အသက်ကလေး မေးကြည့်လိုက်တော့ ၁၉ တဲ့
ရိုးရိုးကြည့်ရတာတော့ တော်တော်လှတဲ့အမျိုးထဲကလို့ပဲ
ထင်မြင် ယူဆမိပါတယ်။
ညနေစောင်း ပုဆိုးခေါက်ကလေး ပုခုံးပေါ်တင်ကာ
ရေဆိပ်ဆင်းလာမှ ပက်ပင်းတိုးလိုက်တော့
ရင်တွေခုန်လွန်းလို့ အသက်ကိုမှန်အောင်မနည်းရှူနေရတာ
တင်ထူးကိုမေးကြည့်လိုက်တော့
" အဲဒါပေါ့ကွ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်
ညောင်ကြပ်ရွာသူ မိရွှေတုတ် ဆိုတာ " တဲ့
ဆောင့်သလို အောင့်သလိုပြောလိုက်တဲ့ တင်ထူးစကားကြောင့်
အနည်းဆုံးတော့ ဘယ်ရွာကဆိုတာသိလိုက်ပြီလေ။
ကောင်မလေးက အသက်ကလေးပဲပြောပြသွားတာ
တင်ထူးက နေရပ်လိပ်စာပါ အတိအကျ
" သူ့ဟာသူ ကွမ်းတောင်ကိုင်မကလို့ ဘာပဲကိုင်ကိုင်
အဲ ဟုတ်ပါဘူး ဘယ်လောက်လှလှလို့ပြောတာပါ
ဒီကလည်းကြည့်လိုက်ဦးလေ၊ တောင်ပုံရွာက
ညိုကြီးဆိုတာ ကျုပ်တစ်ညိုတည်းရှိတာဗျ "။
မဆီမဆိုင်ကြုံးဝါးသံနှင့်အတူ အထွေးလေးမြတို့အိမ်ကို
အဲဒီညက သွားလည်ဖြစ်တယ်၊ မိရွှေတုတ်ဆိုသူက
အထွေးလေးမြတို့နဲ့ သားချင်းဆိုလားဘာဆိုလားဗျာ
သွားသာသွားရတာ အထွေးလေးမြကတော့ မကြည်ဘူးလေ
သူ့အိမ်တစ်ခါမှ မလာဖူးတဲ့သူက မလာစဖူးအလာထူးနေတော့
အထွေးလေးမြက သိတာပေါ့။
အဲဒီညက ကျုပ်လည်းနွားသိုး ကြိုးပြတ်အဖြစ်ခံပြီး
ငန်းတာပေါ့၊ ရွာက ကောင်မလေးတွေကျ ကြိုက်မရဘူးဗျ
သူတို့လည်း ကျုပ်ကိုဆို ပွင့်ပွင့်လင်းလင်းနဲ့ပြောကြဆိုကြ
အကိုတစ်ယောက်လိုပဲ ပြောဆိုနေထိုင်ကြတာ
ကျုပ်ကြီးကလည်း ကြိုက်ပါဘူးလေ
ကိုယ့်မောင်နှမတွေလိုပါပဲ။
မိတုတ်ကြီးနဲ့ကျ ဘယ်လိုမှမနေနိုင်ပါဘူးဗျာ၊
တစ်ရွာသူကလည်း ဖြစ်ပြန် လှလိုက်တာကလည်း
နာလန်မထူနိုင်လောက်အောင်ကို လှတာဗျာ။
သူတို့ညောင်ကြပ်ရွာနဲ့ ကျုပ်တို့တောင်ပုံရွာက
နည်းနည်းတော့ လှမ်းတယ်ဗျ၊ မြစ်လက်တက်နှစ်ခုကို
ကူးပြီးမှရောက်တာ
အဲမြစ်လက်တက်နှစ်ခုသာ မကူးတတ်လို့ကတော့
ဘယ်အပျိုမှ မလည်ရဘူးသာမှတ်ဘဲ။
အဲလိုနဲ့ မိရွှေတုတ်ကြီးနဲ့ ကျုပ်လည်း ဟုတ်တုတ်ပတုတ်နဲ့
အဆင်ပြေသဗျ၊ သူကလည်းပြောပါတယ်
ကျုပ်လိုရှည်ရှည်မျောမျောကိုမှသဘောကျသတဲ့။
ကျုပ်ကလည်း အဖေတူဆိုတော့ ရှည်ပါ့ဗျာ
" အရပ်အမောင်းကို ပြောပါတယ် "
အဖိုးကလည်း " မဲမှချို ၊ ညိုမှချော " လို့ပြောပြီး
ကျုပ်နာမည်ကို ညိုလှလို့ပေးထားတယ်ဆိုပဲ။
သူငယ်ချင်းတွေကတော့ ညိုကြီးတဲ့လေ။
မိရွှေတုတ်နဲ့အဆင်ပြေသလိုလို ရှိပြီမို့
နောက်ရက်ကျ ညနေအစောပိုင်းကတည်းက
မြစ်လက်တက်နှစ်ခုကို ခက်ခက်ခဲခဲကူးခတ်ပြီး
မိရွှေတုတ်မျက်နှာလေး သွားကြည့်ရတာလည်း
အရသာတစ်မျိုးဗျ ။
မြင်ပါများလာတဲ့ကျုပ်ကပဲ အရဲစွန့်ပြီးတော့
အမှာစကား ပါးလိုက်ပါတယ်။
" နောက်တစ်နေ့ညပိုင်းရောက်ရင် နှစ်ကိုယ်ကြား
စကားလေး ပြောချင်ကြောင်း၊ အိမ်အောက်ကို
ဆင်းလာစေချင်ကြောင်း " ပေါ့ဗျာ
ချိန်းခဲ့တဲ့ညနေပိုင်းအစောကြီးကတည်းက
ကျုပ်ကကြိုရောက်နေတာဗျ၊ ရာသီကလည်း အခုလို
မိုးတွင်းကြီးဆိုတော့ မိုးကလည်းဖြောက်တောက်တောက်ပေါ့ဗျာ။
ခြင်တွေ , ဂျိတွေကလည်းပေါဗျာ။
ကျုပ်မှာလည်း ပုဆိုးကြီးခြုံလို့ မိရွှေတုတ်အဆင်းကို
စောင့်နေတာပေါ့။
ကိုးနာရီလောက်ကျတော့ ဆင်းလာတယ်ဗျ၊ နည်းနည်းလည်း
မှောင်နေတာ မီးခွက်ကလည်းမှုန်ပျပျလေးပေါ့။
အေးနေတော့ ကျုပ်လည်းသေချာမကြည့်တော့ဘဲ
မှုန်မှုန်သုန်သုန်နဲ့ မိရွှေတုတ်ဆိုပြီး ဖက်ထည့်လိုက်တာ
" ဟေး ပလုတ်တုတ် ဘယ်သူလဲဟ ငါ့ကိုဖက်တာ " လို့
အသံထွက်လာတော့ မိရွှေတုတ်မဟုတ်မှန်းသိမှ
ကျုပ်လည်းပြန်ပြေးခဲ့ရတာပေါ့။
ပြီးသတ်တော့ အဲဒါမိရွှေတုတ်မဟုတ်ဘူးဗျ။
မိရွှေတုတ်တို့ မေကြီးတဲ့။
နောက်တော့ ကျုပ်နဲ့မိတုတ်နဲ့ရတဲ့အခါ မေကြီးကတောင်
နောက်နေသေးတာ ။
" ငါသာ အသံမထွက်ရင် ညိုလှကြီးက ငါနဲ့ရတယ် " ဆိုပဲ။
မေကြီးလည်း အဲလိုနောက်လိုက်တော့
ကျုပ်မျက်နှာ ဘယ်ဖွက်ထားရမှန်းကို မသိဘူး။
အခုတော့ မေကြီးလည်းမရှိတော့ဘူး
ကျုပ် ရေကူးပြီး သွားလည်ခဲ့တဲ့ မိတုတ်တို့ညောင်ကြပ်ရွာလည်း
မရှိတော့ဘူး။ ကျုပ်တို့ပျော်ပါးခုန်မင်ခဲ့ကြတဲ့
တောင်ပုံရွာလည်း မရှိတော့ပါဘူး။
ကင်းတားရေလှောင်တမံကြီးဆောက်လုပ်တော့
ရေဝပ်ဧရိယာ မလွတ်တဲ့ရွာတွေ ပြောင်းရွှေ့ရမယ်ဆိုလို့
ပြောင်းရွှေ့ခဲ့ကြရတာလေ ။
အခုတော့ ပန်းလောင်မြင်ကို ပြန်ရောက်တိုင်း
တစ်ချို့သော အသေးအဖွဲလေးတွေကတောင်
အမှတ်ရစရာ ဖြစ်နေတုန်းပါဗျာ။
( ဖြစ်ရပ်မှန်လေး ပြန်တင်ပြခြင်းဖြစ်သည် )
ရိုစင်နောင်