The Story of Mount Popa

in story •  7 years ago 

ကျွန်မသည် ဇာတိရပ်ရွာအညာမြေမှ အကြေအောက်ရွာ ရန်ကုန်မြို့ကြီးဆီသို့ ပြောင်းရွှေ့နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းလေးဆယ်ရှိချေပြီ။ အနှစ်လေးဆယ်ဆိုသည်မှာ လူ့ဘ၀တစ်ဝက်ဟုပင် တင်စားပြောနိုင်မည် ဖြစ်သော်လည်း ကျွန်မအတွက်မူ အညာမြေကို မမေ့နိုင်သေးဘဲ တမ်းတမ်းတတ လွမ်းနေရဆဲဖြစ်သည်။ အထူးသဖြင့်တော့ ပုပ္ပားတောင်မကြီးအရှေ့ဘက်မှ လက်ပန်ပြားဆိုသော ရွာကြီးကို လွမ်းစိတ်တွေတဝေေ၀ ဖြစ်ရသည်။
ကျွန်မတို့ရွာသည် ပုပ္ပားတောင်မကြီးနှင့် ဆယ်မိုင်အကွာမှာ ရှိသည်ဆိုသော်လည်း ပုပ္ပားတောင်မကြီးကို အဝေးက ထင်ထင်ရှားရှားမြင်ရသည်။ ဂန္ထ၀င်မြောက် တောင်အုပ်စုကြီးဖြစ်သလို တောင်မကြီးမှ ဖြာထွက်ဆင်းသက်လာသော တောင်တန်းတောင်စဉ်တို့ကလည်း ရှုမျှော်မဆုံး သွယ်တန်းနေသည်။ ပုပ္ပားတောင်ကြီးကို အရပ်ရှစ်မျက်နှာမှ အသွင်သဏ္ဍာန်မျိုးစုံဖြင့် တွေ့မြင်နိုင်သည်။ ထိုအထဲတွင် ကျွန်မတို့ အရှေ့အရပ်ဘက်မှ မြင်ရသော ပုပ္ပားတောင်သည် ယက်ကန်းလက်ခတ်သဏ္ဌာန်ရှိလေ၏။

ကျွန်မငယ်စဉ်ကလေးဘ၀ လေးငါးခြောက်နှစ်သမီးအရွယ်တွင် ဖခင်က ကျွန်မ၏ဦးခေါင်းကို သူ၏သန်မာထွားကျိုင်းလှသော လက်နှစ်ဖက်ဖြင့် ကိုင်ညှပ်လျက် အထက်သို့ ပင့်မြှောက်ကာ “ပုပ္ပားတောင်ကြီး မြင်ပြီလားဟေ့”ဟုမေးလျက် ပြသလေ့ရှိသည်။ တစ်ကြိမ်မြှောက်လိုက် “ပုပ္ပားတောင်ကြီး မြင်ပြီလားဟေ့”ဟု မေးလိုက်နှင့် အကြိမ်ကြိမ်အခါအခါ နေ့စဉ်လိုလို လုပ်လေ့ရှိသည်။ ခါးကိုဆန့်လျက် မခြင်းဖြင့် အရပ်မြင့်စေရန် ရည်ရွယ်ခြင်းဖြစ်သကဲ့သို့ ပုပ္ပားတောင်ကြီးကို သူချစ်ခင်သလို ချစ်ခင်တွယ်တာစေရန်လည်း ဖြစ်နိုင်၏။
အမှန်စင်စစ် ကျွန်မတို့သားအဖသာမက ရွာမှဖခင်တိုင်းက သားသမီးများကို ပုပ္ပားတောင်ဘက်ဆီသို့ မျိုးဆက်သစ် ကလေးသူငယ်တိုင်းကို ပြသလေ့ရှိကြသည်မှာ ထုံးတမ်းစဉ်လာဖြစ်သည်။ မိမိသားသမီးများကို တောင်တော်ရွှေပုပ္ပားကို မြှောက်ကာပြသသည့်ဓလေ့ မည်သည့်အချိန်က စတင်ခဲ့သည် မသိနိုင်သော်လည်း ကျွန်မ၏ ဇာတိမြေက ရွာသူရွာသားတို့သည် နောက်ပိုင်းမှာ ပုပ္ပားတောင်ကြီး မြင်ပြီလားဆိုသည့် မေးခွန်းကို ပြောရလွန်းသဖြင့် ပီပီသသပင် အသံမထွက်တော့ဘဲ “ပုပ်ဗတောင်ဂျီး မြင်ဘလားဟေ့”ဟုပင် ခပ်ဝဲ၀ဲဖြစ်ခဲ့လေပြီ။
ကျွန်မတို့ဒေသကား ပုပ္ပားတောင်ကို အစပြုလျက် သွယ်တန်းလာသော ပဲခူးရိုးမ၏ ခရီးဦးအစ တောင်စဉ်တောင်တန်းများအကြား ကြီးပြင်းခဲ့သူဖြစ်၍ တောင်တန်းတောင်စွယ်တို့ကို မြင်လျှင်ကို မြတ်နိုးတွယ်တာတတ်လေ၏။ ရွာကိုဝိုင်းပတ်ထားသော တောင်နီတောင်၊ တောင်ဖိုးအိုတောင်၊ မျက်လှတောင်၊ တောင်လှ၊ ဘုရားလေးကုန်း အစရှိသော တောင်များစွာကိုလည်း နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးလေသည်။
တောထဲတောင်ထဲမှာ ပျော်မွေ့သူမို့ တောတွေ တောင်တွေ၏ တန်ဖိုးကိုလည်းသိပါ၏။ နားလည်ပါ၏။ ငယ်စဉ်ကပင် မှတ်သားခဲ့သော စကားများတွင် တောင်တစ်လုံး၏ အရေးပါပုံ၊ ခိုင်မြဲပုံကိုလည်း စွဲစွဲမြဲမြဲမှတ်သားခဲ့သည်။ အမေက အဖေကွယ်လွန်ဆုံးပါးသောအခါ (ရွှေတောင်ကြီး ပြိုတာပါပဲ)ဟု ဆိုခဲ့သည်။ အမေ၏ ဘ၀အတွက် အဓိကအားကိုးအားထားပြုရာ အဖေမရှိတော့ခြင်းကို တောင်ပြိုခြင်းနှင့် ခိုင်းနှိုင်းတင်စားပြောဆိုခဲ့သည်။ သားအမိများအပေါ် ထားရှိသော မိဘမေတ္တာကိုတော့ (မြင့်မိုရ်တောင်ဦး မကကျူးသား ကျေးဇူးအရှင် မွေးမိခင်နှင့်ဖခင်)ဟု တင်စားပြောဆိုကြပြန်သည်။ လက်ခံပါသည်။ ပြောထိုက်ပါသည်။ တကယ်ပင် ကြီးမားသောအရာ ခိုင်မြဲသောအရာ မိဘမေတ္တာတရားကို တောင်များ၏ ခိုင်မာမှု ကြီးမားခန့်ထည်မှုနှင့် နှိုင်းယှဉ်နိုင်ကြပါသည်။
ကျွန်မ၏ဘ၀တွင် ဤမျှကြီးမားခိုင်ခန့်သော အားထားရာ၊ အမှီအခိုပြုရာ၊ မေတ္တာတရားနှင့် ခိုင်းနှိုင်းရာသော တောင်ကြီးများပြိုသည်ကို ငယ်စဉ်တောင်ကျေး ကလေးဘ၀က လုံးဝမမြင်ဘူးခဲ့။ လူကတော့ သေနိုင်ဆုံးနိုင်သည်။ လူသေဆုံးသလို တောင်ဆိုတာကော ပျက်တတ်သလား။ ပြိုတတ်သလား။ တောင်တစ်လုံးလုံး ပြိုလောက်အောင် အဘယ်အရာက စွမ်းဆောင်နိုင်သည်ကိုမသိခဲ့။ ခိုင်မာခန့်ညား ကြီးမားမြင့်မောက်သော တောင်ကြီးတွေ မြေသားကြမ်းပြင်အထိ ပြိုမည်ဟုလည်း မထင်မှတ်ခဲ့မိချေ။
ကျွန်မမှားပါသည်။ အသက်ကြီးလာမှ တောင်ပြိုသွားသည်ကို မြင်ဖူးတော့သည်။
ကျွန်မ အလုပ်တာဝန်ဖြင့် ကချင်ပြည်နယ် ဖားကန့်မြို့သို့ ရောက်သွားချိန်တွင်မှ မြင့်မောက်လှသော တောင်ကြီးတွေ အလဲလဲအပြိုပြို ဖြစ်ကြရသည်ကို မြင်ဖူးတော့သည်။ ဖားကန့်မှာအခြေချ၍ အမြဲနေထိုင်ရသည်တော့မဟုတ်။ မြစ်ကြီးနားမှ ဖားကန့်သို့ နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ် သွားရသည်။ ထိုသို့ သွားရသည့်အခါတိုင်း ပထမတစ်ကြိမ်သွားစဉ်က မော်၍မျှော်၍ကြည့်ရသော ပေသုံး၊ လေးထောင်မြင့်မားသော တောင်ထွတ်ကြီးတစ်လုံးသည် နောက်တစ်ကြိမ်ရောက်လျှင် ကွင်းပြင်ကြီးဖြစ်သွားတတ်သည်ကို စတင်မြင်ဖူးသည်။ စက်ယန္တရားကြီးတွေနှင့် ကျောက်စိမ်းတွေ တူးကြဖော်ကြသည်ကိုး။ တချို့သော တောင်များမှာမူ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်း နှစ်ဘက်သုံးဘက်ညှပ်၍ တူးဖော်ကြရင်း တောင်ပဲ့တောင်ရွဲ့ကြီးများ ဖြစ်နေတတ်သည်။ မယ်ငွေဥတစ်ယောက် ကချင်ပြည်နယ် ဖားကန့်ဒေသသို့ မကြာခဏရောက်လေမှ တောင်တို့မည်သည် ပြိုကျသွားရုံမက လောကထဲမှ အမည်နာမကလေးမျှ မကျန်နိုင်တော့ဘဲ ပျောက်ကွယ်၍ပင် သွားတတ်ပါကလားဟု သိရှိလေတော့သည်။
ထိုအခါ ကျွန်မ စဉ်းစားကြည့်မိသည်။ တောင်တို့မည်သည် သူ့သဘောလောက် အလိုလိုပြိုရန် ခက်ခဲသော်လည်း လူတို့၏ လောဘဖြင့်ဖြိုလျှင် လပိုင်းအတွင်း ပြိုတတ်ပါကလားဟု အသိတွေတိုးလာ၏။ တောင်တစ်လုံးအသစ်ဖြစ်ရန် ကပ်ကမ္ဘာတစ်ခုမျှ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပေါ်ရန် လွန်စွာခဲရင်းသော်လည်း လောဘသားတို့ ဖြိုလေသော် တစ်လ၊ နှစ်လ ဖြိုရုံမျှဖြင့် ပြိုရုံမက ပျောက်ကွယ်တတ်ပါကလားဟု သင်္ခန်းစာသစ်တွေ တိုးလာ၏။ သင်္ခန်းစာသစ်တွေ တိုးလာသလို အတွေးပေါင်းများစွာလည်း ၀င်မိ၏။ လူမည်သောသတ္တ၀ါသည် သဘာဝတရားတို့ကို မချစ်မခင်။ ရွှေကို ငွေကိုချစ်၍ သဘာဝကို ပြစ်ပယ်ကာ တောကိုသတ်၊ တောင်ကိုသတ်တတ်ပေတကားဟုလည်း ကောက်ချက်ဆွဲမိပြန်၏။ အရင်းစစ်သော် လောဘတည်း။ လောဘကား လူနှင့်လူချင်းလည်း သတ်နိုင်၏။ တောတွေ၊ တောင်တွေကိုလည်း သတ်နိုင်လေ၏။
ကျွန်မကား ဖားကန့်မြို့သို့ ရောက်လေတိုင်း တောင်လွမ်းမျက်ရည် ကျလေသည်။ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများက ဖြိုနေဆဲတောင်တန်းများမှ ၀င်းဝါနေသော မြေသားတချို့နှင့် အကောင်းပကတိ ကျန်နေသေးသော အစိမ်းရောင်တချို့ ကွက်ကြားတွေ့လျှင် မျက်စိပသာဒ အလွန်လှသဖြင့် “လှလိုက်တာ”ဟု ပြောတတ်ကြသည်။ ကျွန်မကား မပျော်နိုင်။ ပါးစပ်ကလည်း “ဘယ်ကလာလှရမှာလဲ။ အဲဒါ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေတာ။ နောက်ဆက်တွဲပြဿနာတွေ အများကြီးဟု ပြောမိတတ်၏။ အဆိုးဆုံးမှာ တောင်ပြိုသွားသော မြေသားများနုန်းတင်သဖြင့် မြစ်ချောင်းများပါ ကောခြင်းဖြစ်သည်။
ယခုတော့ မယ်ငွေဥတစ်ယောက် ကချင်ပြည်နယ် ဖားကန့်မြို့သို့ မရောက်သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ။ တစ်ရံတစ်ခါတော့ ဖားကန့်ဒေသမှာ ကချင်တောင်တန်းကြီးတွေ ရှိမှရှိပါသေးရဲ့လားဟု လွမ်းမောတသစွာ တွေးမိတတ်သည်။
ယခုတလောတွင်မူ မကြာမီ သီတင်းပတ်များကစတင်၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်၊ ကြေးစင်တောင်၊ စံပယ်တောင် ကြေးနီစီမံကိန်းအကြောင်း မီဒီယာများမှတစ်ဆင့် ကြားသိရပြန်လေသော် မယ်ငွေဥတစ်ယောက် စိတ်မချမ်းမြေ့ ဖြစ်ရပြန်သည်။ တောင်-တောင်-တောင်။ တောင်ဟူသည်ကား ဒေသခံတို့အတွက်မူ အမည်နာမကို ကြားရုံမျှနှင့် ရင်ခုန်စရာ၊ တွယ်တာစရာ ဘ၀သံယောဇဉ်တွေ ရှိနေတတ်ကြသည်။
သို့သော် တောင်ရှိရာအရပ်တို့ကား ရွှေ၊ ငွေ၊ ကျောက်၊ သံ၊ ပတ္တမြား၊ ကြေးနီ စသော ရတနာတွေလည်း ကိန်းအောင်းတည်ရှိနေတတ်သည်။ အဖိုးထိုက်တန်သော ရတနာများရှိမှန်းသိလျှင် လောဘသားတွေ ရောက်ရှိလာကာ စက်ယန္တရားကြီးများဖြင့် အတိုင်းအတာမဲ့ တူးယူကြတော့သည်။ နောက်ဆုံးတော့ ပေသုံး၊ လေး၊ ငါးထောင် အရွယ်အစားရှိသော တောင်ကြီးများပင် တစ်လုံးပြီးတစ်လုံးလည်း ပျောက်ကွယ်သွားကြရလေတော့သည်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ တောင်တွေပြိုဆင်း ပျောက်ကွယ်သွားကြရသော်လည်း ဒေသခံများ အထိုက်အလျောက် အကျိုးကျေးဇူးရှိနေသဖြင့် ပြဿနာကြီးကြီးကျယ်ကျယ်ဖြစ်သံ မကြားခဲ့ရ။ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပန်းတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်များမှာမူ ကြေးနီထုတ်လုပ်သော ကုမ္ပဏီများက တာဝန်ခံတာဝန်ယူမှု မရှိကြသဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးမပါ။ လက်ဗလာဖြစ်ကြရပြီး ကြေးနီစီမံကိန်းရပ်တန့်ရန် နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒပြနေကြသည်။ မိမိတို့ဒေသမှာ သတ္တုသိုက်ရှိသည်။ ထိုသတ္တုသိုက်ကား ဒေသခံများအကျိုးမရှိဖြစ်လျှင် ပြဿနာတွေဖြစ်မည်မှာ သဘာဝသာတည်း။ ဒေသခံများအကျိုးရှိစေဦးတော့။ တောင်စဉ်တောင်တန်းများ၏ မူလအမည်နာမပင် မကျန်ရှိအောင် ဖြိုဖျက်၍ ပြိုပျက်ပျောက်ကွယ်သည်အထိတော့ မည်သူကမှ သဘောတူနိုင်မည် မဟုတ်ပါချေ။

Photo credit-ywarsawkonu - WordPress.com

ပြောသာပြောရပါသည်။ ကျွန်မတို့ဒေသ မြန်မာပြည်အလယ်ပိုင်း ပုပ္ပားတောင်ကြီး၏ မြောက်ဘက်ခြမ်းရှိ တောင်ပေါ်၊ ကျောက်တံခါး၊ ငရံ့ကုန်း စသောကျေးရွာများမှ ပိုဇိုလန်ဟုခေါ်သော မီးတောင်ချော်မြေများကို တူးဖော်နေကြသဖြင့် တောင်သားနံရံတွေ အတော်ပျက်စီးပြိုကျနေပြီဖြစ်သလို လယ်ယာသိမ်းမှုများလည်း ဖြစ်ပေါ်နေသည်ဟု သိရသည်။ အထူးသဖြင့် ငရံ့ကုန်းရွာအနီးမှာ အလွန်ဆိုးရွားသော သဘာဝပတ်ဝန်းကျင် ပျက်စီးနေသည်ကို တွေ့ရသည်။ ကျွန်မကတော့ ပုပ္ပားတောင်ဒေသမှာ မည်သည့်ရတနာသတ္တုပစ္စည်းမှ မထွက်စေချင်မိပါ။ ရတနာသတ္တုသိုက်တွေရှိခြင်းက လှပသောမိန်းမပျိုကလေးကဲ့သို့ အန္တရာယ်များလွန်းလှသည်။

Photo Credit-Myanmar Travelling

ကျွန်မ၏ဖခင်က ကျွန်မကို ပုပ္ပားတောင်ကြီးမြင်ပြီလားဟု ပြသခဲ့ခြင်းက မိမိမွေးဖွားရှင်သန်ရာဒေသက တောင်တန်းကြီးတွေကို ချစ်ခင်မြတ်နိုးတတ်ဖို့သာ ရည်ရွယ်ခဲ့လေသည်။ ပြည်တွင်း၊ ပြည်ပ လောဘသားတို့ကား တောင်တန်းကြီးများအတွင်းမှ ရတနာသိုက်ကို မြေကျော၊ ရေကျော အားလုံးတက်တက်ပြောင်အောင် ဖောက်ယူစားရန် အဓိကမဟုတ်ပါလား။
ဖြစ်နိုင်လျှင်တော့ မယ်ငွေဥသည် ပုပ္ပားတောင်နှင့်တကွ မြန်မာပြည်က အနောက်ရိုးမ၊ အလယ်ရိုးမ၊ အရှေ့ရိုးမ အစရှိသော တောင်တန်းများကို မည်သူမှ မမြင်မတွေ့အောင် နှလုံးသားထဲမှာ သိမ်းဝှက်၍သာ ထားလိုက်ချင်ပါသည်။ ။
............
Credit to ဆရာ Kyaw Winn Swe

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!