မင်းနဲ့ မေသူရဲ့အခြေအနေ ဘယ်လိုလဲသူရိန်''
သူရိန်က ရေနွေးကြမ်းပန်းကန်ကို နှုတ်ခမ်းတေ့ ထားရင်းက မျက်လုံးလှန်ကြည့်သည်။
''နေမြဲပါပဲကွာ''
အေးအေးလူလူပင် ပြန်ပြောသည်။
''လက်လျှော့လိုက်ပါငါ့ကောင်ရာ။ မေသူက မင်းကို လုံးဝပြန်ကြိုက်မှာမဟုတ်ဘူး''
''ဘာဖြစ်လို့တုံး''
''ဟ မေသူက ရည်မှန်းချက်ကြီးတယ်ဟ။ တော်ရုံယောက်ျားကို ချစ်သူမရွေးဘူးရယ်''
''ဘာဖြစ်ဖြစ်ကွာ။ ငါကတော့ ဆက်ကြိုးစားရမှာပဲ။ ယောက်ျားတို့လုံ့လ သေခါမှလျှော့ကွာ''
သူရိန်က ပြောင်စပ်စပ်မျက်နှာပေးနှင့်ပြောပြီး ရေနွေးကြမ်းကို ဖလူးဖလူးမြည်အောင် ဆက်သောက် နေပြန်သည်။
''ဟေ့ အတန်းမတက်ကြဘူးလား''
''မတက်ဘူး။ နည်းနည်းနောက်ကျသွားလို့''
''ဒါဆို ရုပ်ရှင်သွားကြည့်ရအောင်''
''မလိုက်ချင်ပါဘူးဟာ၊ ခုတင်ထားတဲ့ကားတွေက ပျင်းစရာကြီး''
ကျွန်တော်က ငြင်းလိုက်ပေမယ့် သူရိန်ကတော့ ပျာပျာသလဲ။
''ငါလိုက်ခဲ့ပေးမယ်လေ''
''ဒါဆိုသွားစို့''
''ဟေ့ကောင် သွားပြီ''
သူရိန်က ရွှင်မြူးနေသော မျက်နှာကြီးနဲ့ ပြုံးပြကာ လိုက်သွားသည်။ ဒီကောင့်ကိုကြည့်ပြီး Tom and Jerry ထဲက ခွေးဘီလူးကြီးကိုတောင် ပြေးမြင်မိသေးသည်။ ကြောင်က အရိုးပြ၍ မျှားခေါ်လိုက်သည့်အခါ မြေကြီး ကို ခြေထောက်နှင့်ယက်လိုက်၊ အမြီးတွေယမ်းလိုက်၊ လျှာတွေ သပ်လိုက်နှင့် ဂနာမငြိမ်ဖြစ်ကာ အလွန်ဝမ်းသာ နေသော ခွေးဘီလူးကြီးလေ။ ခု ပြုံးဖြီးနေသော ဒီကောင့်မျက်နှာကြီးကလည်း အဲဒီခွေးဘီလူးကြီးအတိုင်းပဲ။
နှစ်ယောက်သား ဘေးချင်းယှဉ်လျှောက်ကာထွက်သွားသော သူငယ်ချင်းနှစ်ယောက်၏ နောက်ကျောကို ငေးကြည့်ရင်း ကျွန်တော်အတွေးနယ်ချဲ့ကာ ကျန်ခဲ့သည်။ သူရိန်သည် မေသူ့ကို ပိုးပန်းနေတာကြာပြီ။ မေသူက တော့ ခုထိ အင်းမလုပ် အဲမလုပ်။ သူရိန်ကို ပြတ်ပြတ် သားသားကြီးလည်း ငြင်းမထား။ သူရိန်နှင့် မျက်နှာချင်းဆိုင်ရှိနေသည့်အချိန်သာ သူရိန် ချစ်ခွင့်ပန်ထားတဲ့ကိစ္စ ကို သတိရပုံ။ သူရိန်နှင့်အတူရှိမနေတော့တာနှင့် ထိုကိစ္စ လည်း မေ့ပျောက်နေပုံ။ ပြောရလျှင် ခေါင်းထဲလုံးဝထည့် မထားသည့်သဘော။
ရုပ်ရည်အရဆိုလျှင် ဘာမှငြင်းစရာရှိမည်မဟုတ်ပါ။ မေသူနှင့် သူရိန်တွဲလျှောက်သွားတာ တော်တော်လိုက် ဖက်သည်။ သူရိန်က အညာသားဆိုပေမယ့် အသားဖြူ သည်။ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းရဲရဲနှင့်။
ပညာရေးအရလည်း ငြင်းစရာမရှိ။ တစ်ကျောင်းတည်း တူတူတက်နေသည်ပဲ။ အဲ မေသူ့ဘက်ကငြင်းစရာ ရှိသည်က သူရိန်၏ နောက်ခံအခြေအနေ။ မုံရွာသား သူရိန်သည် မေသူစိတ်ဝင်စားလောက်သော အနေအထားမှာ မရှိ။ အဆောင်မှာနေသည်။ ဘတ်စ်ကားနှင့် ကျောင်းလာသည်။ မေသူတို့က ဒီအဆင့်လောက်ကို စာရင်းထဲ တောင် ရှိမှာမဟုတ်။ သူက အလှကြီးလှသလို သူ့အဆင့်က လည်း မသေးဘူးမဟုတ်လား။ မေသူ့အဖေသည် အသည်း အထူးကုဆရာဝန်ကြီးဖြစ်သည်။ လူချမ်းသာထဲကလို့ ပြော လို့ရသည်။ မေသူသည် တစ်ဦးတည်းသောသမီးလေး။
သို့သော် သူက ယဉ်ကျေးပြီး စိတ်ကောင်းရှိပါသည်။ ဒါကြောင့်လည်း သူ့ရည်မှန်းချက်နှင့်မကိုက်သော သူရိန် ကို စိတ်လည်းမဆိုး၊ ပစ်ပစ်ခါခါလည်း မငြင်းပါ။ ပေါ့ပေါ့ ပါးပါး ရင်ဆိုင်ကာ ခပ်မဆိတ်သာနေသည်။ သူရိန်က လည်း မေသူဘာကြောင့်ပြန်မကြိုက်သလဲဆိုတာကို သိပုံရပါသည်။ ဒါပေမယ့် ဒီကောင်က သူပြောခဲ့သလို ယောက်ျားတို့ လုံ့လ သေခါမှလျှော့သဘောထားနေ သလား မသိ။ အပြုံးမပျက်၊ ကြိုက်ဆဲ၊ လိုက်ဆဲ။ ကျွန်တော်ကတော့ အညာသားလေးကို မြင်းမိုရ်တောင်ကို ဆီးစေ့နှင့် ပေါက် နေသူဟုသာ မြင်သည်။
''ကဲ ကျောင်းပိတ်ပြီ။ ငါ့သူငယ်ချင်းတွေ ငါ့အိမ် လိုက်လည်ဖို့ ဖိတ်ခေါ်ချင်တယ်။ လိုက်ကြမလား''
Test (၁) ဖြေအပြီး ဧပြီတစ်လပိတ်သည်။
''ငါကတော့ လိုက်လို့ရပါတယ်။ မေသူ့သာ မေး''
''မေသူလိုက်မယ်မဟုတ်လား၊ မုံရွာသင်္ကြန် ပျော်ဖူးတာပေါ့''
''နင်က ခုပြန်မှာမဟုတ်လား၊ သင်္ကြန်ထိဆိုရင် နင့်အိမ်က ငါတို့လိုက်ဖို့အဆင်ပြေပါ့မလား''
''အမယ်လေး သင်္ကြန်ထိတင်မဟုတ်ဘူး။ ဧပြီတစ်လ လုံးနေလို့ရတယ် အေးဆေး။ ကဲပါ အထုပ်တွေသာ ပြင်ထားကြပေတော့''
''အိုကေ ဆရာ''
''ကဲ ဒါငါ့အိမ်ပဲ''
''အိုး မိုင် ဂေါ့''
ကျွန်တော် တော်တော်ကို အံ့အားသင့်ပါသည်။ ကျွန်တော်တို့ရောက်နေတာ သူရိန့်အိမ်တဲ့။ အိမ်က ခရစ္စမတ်ကတ်တွေထဲမှာပါသော ဥရောပတိုက်က အိမ်တွေပုံစံမျိုး။ မျက်စိထဲတန်းမြင်အောင် ခြုံပြောရလျှင် မော်စကို ကရင်မလင်နန်းတော်၏ ပုံတူအသေးစားလေး ကို မြင်နေရသလိုပင်။ ခါတိုင်းနှင်းဖြူဖြူတွေနှင့်မြင်ရလေ့ ရှိသော အိမ်ပုံစံက အညာခေါင်ခေါင်ကြီးမှာ လာရှိနေ တာ စိတ်ထဲတစ်မျိုးပင်။ သို့သော် မြက်ခင်းစိမ်းစိမ်း၊ သစ်ပင်ပန်းမန်အစုံအလင်နှင့် ခြံဝင်းထဲမှာတော့ အတော် လှပပါသည်။
''ဟေ့ကောင်သူရိန် မင်းကတကယ့် ဟိုက်ဘော့စ်ပဲ။ ငါတို့ကို ဘာမှလည်း ပြောပြမထားပါလား''
''ဟ ငါကဘယ်လိုပြောပြရမှာတုံး၊ ငါက သူဌေးသားကွလို့ အလကားနေရင်း အော်နေရမှာလား''
သူရိန်က ပုံမှန်ပင်။ ခပ်အေးအေး၊ ခပ်ပြုံးပြုံး။
''အေးလေဟယ်၊ နင့်ကို ငါတို့ထင်ထားတာနဲ့ တခြားစီ''
မေသူကလည်း မယုံနိုင်ဖြစ်နေဟန်။
''ကဲပါ လာကြ။ အိမ်ထဲရောက်မှ အေးဆေးပြောကြ''
ခြံစောင့်ကတံခါးဖွင့်ပေးသည်။ အထဲဝင်ခဲ့ကြသည်။ အိမ်ထဲက အပြင်အဆင်တွေကလည်း တကယ့်အမိုက်စား တွေချည်း။ ကျွန်းသစ်၊ ကျောက်စိမ်း၊ စကျင်ကျောက်တွေ ကို သူ့နေရာနှင့်သူ လှပစွာတန်ဆာဆင်ထားသည်။
''ကဲ ခဏနားကြဦး။ ပြီးရင် အခန်းပေးမယ်''
ဧည့်ခန်းက အကျယ်ကြီး။ ပရိဘောဂတွေကလည်း ကောင်းပေ့ဆိုတာတွေချည်း။ သူရိန်က ရီမုယူကာ တီဗွီ ဖွင့်ပေးသည်။ တီဗွီက လက်မသုံးဆယ်လောက်ရှိသည့် Plasma TV ကြီး။
''သူရိန် မင်းကတကယ့် ဘောစိပဲကွာ''
''ဟေ့ကောင် မင်းဘယ်နှစ်ခါပြောနေမှာတုံး''
သူရိန်က နှုတ်ခမ်းထောင့်တစ်ဖက်တည်းတွန့်ကာ ပြုံးရင်း ပြန်ပြောသည်။
''မင်းတို့ ဘာအလုပ်လုပ်လဲ''
''သစ်လုပ်ငန်း''
မေသူက ခေါင်းတဆတ်ဆတ်ညိမ့်နေသည်။
''တခြားလုပ်ငန်းတွေလည်းရှိတယ်။ သစ်ကပင်မ လုပ်ငန်းပေါ့''
''ဒါနဲ့များ မင်းဘာလို့ သိုသိုသိပ်သိပ်နေနေတာလဲ''
''ဟမ်..ငါက ဘယ်လိုသိုသိပ်နေလို့လဲဟ။ ပုံမှန်နေ တာပဲကို''
''မဟုတ်ဘူးလေကွာ။ မင်းက ဒီလောက်ချမ်းသာ တာကို အဆောင်မှာနေတယ်၊ ဘတ်စ်ကားနဲ့ ကျောင်းလာတယ်''
''သြော် ဒါက ရန်ကုန်ရောက်စမို့ကွ။ ငါက ရန်ကုန်မှာ ကားမမောင်းဖူးသေးဘူးလေ။ အဆောင်ကလည်း ရောက်စမို့ပါ။ ကျောင်းပြန်ဖွင့်ရင် တိုက်ခန်းတစ်ခန်း ဝယ်ချင်လည်းဝယ်မယ်၊ ငှားချင်လည်းငှားမယ်''
အတော်ကြာနားပြီး အခန်းတွေလိုက်ပြသည်။
''မင်းကတော့ ငါ့အခန်းမှာပဲနေပေါ့။ မေသူ့ကို တစ်ခန်းပေးလိုက်မယ်။ ဖြစ်တယ်မဟုတ်လား''
''သိပ်ဖြစ်တာပေါ့ကွာ''
''ကဲ ငါ့သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ်သာ နေကြ။ ငါ့အဖေက နိုင်ငံခြားထွက်သွားတယ်။ အမေက မြို့ထဲသွားတာ။ ခဏနေရင်ပြန်လာလိမ့်မယ်''
မုံရွာမှာ ကျွန်တော်တို့ အတော်ပျော်ကြပါသည်။ မုံရွာမြို့အနောက်ဘက် ချင်းတွင်းမြစ်ကူးတံတား၊ တစ်ဖက်ကမ်းက ရွှေတောင်ဦးဘုရား၊ မိုးညှင်းသံဗုဒ္ဓေ၊ လေးကျွန်း မာန်အောင် ရပ်တော်မူဘုရားကြီး၊ ရွှေစည်းခုံဘုရားတွေ သွားလည်ကြ၊ ဖူးမြော်ကြသည်။ နယ်မြို့လေးပေမယ့် ဆိုင်ကယ်နဲ့ မသွားရ။ သူရိန့်ပြိုင်ကားနှင့် လည်ပတ်ကြ သည်။ မုံရွာမြို့ပြင်ရောက်တိုင်း သစ်လုံးပုံကြီးတွေ၊ သစ် ကားကြီးတွေ မြောက်မြားစွာကို တွေ့ရသည်။ တွေ့လိုက် တိုင်းလည်း သူရိန်က လက်ညှိုးထိုးပြတတ်သည်။ သူ့ အဖေပိုင်တာတွေချည်းတဲ့။ ခုတော့ သူရိန်က မေသူနှင့် လုံးဝဥဿုံလိုက်ဖက်သွားပါပြီ။ ဒီလို အခြေမြင့်၊ အနေမြင့် ရှိပြီးသားမို့ သူရိန် တည်ငြိမ်သွေးအေးနေတယ်ဆိုတာ ကျွန်တော်လည်း ခုမှသဘောပေါက်ပါတော့သည်။
''မေသူက မနက်ဖြန်အဖြေပေးမယ်တဲ့ ကိုယ့်လူ''
သူရိန်က ထုံးစံအတိုင်း ခပ်အေးအေးပြောသည်။
''မင်း တော်တော်ပျော်နေမှာပေါ့''
''ဒါပေါ့ကွာ။ ငါသူ့ကို စတွေ့ကတည်းက တအား ချစ်ခဲ့ရတာကွ''
''ဟုတ်ပါပြီ။ ဒါနဲ့ မင်းကို တစ်ခုမေးရဦးမယ်''
''အင်း''
''အရင်က မင်းဘယ်လောက်ကြိုးစားကြိုးစား မေသူက မတုံ့ပြန်ခဲ့ဘူးလေကွာ။ ခု ချက်ချင်းကြီးပြောင်းလဲသွားတာ ဘာကြောင့်လဲလို့ မင်းတွေးမိတာမျိုးမရှိဘူးလား''
သူရိန်က ကျွန်တော့်ပခုံးကိုဖက်ကာ ပြုံးသည်။
''မင်းပြောချင်တာ ငါသိပါတယ်ကွာ။ ငါချမ်းသာမှန်း သိသွားတော့မှ မေသူက ပြန်ချစ်တာကို မင်းပြောချင်တာ မဟုတ်လား''
''အေး ဟုတ်တယ်''
''ဒါဖြစ်သင့်ပါတယ်ကွာ၊ မိန်းကလေးဆိုတာ သူ အားကိုးနိုင်မယ့်၊ သူ့ဘဝအာမခံချက်ရှိမယ့် ယောက်ျားကိုပဲ လက်တွဲချင်မှာပေါ့''
''မင်းချမ်းသာမှန်းမသိရခင်ကတည်းက ပြန်ချစ်လို့ ရပါတယ်ကွာ။ ဆရာဝန်လောင်းချင်းပဲဟာ''
''ပညာအရည်ချင်းလေးပဲ တူတာလေကွာ။ ဘက်ဂရောင်းက တခြားစီကြီးကို။ ငါကတော့ ခုမှပြန်ချစ် တာကို ပိုကျေနပ်တယ်''
''ဘာဖြစ်လို့လဲ''
''ငါချစ်တဲ့မိန်းကလေးက ငါ့ကိုပြန်ချစ်တာဟာ ငါက သူ့အတွက် မက်လောက်စရာရှိလို့၊ တခြားယောက်ျားတွေထက် ရွေးချယ်ချင်စရာကောင်းနေလို့ပဲ ဖြစ်ချင်တယ်။ ဒါမှ ငါက တန်ဖိုးရှိတဲ့ယောက်ျားတစ်ယောက်ဖြစ်မှာ ပေါ့။ မျက်နှာလေးချောတာ နှစ်သက်မိတာနဲ့ ဒီယောက်ျား ဘာကောင်ပဲဖြစ်နေနေ ပြန်ချစ်လိုက်တဲ့မိန်းမတွေကို ငါမကြိုက်ဘူးကွ။ ခပ်တုံးတုံးမိန်းမတွေလို့ မြင်တယ်''
''ဒါဆို မင်းကို သာမန်လူထင်တုန်းက ပြန်မချစ်ဘဲ သူဌေးသားမှန်းသိမှ ပြန်ချစ်တဲ့ မင်းဆရာမက ထက်မြက်တဲ့ သူပေါ့ ဟုတ်လား''
''ဒါပေါ့''
သူရိန်က ပြုံးပြုံးကြီးလုပ်ကာ ဖြေသည်။ တစ်ဆက်တည်း နောက်လိုက်သေးသည်။
''ထက်မြက်တဲ့ မေသူလေးအတွက် ငါက တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူတယ်''
''မင်းကတော့ ဝိုင်းစုခိုင်သိန်းဖြစ်နေပြီ''
''ဘာလဲကွ''
''အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတယ်နော် လေကွာ''
သူရိန်က ကျွန်တော့်စကားကိုသဘောကျကာ ရယ် နေပါတော့သည်။
သူရိန်နှင့် မေသူ ချစ်သူတွေဖြစ်ပြီး နှစ်ယောက်သား အတော်ပျော်ကြပါသည်။ သူရိန်က မေသူကို အတော် အလိုလိုက်သည်။ ဘာဖြစ်ချင်သလဲ အမြဲအဆင်သင့်ဖြစ် နေရမယ်ဆိုတဲ့ ပုံစံမျိုး။ သူ့ကားပေါ်မှာလည်း မေသူကို အမြဲပင်တွေ့နေရပြီ။ ရှေ့သွားနောက်လိုက်ညီသော စုံတွဲ ပါပေ။ နေနဲ့လ ရွှေနဲ့မြပါပဲ။
ကျွန်တော်ကတော့ တစ်လအတွင်း ပြောင်းပြန်ဖြစ် သွားသော အခြေအနေတွေကို အံ့သြမိတုန်း။ ကြည့်လေ။ ဟိုတုန်းက မမီသည့်ပန်းကို တုံးခုပြီးလှမ်းနေသည့် ကောင် လေးအဖြစ် ကျွန်တော်မြင်ခဲ့မိသော သူရိန်သည် အခုတော့ ထိုပန်းကလေးထက် အဆပေါင်းများစွာကြွယ်ဝသောသူ ဖြစ်နေသည်။
သို့သော် ကျွန်တော် အံ့သြလို့မှမဆုံးလိုက်။ အခြေအနေတွေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားပြန်သည်။ ချစ်သူတွေဖြစ်ပြီး နှစ်လကျော်ကျော်လောက်မှာ မေသူက သူရိန့်ကို ဖြတ်သွားသည်။ မကြာခင်မှာပင် ချစ်သူအသစ် ရသွားသည်။ ရည်းစားအသစ်က ကျောင်းကမဟုတ်။ မေသူ့ထက် လေးနှစ်လောက်ကြီးသည်။ သူ့အဖေကုမ္ပဏီ မှာ ဝင်လုပ်နေသူ။ မိဘအသိုင်းအဝိုင်းက ကျိကျိတက် ချမ်းသာသည်။ ရုပ်ရည်ကတော့ သူရိန်ထက်အများကြီး ညံ့ပါသည်။ အသားညိုညို မျက်နှာကြောတင်းတင်းနှင့်။
ကျွန်တော်ကတော့ သူရိန်တော်တော်ခံစားနေရမှာ ပဲဟု ထင်နေသည်။ တော်တော်လည်း ခံပြင်းနေမှာပဲ။ တကယ့်အဖြစ်ကား ထိုသို့မဟုတ်။ သူသိပ်ချစ်သော ကောင်မလေးကို လွမ်းပုံရသော်လည်း ယူကျုံးမရဖြစ်နေ ဟန်တော့ မတွေ့ရ။ ဒေါသဖြစ်နေတာလည်း မမြင်မိ။
''သူရိန် မင်းကြည့်ရတာ သိပ်မခံစားရသလိုပဲနော်''
''အေး မခံစားရဘူး၊ အဲလို ခပ်တုံးတုံးမိန်းကလေးနဲ့ လွဲရတာ ကံကောင်းပါတယ်ကွာ''
''ဟင် မင်းက မစားရတဲ့စပျစ်သီး ချဉ်တော့တာလားဟ။ မင်းပဲ ထက်မြက်တဲ့မိန်းမဆို''
''မဟုတ်ဘူးကွ။ ငါအထင်မှားခဲ့တာ။ မေသူက တကယ်တုံးတယ်''
''ကဲ လင်းစမ်းပါဦးကွာ။ ထက်မြက်တဲ့ ချစ်သူဟောင်းကြီးက ဘယ်လိုလုပ် တုံးအတဲ့မိန်းမကြီး ဖြစ်သွားရတာ တုံး''
ဒီကောင် သိပ်မခံစားရတာသိရတော့ ကျွန်တော်လည်း ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။ သူ့အတွက် ကျွန်တော်က ဝမ်းသာနေခြင်းဖြစ်သည်။ ကျွန်တော်ပင် ကြားထဲက မေသူ့ကို စိတ်ဆိုးမိသေးတာပဲ။ ခုဒီကောင် က ခံနိုင်ရည်ရှိနေတော့ သူငယ်ချင်းအတွက် စိတ်သက်သာ ရာရသည်။ သူရိန်က ပါးစပ်ထဲကအစာတွေကုန်အောင်ဝါးပြီးမှ တစ်ခွန်းချင်းဖြေသည်။
''မေသူက အမြင့်အလွန်မှန်းတာ သိပြီးသားပဲ။ ခု သူက ငါ့ထက်ချမ်းသာတဲ့ကောင်ကို ရွေးသွားတယ်။ အဲဒါ တုံးလို့ကွ''
''မင်းပဲ အဲဒါကို ထက်မြက်တာဆို''
''အေး ပုံမှန်ဆိုရင်တော့ အဲလိုငါလက်ခံထားတယ်။ ခု မေသူကတော့ တကယ်ကိုတုံးတယ်။ ခုသူရွေးလိုက်တဲ့ သူက တစ်သက်စားမကုန်အောင် ချမ်းသာတယ်။ ဒါပေ မယ့် ငါ့ကလည်း တစ်သက်စားမကုန်အောင် ချမ်းသာတဲ့ ကောင်ပဲ။ ငါက သူ့ရည်းစားထက် ရုပ်ရည်လည်းသာတယ်။ သူ့ကိုလည်း ငုံထားမတတ်ချစ်တာ မင်းတို့အသိပဲ လေ''
''ဟုတ်ပါတယ်၊ အဲဒီတော့ ဆက်ပါဦး''
သူရိန်က လည်ပင်းကို ရှေ့ထုတ်ကာ ကျွန်တော့်ကို စိုက်ကြည့်ပြီး အသံကိုနှိမ့်၍ပြောသည်။
''သူငယ်ချင်း ငွေတစ်ရာကျပ်က တစ်သက်စားမကုန်တဲ့ ပမာဏဆိုပါစို့။ ဒါဆို ငွေနှစ်ရာကျပ်ကို ငမ်းငမ်း တက်စရာလိုသေးလား''
ကျွန်တော်က ဘာမှပြန်မပြောဘဲ ဆက်ပြောဆိုသည့် သဘောနှင့် ငြိမ်နေလိုက်သည်။
''ခု ငါက ငွေတစ်ရာချမ်းသာတဲ့သူ။ မေသူ့ ချစ်သူ အသစ်က ငွေနှစ်ရာချမ်းသာတဲ့သူပေါ့။ သူ့ချစ်သူ ငွေနှစ်ရာသူဌေးက သူ့ကို သာမန်ပဲသဘောထားတာကွ။ ငွေတစ်ရာသူဌေး ငါကသူ့ကို ဘုရင်မတစ်ပါးလို တန်ဖိုးထား မြတ်နိုးခဲ့တာ။ တစ်သက်တာအတွက်စားမကုန် နိုင်လောက်တဲ့ ကြွယ်ဝမှုပိုင်ဆိုင်တာချင်းအတူတူ မေတ္တာတွေရော၊ တန်ဖိုးထားမှုတွေရော ပိုသာတဲ့ ငါ့ကိုပစ်ပြီး ပိုင်ဆိုင်မှုကိန်းဂဏန်းပိုကြီးတဲ့ ငွေနှစ်ရာသူဌေးကို သူရွေးသွားတာ အဲဒါ တုံးလို့ပေါ့''
သူရိန်၏ ဥပမာပေးပိုင်မှုနှင့် ဆိုလိုရင်းကို သဘောကျကာ ကျွန်တော် ပြုံးမိသည်။
''ဟုတ်ပါပြီမောင်ရာ။ ဒါနဲ့ မင်း နောက်ချစ်သူရွေးရင် တုံးတာကို ရွေးမှာလား၊ ထက်မြက်တာကို ရွေးမှာလား''
''မဇ္ဈိမ ပဋိပဋာ မထက်မတုံးလေးပေါ့ကွာ''
''ဟား ဟား ဟား ....''
သူငယ်ချင်းနှစ်ယောက် ဟက်ဟက်ပက်ပက်ရယ်မော ဖြစ်ကြသည်။ ထိုခဏ မှာပင် ကားတံခါးကို ဆောင့်ကြီး အောင့်ကြီးပိတ်ကာ ဆင်းလာသော ကျွန်တော် တို့၏ သူငယ်ချင်းမလေး မေသူနှင့် သူမကို တစ်ချက်မှလှည့် မကြည့်ဘဲ ကားကိုအရှိန်ပြင်းစွာ မောင်းထွက်သွားသော သူ့ရည်းစား အသစ်ကြီး ကို လှမ်းမြင်လိုက်ရပါသည်။
Congratulations @kosit! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @kosit! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit