင်ဘာလလောက်ကျတော့ နောက်ထပ်မိတ္တူစက်တစ်လုံး ထပ်ဝယ်ဖြစ်တယ်။ အဲ့ဒိစက်ကလည်း Canon NP 4835i ပါပဲဗျာ။
အခုတော့ သူတို့လေးတွေလည်း အနားပေးထားတာ ကြာပြီ ဖုန်တွေလည်းတက်နေပြီ၊ အတွင်းကလီစာတွေတည်း တစ်စစီဖြစ်နေပြီ သို့ပေမယ့် အမှတ်တရလေးအဖြစ် သိမ်းထားမိနေတုန်းပါ။ သူတို့ကတော့ ကျွန်တော့်အပေါ် တာဝန်ကျေသွားပါပြီ။ ကျွန်တော့်ဘ၀လည်း အရင်ကလို လမ်းဘေးဈေးသည်လေးမဟုတ်တော့ဘဲ ပုသိမ်မြို့မှာ မိသားစုနဲ့အတူ ကျန်းမာပျော်ရွှင်စွာ နေထိုင်လျက်ရှိပါကြောင်းနှင့် သင်ဆရာ၊ မြင်ဆရာများနှင့် ကျေးဇူးတင်ထိုက်သူအားလုံး၊ ကျွန်တော့်ဆိုင်ကို အားပေးကြသောသူများအားလုံး ကျန်းမာချမ်းသာဝမ်းသာကြပြီးလျှင် အသက်ရှည်အနာမဲ့ပြီး ယနေ့မှစ နှစ် ၁၂၀ တိုင် နေထိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ကိုမျိုးမင်းဦး
မြင့်မြတ် မိတ္တူ (ပုသိမ်)
![xdvd67i7r3.jpg]
✅ @myominoo, I gave you an upvote on your first post! Please give me a follow and I will give you a follow in return!
Please also take a moment to read this post regarding bad behavior on Steemit.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit