"ေ "ကာင်းလိုက်တဲ့ ဝတ္တုတို ဖတ်သာကြည့်ကြဗျာ
မြေသားနန်းတော် (ဝတ္ထုတို)
(၁)
"ရောက်ပြီကိုကြီး အဲဒီဆိုင်ခန်းပဲ ဒီနားမှာ ကပ်ရပ်လိုက်တော့"
ကားရပ်လို့သင့်တော်မယ့်နေရာရွေးရပ်ပြီး ကားပေါ်ကဆင်းလိုက်ကြတယ်။
အခန်းအနေအထားကြည့်ရတာတော့မဆိုးဘူး။ကျွန်တော့်ညီ ကြိုက်ရင်လည်း ကြိုက်လောက်စရာ။အခန်းပုံစံလေးက သေသေသပ်သပ်ရှိပြီး ဘေးဘက်ကဆိုင်ခန်းတွေကလည်း သန့်သန့်ပြန့်ပြန့်တွေချည်းပဲ။
ဘွဲ့ရပြီးရင် ကြိုက်တာပေးလုပ်ပါ့မယ်လို့ ကျွန်တော်က ကတိပေးထားတော့ အခု ကျွန်တော့်ညီက ဒီဆိုင်ခန်းလေးမှာ ဂစ်တာသီးသန့်အရောင်းဆိုင် ဖွင့်ချင်တယ်တဲ့။ဘာပဲဖြစ်ဖြစ် သူဝါသနာပါတဲ့အတိုင်း လုပ်ပေးဖို့ ကျွန်တော်ဆုံးဖြတ်ထားပြီးသားပါ။
သူလိုချင်တဲ့ဆိုင်ခန်းနေရာနဲ့ ကျွန်တော့်ဆေးခန်းကလည်း ထောက်ကြန့်နဲ့မှော်ဘီဆိုတော့ ရန်ကုန်အတိုင်းအတာနဲ့ကြည့်ရင် ဝေးတယ်လို့တော့ ပြောလို့မရဘူးပေါ့။ရက်ခြားဆိုသလောက်ဖြစ်ဖြစ် ဝင်ကြည့်ပေး
လို့ရတာပဲလေ။
"အရင်က ဒီဆိုင်ပိုင်ရှင်က ဒီမှာ ပန်းချီဆွဲတာလေ။သိပ်မပြေလည်ဘူး
လို့ကြားတယ်။အခု သူ့သား အိမ်ထောင်ပြုတော့မှာမို့ အရေးတကြီးငွေလိုလို့ ရောင်းမှာတဲ့။ဆိုင်ခန်းရောင်းရငွေကို သူ့သားကိုအကုန်လက်ဖွဲ့ပြီး ရွာမှာပြန်နေတော့မှာလို့ ကြားတာပဲ။အဖေတစ်ခု သားတစ်ခုဘဝနဲ့ သူ့သားကိုသိပ်ချစ်တာတဲ့။အခု သူ့သားယူမယ့်မိန်းမက သူဌေးသမီးဆိုတော့ သူ့သားမျက်နှာငယ်မှာစိုးလို့ လက်ဖွဲ့များများပေးချင်
နေတာ။"
ဆိုင်ခန်းအနေအထားနဲ့ပတ်ဝန်းကျင်ကိုတော့ ကျွန်တော်လည်း
ကြိုက်ပါတယ်။အမြတ်အစွန်းထက် လောလောဆယ် ကျွန်တော့်ညီ ခြေငြိမ်ဖို့က အဓိက။ဒီလိုပဲ ကျွန်တော်တွေးမိတယ်။
ဝယ်ပေးမယ်လို့ ကတိပေးပြီး ကျွန်တော်တို့ ပြန်ထွက်လာခဲ့တယ်။
(၂)
ဒီညအဖို့ ကျွန်တော့်ဆေးခန်းရဲ့ နောက်ဆုံးလူနာပါ။
နားမှာတပ်ထားတဲ့နားကြပ်ကို ဖြုတ်ချလိုက်ပြီး ကျွန်တော် သက်ပြင်းတစ်ချက် လေးလေးပင်ပင်ချလိုက်တယ်။
"မဖြစ်မနေ ဆေးရုံတက်ဖို့လိုနေပြီဦးလေးရယ်။ကြာရင် ပိုဆိုးသွားနိုင်တယ်။အဆုတ်က တော်တော်လေးအားမရစရာဖြစ်နေပြီ။ အရင်တစ်ခေါက် ဦးလေးလာကတည်းက ဆေးရုံတက်လိုက်ပါလို့ ကျွန်တော်ပြောလိုက်သားနဲ့ဗျာ"
"ဟို ဟိုလေ ဆရာ။ဆေးရုံတက်ဖို့ ကုန်ကျစရိတ်လည်း ငဲ့ရသေး။ပြီးတော့ ကိုယ်ခွဲကလည်း မရှိလေတော့...."
"ခက်တယ်ဗျာ ခက်တယ်"
ထိုးဆေးထိုး၊သောက်ဆေးပေးလိုက်ပြီး ဆေးရုံးတက်ဖြစ်အောင်
တက်ဖို့ အတန်တန်ဖျောင်းဖျပေးလိုက်တယ်။
ဆေးခန်းပိတ်ချိန် ည(၈)နာရီထိုးပြီမို့ ကြည့်ပေးစရာလူနာလည်း ကုန်ပြီ။ ပြန်ဖို့ပြင်ဆင်နေတုန်းမှာ ကျွန်တော့်ကောင်မလေးဆီက
ဖုန်းဝင်လာတယ်။တွေ့နေကျနေရာကို လာခဲ့မယ်တဲ့။ကျွန်တော်လည်း
လာခဲ့ပါ့မယ်လို့ အကြောင်းပြန်လိုက်တယ်။
ကောင်မလေးက ကျွန်တော့်ထက်(၈)နှစ်လောက်ငယ်ပြီး အသက်(၂၀)ပဲ ရှိပါသေးတယ်။သူနေတဲ့ လှည်းတန်းဘက်ကနေ ကျွန်တော့်ဆေးခန်းရှိတဲ့ ထောက်ကြန့်အထိ ကိုယ်ပိုင်ကားနဲ့ ရံဖန်ရံခါ
လာတွေ့လေ့ရှိပါတယ်။သူမရှိရာ သွားတွေ့သင့်ပေမယ့် အလုပ်များတဲ့
ကျွန်တော့်ကို နားလည်ပေးသတဲ့လေ။အချစ်ရေးထက် အလုပ်ကိစ္စကို
ဦးစားပေးနေရတဲ့ကျွန်တော့်မှာ ဒီလိုအလိုက်သိတတ်တဲ့ ချစ်သူတစ်ယောက်ရထားတာ ကျွန်တော်ကံကောင်းတယ်လို့ ထင်မိတယ်။
မင်္ဂလာဒုံစာရေးဆရာအသင်း ရုံးခန်းရှိတဲ့ တွေ့နေကျ ထောက်ကြန့်စစ်သင်္ချိုင်းဘေးက လမ်းသစ်လမ်းထဲ ကျွန်တော်ရောက်တော့ သူမ မရောက်သေးဘူး။ကားရပ်ပြီး စောင့်နေလိုက်ပေမယ့် ကြာကြာတော့ မစောင့်လိုက်ရပါဘူး။သူမစီးလာနေကျကားလေး လမ်းထဲ ချိုးဝင်လာတာ တွေ့လိုက်ရတယ်။
သူမ ကျွန်တော့်စကားကို နားထောင်တာတွေ့လိုက်ရတော့ ကျွန်တော်တစ်ချက်ပြုံးမိသွားတယ်။အရင်တစ်ခေါက် သူမလာတုန်းက ခေါင်းခန်းမှာ ကားဒရိုင်ဘာနဲ့အတူတူယှဉ်ပြီး ထိုင်လာတာ တွေ့ရလို့ ကားနောက်ခန်းမှာပြောင်းထိုင်ဖို့ ကျွန်တော် သူမကို ပြောခဲ့တယ်လေ။အခု ချစ်စရာကောင်းလောက်အောင်
ကျွန်တော့်စကားနားထောင်တာ တွေ့လိုက်ရတယ်။
ကားခေါင်းခန်းထဲမှာ သူမ ဒရိုင်ဘာနဲ့အတူတူယှဉ်ထိုင်တာ
ကျွန်တော်မနှစ်မြို့ဘူး။အဆင့်အတန်းခွဲတာတော့ မဟုတ်ပါဘူး။ဒရိုင်ဘာက အသက်ကြီးကြီးဆိုပေမယ့် ညအချိန်မျိုးမှာ သူမအတွက် စိတ်မချမိတာတော့ အမှန်ပါ။
သူမနဲ့ကျွန်တော် လမ်းလျှောက်ထွက်ရင်း၊ ချစ်သူတို့ဘာသာဘာဝ
အလွမ်းပြေစကားတွေ ပြောကြရင်းပေါ့။အချိန်ကလေး နည်းနည်းရလာတော့ သူမကားဆီ ပြန်ပို့ပေးလိုက်ပြီး ကျွန်တော် လက်ပြနှုတ်ဆက် ကျန်ရစ်ခဲ့ပါတယ်။
(၃)
ဒီနေ့ ကျွန်တော့်ညီလိုချင်တဲ့ မှော်ဘီကဆိုင်ခန်းအတွက် အရောင်းအဝယ်စာချုပ်ချုပ်ပြီး ငွေချေဖို့ချိန်းထားတယ်။ဆေးခန်းဖွင့်ချိန်မရောက်မီ မှော်ဘီဘက် ကျွန်တော့်တို့ညီအစ်ကို ထွက်လာခဲ့တယ်။ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှာပဲ စာချုပ်ချုပ်၊ငွေချေဖို့ ချိန်းထားတာမို့ အုပ်ချုပ်ရေးမှူးအိမ်ကိုပဲ ဦးတည်ရတာပေါ့။
ဟိုရောက်တော့ အသိသက်သေလုပ်ပေးမယ့်သူတွေသာ အစုံအလင်ရောက်နေတာ ဆိုင်ခန်းပိုင်ရှင်က မရောက်လာသေးဘူး။လူတစ်ယောက်က ဆိုင်ကယ်နဲ့သွားလိုက်ခေါ်လာမှ မဝံ့မရဲပါလာတယ်။
ဆိုင်ခန်းပိုင်ရှင်ကိုတွေ့တော့ ကျွန်တော် အတော်လေး အံ့အားသင့်သွားတယ်။
"ကျွန်တော့်ဆိုင်ခန်းကိုဝယ်မှာ ဆရာမှန်းသိလိုက်ရတော့ မျက်နှာချင်းမဆိုင်ရဲဘူးဗျာ ဒါကြောင့်မို့ ရှောင်နေတာ။ဒါပေမယ့် မဖြစ်မနေ
ရောင်းရမှာဆိုတော့လည်း...."
"ဦးလေးရာ ဦးလေးရောဂါထက် ဦးလေးရဲ့သားကိုလက်ဖွဲ့ဖို့က ပိုအရေးကြီးနေသလားဗျာ။ဒီလိုဆိုရင်တော့ ဦးလေးဆိုင်ခန်းကို ကျွန်တော်မဝယ်ချင်ဘူးဗျာ"
ဦးလေးကြီးရဲ့ ရောဂါဒဏ်နဲ့ချောင်ကျနေတဲ့ မျက်နှာနွမ်းနွမ်းထက်မှာ စိုးရိမ်ရိပ်တစ်ချက် ဖျတ်ခနဲ ရှပ်ပြေးသွားတာ ကျွန်တော်မြင်မိလိုက်တယ်။
"ကျွန်တော့်သားအတွက် ကျွန်တော်နောက်ဆုံးလုပ်ပေးနိုင်တာ ဒါလေးပဲရှိပါတယ်။တကယ်လို့ ဆရာ မဝယ်တော့ဘူးဆိုရင်လည်း တခြားလူတစ်ယောက်ယောက်ကို မတည့်တည့်အောင်တော့ ကျွန်တော်ရောင်းဖြစ်မှာပါ"
ကျွန်တော် တော်တော်လေး စိတ်မကောင်းဖြစ်သွားတယ်။သူ့ကိုငဲ့ပြီး ကျွန်တော် မဝယ်ဘူးဆိုရင်လည်း သူ့သားမင်္ဂလာပွဲအမီ
တစ်ယောက်ယောက်ကို မတည့်တည့်အောင် သူရောင်းမယ်ဆိုတာ သေချာနိုင်တယ်။ဒီလိုဆို ဝယ်လက်က ဈေးနှိမ်ပြီး ဝယ်သွားနိုင်တယ်။
ကျွန်တော် စိတ်မသက်မသာနဲ့ပဲ အရောင်းအဝယ်စာချုပ်မှာ လက်မှတ်ထိုးဖြစ်လိုက်တယ်။
ဪ ဖခင်တွေ ဖခင်တွေ။
(၄)
တစ်ပတ်တစ်ခါလိုလို တွေ့ဖြစ်နေကျဆိုတော့ ကျွန်တော်တို့ကို ဒီနားဝန်းကျင်ကလူတွေ စိမ်းတော့မယ်လို့ မထင်မိဘူး။
ထောက်ကြန့်စစ်သင်္ချိုင်းရဲ့ ပတ်ဝန်းကျင်ဟာ အအေးဓာတ်နည်းနည်း
ပိုနေတာကလွဲလို့ ခါတိုင်းထက် ထူးခြားမနေ။
နေ့လည်က ဆိုင်ခန်းအရောင်းအဝယ်ကိစ္စမှာ စိတ်မကောင်းဖြစ်၊
စိတ်ညစ်နေခဲ့တဲ့အရှိန်နဲ့ လူက မလန်းဆန်း။တွေ့ချင်တယ်ဆိုလို့သာ
ထွက်လာခဲ့တာ အိမ်ပြန်ပြီး အနားယူချင်စိတ်က ခပ်များများ။ဒီနေ့မှ
ထူးထူးခြားခြား ဆုံးပါးသွားတဲ့ ကျွန်တော့်အဖေကို လွမ်းဆွတ်တမ်းတနေမိတယ်။
သူမကားလေး ဆိုက်ရောက်လာချိန်မှာတော့ ညစ်နေတဲ့စိတ်အပေါ် အလိုမကျမှုတွေက ထပ်ပိုးလာတယ်။
ဒီည သူမ ကားခေါင်းခန်းထဲမှာ ဒရိုင်ဘာနဲ့ယှဉ်ပြီး ထိုင်လာပြန်ပြီ။
ဟိုက နှာခေါင်းဝကို ရှူဆေးတေ့ပေးလိုက်၊ပုဝါထုတ်ပြီး သုတ်ပေးလိုက်နဲ့ မြင်ကွင်းတွေက ကန့်လန့်ဖြတ်တွေချည်း။အနွေးထည်ပါးပါးနဲ့ ကားပေါ်ကဆင်းလာတဲ့သူမကို မဲ့ပြုံးတစ်ချက်နဲ့ ခရီးဦးကြို ပြုလိုက်တယ်။
စိတ်ထဲက အလိုမကျမှုတွေကို ပါးစပ်က ထုတ်မပြောလိုက်တော့ပေမယ့် စကားမှန်သမျှကတော့ ညင်ညင်သာသာ လျှောထွက်မသွားခဲ့
ဘူး။သူမရဲ့ နားမလည်နိုင်သလို မျက်ဝန်းတွေကို ဖြေရှင်းပြဖို့လည်း ကျွန်တော်မကြိုးစားခဲ့။ခဏတဖြုတ်ပဲ အချိန်ပေးခဲ့ပြီး နှုတ်ဆက်ထွက်ခွာ ပြန်ခဲ့လိုက်တယ်။
အိမ်ပြန်ရောက်တာနဲ့ အိပ်ယာပေါ်ပစ်လှဲချလိုက်တယ်။တစ်နေကုန်
စိတ်မော၊လူမောနဲ့ မျက်လုံးမှိတ်ချိန်အထိတောင် ကြည်လင်မှုမရှိသေးဘူး။
ဖုန်းသံကြားလို့ ကြည့်မိလိုက်တော့ ကျွန်တော့်ချစ်သူ ကောင်မလေးဆက်တာ။မကိုင်ဘဲ ထားလိုက်ပေမယ့် လေးငါးကြိမ်အထိဖြစ်လာတော့ ကိုင်ဖြစ်သွားတယ်။
"ကို ဒီနေ့ ဘာဖြစ်နေတာလဲဟင်"
"ကို ဘာဖြစ်နေတာလဲလို့ ဒီနေ့ကိုနဲ့တွေ့ရတာ တစ်မျိုးကြီးပဲ ဘာတွေအလိုမကျဖြစ်နေလဲ"
မပြောတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့ပေမယ့် စိတ်က ထိန်းမထားနိုင်တော့ဘူး။
"မင်းကို ကိုမှာထားတယ်မဟုတ်လား ကားခေါင်းခန်းမှာ မထိုင်ပါနဲ့လို့"
"ဪ ဒါကြောင့်လားကိုရယ်။ချစ်ဒီနေ့ နေသိပ်မကောင်းလို့ပါ"
"နေမကောင်းတာ ခေါင်းခန်းပြောင်းထိုင်ရုံနဲ့ ကောင်းသွားရောလား။
အဟင်း ဟိုက ရှူဆေးထုတ်ပေးလိုက်၊ပုဝါနဲ့ သုတ်ပေးလိုက်နဲ့ ငါကွာ
ပြောရရင် မကောင်းဖြစ်တော့မယ်။ဒီမှာ ကိုယ်နဲ့အမြဲဆက်ဆံနေရတယ်ဆိုပေမယ့် အလွယ်တကူမယုံစားလိုက်နဲ့ အဲဒါ ကျားကွ
ညအမှောင်မှာ ဘာမဆိုဖြစ်သွားနိုင်တယ်။အဲဒီဒရိုင်ဘာပုံစံ ကိုသိပ်မကြိုက်ဘူးကွာ မင်းကိုဆက်ဆံနေတာ တစ်မျိုးကြီးပဲ။ လူလဲရင်လဲလိုက်တော့"
"ကို"
သူမ ထအော်လိုက်တော့ မာန်မဲနေတဲ့ကျွန်တော် ရုတ်တရက် လန့်သွားတယ်။ခဏကြာတော့ သူမဘက်က ငိုသံတွေ တအိအိထွက်
လာတယ်။
"ဒရိုင်ဘာတဲ့လား ကိုရယ်။ အဲဒါလေ အဲဒါ ချစ်ရဲ့ဖေကြီးပါ အဟင့်"
"ဘာ ဘယ်လို"
"ဖအေတန်မဲ့နဲ့ ချစ်အလိုကို လိုက်လျောပေးနေခဲ့တာ။ ချစ်ဆီ လာမတွေ့နိုင်တဲ့ကို့ကို ချစ်က လိုက်တွေ့မယ်ဆိုတော့ ညဘက် တစ်ယောက်တည်း စိတ်မချလို့ဆိုပြီး သူကိုယ်တိုင် ကားမောင်းပြီးလိုက်ပို့တာ။ ခုတော့ ဒရိုင်ဘာလို့ အထင်ခံရတယ် အဟင့် ဖေကြီးသနားပါတယ်။ ချစ်ကိုယ်တိုင်က မကောင်းခဲ့တာပါ"
ဖြေရှင်းချိန်တောင်မရလိုက် သူမဘက်က ဖုန်းချသွားခဲ့ပြီ။ပြန်ခေါ်တော့လည်းမကိုင်ဘဲ စက်ပါပိတ်သွားခဲ့ပြီ။
ကျွန်တော် အမှားကြီးမှားပါပေါ့လား။ကျွန်တော်စိတ်မချမိတဲ့ ဒရိုင်ဘာလို့ ထင်ခဲ့မိသူဟာ ဂုဏ်သိက္ခာကိုမငဲ့ဘဲ သမီးချစ်သူဆီ ကိုယ်တိုင်ကားမောင်းပို့ပေးတဲ့ ဖခင်တစ်ယောက်တဲ့လား။တရှိန်းရှိန်းတက်လာတဲ့ ကြက်သီးတွေနဲ့အတူ ကျွန်တော် မျက်ရည်များပါ
ဝိုင်းမိလာတယ်။မနက်မိုးလင်းတာနဲ့ သူမဆီအရောက်သွားပြီး ဝန်ချတောင်းပန်ရမှ ကျွန်တော့်ကိုယ်ကျွန်တော် ခွင့်လွှတ်နိုင်လိမ့်မယ့်။
အိပ်စက်လို့မရနိုင်အောင် ခေါင်းထဲမှာ အတွေးတွေက ချာချာလည်။ဖခင်တွေဟာ ရွှေသားမထွက်တဲ့ အညံ့စားမြေသားဖြစ်နေရင်တောင် သားသမီးအတွက်ဆို မဖြစ်ဖြစ်အောင်နန်းတည်ပေးနိုင်တဲ့ မြေသားနန်းတော်များသာ။
ကိုယ့်သား မျက်နှာငယ်မှာစိုးလို့ လက်ဆုပ်လက်ကိုင်ဆိုင်ခန်းလေး ရောင်းချလက်ဖွဲ့ချင်သော ဖခင်။ချစ်သူဆရာဝန်ထံ သွားတွေ့မယ့်သမီးကို သိက္ခာမငဲ့ လိုက်ပို့ဝံ့သောဖခင်။
ကျွန်တော် မျက်ရည်မထိန်းနိုင်စွာနဲ့ အိပ်ရာခေါင်းရင်းထက်က
နံရံပေါ်ကိုမော့ကြည့်လိုက်မိတယ်။တစ်ချိန်က လယ်ထဲ၊ရွှံ့ထဲမှာ
မညည်းမညူရုန်းကန်ရင်း သားတစ်ယောက်ကို ဆေးကျောင်းပြီးအောင်ထားနိုင်ခဲ့တဲ့ ဖခင်တစ်ဦးပုံရိပ်ဟာ ဓာတ်ပုံမှန်ဘောင်ထဲမှာ
ခန့်ညားစွာ။
18 January 2017 စံတော်ချိန်သတင်းစာ
Good read. I noticed the same thing. This is why the trending page will be full of essentially the same article written by different people. @sunminkyaw
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit