မောင်တောမြို့နယ်တွင် ရိုဟင်ဂျာကလေးငယ်များကို မွေးတိုးထည့်သွင်းပေးရန် အစိုးရမှအေ...

in rvisionburmese •  6 years ago 


မောင်တောမြို့။ ။၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ၏ နောက်ဆုံးပတ်မှစ၍ မောင်တောမြို့နယ်တွင်းရှိ ရိုဟင်ဂျာ အများစု နေထိုင်ရာ ကျေးရွာများကို အဓိကထားပြီး ဆွဲ၊တင်၊စစ် ပြုလုပ်လျက် ရှိနေပါတယ်။ အဆိုပါ စစ်ဆေးမှုတွင် လာရောက် စစ်ဆေးမခံနိုင်သူများ အားလုံးကို ၎င်းတို့၏ အိမ်ထောင်စုစာရင်း အသီးသီးမှ မှင်နီတားကာ ပယ်ဖျက်လျက်ရှိနေကြောင်း သိရှိရပါတယ်။

အိမ်ထောင်စု တစ်စုချင်းဆီထံမှ ငွေကျပ်နှစ်ထောင်နှုန်း ကောက်ခံနေပြီး ကလေးမွေးတိုး တစ်ဦးလျင် ငွေကျပ် (၁၂၀၀၀)နှုန်း ကောက်ခံနေပါတယ်။ ကလေးတစ်ဦး မွေးဖွားပါက ထိုကလေးကို အိမ်ထောင်စု စာရင်းတွင် ထည့်သွင်းရန် ဦးစွာ ထိုကလေး၏ မိခင်နှင့် ဖခင်တို့က အိမ်ထောင်စုစာရင်း တစ်ခုထဲတွင် အတူရှိနေရမည်ဖြစ်ပြီး သီးခြားစီဖြစ်နေပါက မွေးဖွားလာသည့် ကလေးငယ်များကို စာရင်းထည့်သွင်း နိုင်ခြင်းမရှိပေ။

 ထိုအပြစ်မဲ့ ကလေးငယ်များ၏ မိဘများမှာ ဒေသန္တရ ခွင့်ပြုမိန့်ဖြင့် တရားဝင် လက်ထပ် ခဲ့ကြခြင်းဖြစ်ပြီး ကလေးငယ်များတွင် သက်ဆိုင်ရာ ဆေးရုံများမှ ပေးအပ်ထားသည့် မွေးစားရင်းများ ရှိနေသော်လည်း မိဘများ၏ အိမ်ထောင်စု စာရင်းများမှာ သီးခြားစီ ဖြစ်နေသောကြောင့် အိမ်ထောင်စု စာရင်းများတွင် တရားဝင် မှတ်ပုံတင်ခွင့်မရရှိပေ။

မောင်တောမြို့နယ်တွင် မိသားစု အိမ်ထောင်စုစာရင်းများ၌ တရားဝင်မှတ်ပုံတင်ခွင့် မရရှိသော ကလေးငယ်ပေါင်း ငါးရာနှင့်တစ်ထောင် အကြားရှိနေပါတယ်။ အသစ်မွေးဖွားလာသည့် ကလေးများ အသက် တစ်နှစ်ကျော်လျင် ကျီးကန်ပြင်ဌာနချုပ်သို့ သွားရောက် မှတ်ပုံတင်ရမည်ဟု ဆွဲ၊တင်၊စစ် အဖွဲ့က ပြောဆိုနေသောကြောင့် မိဘများက စိုးရိမ်သောက ရောက်နေကြရပါတယ်။

အခက်ခဲများကို ရင်ဆိုင်နေရသည့် မိဘများထဲမှ တစ်ဦးက " ကျွန်တော်နဲ့ ကျွန်တော့်အမျိုးသမီးက နေထိုင်ကြတဲ့ နေရာချင်းမတူပဲ လက်ထပ်ဖြစ်ခဲ့ကြပြီး ကျွန်တော့် အမျိုးသမီးကို ကျွန်တော့် အိမ်ထောင်စုစာရင်းထဲ ပြောင်းရွှေ့စာရင်းသွင်းဖို့ ပြောင်းရွှေ့ခွင့်ပုံစံစာရွက် ဖြည့်သွင်းပြီး နယ်မြေ (၅) ရုံးကို တင်ထားတယ်။ နယ်မြေ (၅) ကနေ တစ်ဆင့် ဌာနချုပ်ကို တင်ရပြီး ဌာနချုပ်က ခွင့်ပြုမှသာလျင် ကျွန်တော့် အမျိုးသမီးကို သူ့မူလ အိမ်ထောင်စု စာရင်းကနေ ပယ်ဖျက်လိုက်သည့် ရုံးစာနဲ့အတူ ၄မိုင်(မ.က.ဖ) ရုံးမှာ သွားရောက်ပြီး ကျွန်တော့် အိမ်ထောင်စု စာရင်းထဲကို စာရင်းသွင်း ပြောင်းရွှေ့နိုင်မှာဖြစ်တယ်။

ယခုလက်ရှိ ကျွန်တော် ကြုံတွေ့နေရတဲ့ အခက်ခဲက နယ်မြေ၅ရုံးကနေ ပြောင်းရွေ့ခွင့် မပေးတာပဲဖြစ်တယ်။ ကျွန်တော်က ပြောင်းရွေ့ခွင့် တင်ထားတာ ၉-လရှိနေပြီ ဖြစ်ပေမယ့်လည်း ကျွန်တော်သွားရောက် မေးမြန်းတဲ့ ပထမအကြိမ်မှာ အလုပ်မအားဘူပြောပြီး ပြန်လွှတ်ခဲ့တယ်။ ဒုတိယအကြိမ် သွားရောက်မေးမြန်းတော့ ဌာနချုပ်ကနေ ခွင့်ပြုမိန့် မကျသေးဘူးလို့ ပြောတယ်။ တတိယအကြိမ် နှစ်လကြာပြီးမှ သွားမေးတော့ ဆွဲ၊တင်၊စစ် လုပ်တဲ့အချိန်မှာ ဆောင်ရွက်ပေးမယ်လို့ ပြောဆို ပြန်လွှတ်ခဲ့ပါတယ်။

ယခု ဆွဲ၊တင်၊စစ် လုပ်နေချိန်မှာတော့ ကျွန်တော့်ကို နယ်မြေကျော်ဖြစ်လို့ ပြောင်းရွေ့ခွင့် မပေးနိုင်ဘူးလို့ ငြင်းလွှတ်ခဲ့တဲ့အပြင် ငွေကျပ် ၅သောင်းကိုလည်း ကြိုတင်ယူထား ခဲ့ပါတယ်။ အစိုးရမှ တရားဝင် ပြောင်းရွေ့ခွင့် မပေးတဲ့အတွက် ကျွန်တော့် သားသမီးတွေကို အိမ်ထောင်စုစာရင်းမှာ ထည့်သွင်း ဖော်ပြခွင့် မရတာကြောင့် ကျွန်တော်တို့ရဲ့ ကလေးငယ်တွေဟာ တရားမဝင် နေထိုင်သူ ဘဝကို ရောက်ရှိသွားမှာ ကျွန်တော် စိုးရိမ်နေရတယ်" ဟုပြောဆိုခဲ့ပါတယ်။

ပြောင်းရွှေ့ခွင့် ပုံစံဖြည့်သွင်းရာတွင် နှစ်ဘက်မိသားစု၏ အိမ်ထောင်စုစာရင်းမိတ္တူ၊ နှစ်ဘက် အိမ်ထောင်ဦးစီးများရဲ့ သဘောတူညီကြောင်း လက်မှတ်၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများရဲ့ ထောက်ခံစာ၊ လက်ထပ်စာချုပ်နှင့် သက်သေခံ ယာယီကတ်ပြား များကိုပါ ပူးတွဲတင်ပြကြရပါတယ်။

ယခုကဲ့သို့ လုပ်ဆောင်နေခြင်းဟာ ရိုဟင်ဂျာလူမျိုးစုကို အပြီးပိုင်ဖယ်ရှားဖို့ ကြိုတင်ကြံစည်ပြီး ဆောင်ရွက်နေတာပဲ ဖြစ်ပါတယ်။ တရားဝင်လက်ထပ် ထားပြီးတဲ့အပြင် စွဲ၊တင်၊စစ်မှာလည်း အစစ်ဆေးခံပြီးတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ မျိုးဆက်ကို တရားဝင် မှတ်ပုံတင်နိုင်ခွင့် မပေးပဲ အကြောင်းအမျိုးမျိုးပြ ငြင်းဆန်နေတာဟာ တရားမဝင် နေထိုင်သူများအဖြစ်သို့ ရောက်ရှိရန် ဆောင်ရွက်နေခြင်းပဲ ဖြစ်ပါတယ်။
Photo Credit: albawaba

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%b1%e1%80%99%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9-%e1%80%9b%e1%80%ad/
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!