လူမထွက်ပါနဲ့ သားရယ်

in steemit •  7 years ago 

အမေ
သား ပစ္စည်းလေးပါးမပြည့်စုံဘူးအမေ
သာသနာ့ဝန်ထမ်းရတာ ပင်ပမ်းလို့ 
လူထွက်ပါရစေနော် အမေ


သား - - -- - - -

ဆွမ်းကွမ်းမပြည့်စုံလို ဟုတ်လား သား
သားကို ဆရာတော်ကြီး
သုံးပါးအကြောင်းပြောပြမယ်သား

အခု သားတို့  ငယ်လတ်ကြီး စာပေတွေသင်နေတာ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့တဲ့ စာတွေမဟုတ်လား

အဲဒီဆရာတော်ဘုရားကြီးဟာ ဒုတိယကမ္ဘာစစ်အတွင်းက စစ်ဖြစ် ကပ်ဆိုက်နေတဲ့အချိန်မှာ
တနိုင်ငံလုံးကိုယ်တော်တွေ အကုန်လူထွက်ကြတယ် ဒါပေမဲ့ သူဟာ အသက်သာသေရင်သေပါစေ ယုတ်ညံ့တဲ့အဝတ်နဲ့ မလဲဘူးဆိုတဲ့ သံဓိဋ္ဌာန်ချုပီး
လူမထွက်ခဲ့ဘူးသား

သင်္ကန်းလှူမဲ့လူမရှိလို့  နှစ်ထပ်သင်္ကန်းကြီးကို
တခြမ်းခွဲပြီး ဆွမ်းနဲ့ လဲစားခဲ့ရတယ်

ဖိနပ်လှူမဲ့သူမရှိလို့  ပေါက်နေတဲ့ဖိနပ်ကိုဖာပြီးစီးရတယ်

အချိုပွဲဆိုတာ ဘာမှန်းမသိခဲ့ဘူး လက်ဘက်ခြောက်ပြုတ်ဖတ်တွေကို သုတ်စားခဲ့ရသတဲ့

လယ်သမားတယောက်လှူတဲ့
ဘဲဥဆွမ်းဟာ အကောင်းဆွမ်းဆိုပြီး မှတ်တမ်း တင်ထားခဲ့တယ်သားရဲ့

သား ဆွမ်းကွမ်းပစ္စည်းလေးပါး မပြည့်စုံဘူးဆိုတာ အဲဒီဆရာတော်ကြီးလောက်
ဆိုးနေလို့ လား

ဗုံးကြဲလေယာဉ်တွေလာလို့  စာမူတွေပွေ့ ပိုက်ပြီး လှိုဏ်ခေါင်းတွေထဲ ဝင်ပြေးရတာ အကြိမ်ပေါင်းမနည်းဘူးသားရဲ့

အဲဒီလိုအသက်ဘေးကြားထဲကနေ သားတို့ အခုလို ပညာတွေသင်နိုင်အောင် ကျမ်းပေါင်းမြောက်များစွာကို ရေးသားပေးခဲ့တာပါသားရယ် ဆရာတော်ကြီး
အသက်နဲ့ ရင်းပြီး ရေးခဲ့ရတဲ့ကျမ်းတွေကို သားတို့ က လွယ်လင့်တကူ သင်ယူကြရတာပါ အဲဒါကို
သားတို့ က ပစ္စည်းလေးပါးမပြည်စုံယုံနဲ့  လူထွက်မယ်ဆိုတော့ မရှက်ဘူးလားသားရယ်

မိုးကုတ်ဆရာတော်ဘုရားကြီးဟာလည်း
စစ်ဘေးစစ်ဒဏ်တွေကြားထဲကပဲ စာတွေချ ကျမ်းတွေပြုစုပြီး အရဟတ္တဖိုလ်ကို အရယူသွားခဲ့တာပါ

လယ်တီဆရာတော်ဘုရားကြီးတို့ ဆိုရင်
စာဖတ်စရာလျှပ်စစ်မီး မရှိခဲ့ပါဘူး
လေးထောင့်သံဗုံးကြီးကို မီးစာတပ်ပြီး
စာဖတ်ခဲ့တာပါ သားရယ်

အဲဒီလောက်
မပြည့်စုံတဲ့ကြားထဲကနေ စာတွေချ ကျမ်းတွေပြုစု
ပြီး အရိယာစခန်းကို တက်လှမ်းခဲ့တာပါသား

သား အခု မပြည့်စုံဘူးဆိုတာ
အဲဒီဆရာတော်ကြီးတွေလောက် ဆိုးနေလို့ လား

သာသနာပြုနေလျှက်တဲ့ လူတွေကဲ့ရဲ့ ဝေဖန်ခံနေရတာကို ခံစားနေရလို့  ဝမ်းနည်းနေတာလား

သားရယ်
ဘုရားရှင်ဟာ အဆဲခံရဘူးတယ် တံတွေးနဲ့ အထွေးခံရဘူးတယ် တဝါတွင်းလုံးဆွမ်းမရလို့ 
မုယောဆွမ်းဆိုတဲ့ ဂျုံဆွမ်းနဲ့ ပဲ ဘုန်းပေးခဲ့ရဘူးတယ် အလောင်ကအဝတ်ကိုခွါပြီး သင်္ကန်းရုံခဲ့ရဘူးတယ်
အသက်ကို ရန်ရှာခံရဘူးတယ်

ကဲ ဘုရားရှင်တောင်မလွတ်တဲ့ အဆိုးလောကဓံကို သားက ကြောက်နေလို့ လား

သား ရဟန်းဝတ်နဲ့ နေသမျှကာလပတ်လုံး
အမေ ဂုဏ်ရှိနေပါတယ်သားရယ်
သားကို အမေရှိခိုးနေရတာကိုပဲ အမေ ကျေနပ်နေတာပါ ဘုရားရှင်တောင် ပါရမီဖြည့်ရာကာလတွေမှာ ရဟန်းဘဝကို ကိုးကြိမ်ပဲရခဲ့တာပါ သားအခု ရဟန်းဘဝကို ရ နေတာဟာ ဘယ်လောက်ထိကံကောင်းလည်း
တွေးကြည့်ပေါ့

သားရယ်

ငါ့သားရဟန်းရှိတယ်ဆိုတဲ့ ဂုဏ်ကျေးဇူးနဲ
အမေရပ်တည်နေတာပါ အမေဘယ်လောက်ပဲ
ပင်ပမ်းပါစေ ကြမ်းတမ်းပါစေ သားကိုရဟန်းဝတ်နဲ့ တွေ့ နေသမျှ အမေ ကျေနပ်နေမှာပါ
သားလူထွက်သွားရင် အမေ ဘယ်လိုမျက်နှာနဲ့ 
လူတွေကို ပြရမလဲသားရယ်

အမေ့မှာ ရှိသမျှ သားကို လှူတန်းနေမှာပါ

အမေမစားရချင်နေပါစေ သားကို လှူမှာပါ

အမေ ရှာသမျှ သားအတွက်ပါ

တခုပဲ တောင်းဆိုချင်တာပါ

ဆရာတော်ဘုရားကြီးတွေရဲ့ ဇွဲ သတ္တိမျိုးနဲ့ 
သာသနာပြုပါသားရယ်

အမေ့ကို ရှိခိုးတာ မကြည်ပါရစေနဲ့ 
အမေကပဲ ရှိခိုးပါရစေနော်

လူ မထွက်ပါနဲ့ 
သားရယ်

သာသနာတော်ကြီးဟာ
အသက်ငင်နေလို့ 

ဘုရားရှင်သာသနာတော်ကို အသက်နဲ့ လဲပြီး
စောင့်ထိမ်းနေတဲ့
သားရဟန်းရဲ့ မယ်တော်ဖြစ်ပါရစေ
သားရယ် image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!