ဘဝအတွက်အလုပ်

in esteem •  7 years ago 

ကျွန်တော်ကျွန်မတို့သည်။
ကျွန်မမှာ စာအလွန်တော်တဲ့ မိတ်ဆွေဇနီးမောင်နှံ ရှိခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူက အလွန်တရာ
အောင်မြင်တဲ့ ကျူရှင်ဆရာ။ ဇနီးဖြစ်သူက စာအလွန်တော်ပြီး ဆေးကျောင်းကို မတက်လိုတဲ့အတွက်
ရိုးရိုးဘွဲ့ကို ယူထားတဲ့သူ။ အသက်မွေးဝမ်းကျောင်းမှုအတွက် ဘာမှမလုပ်သူ။ ကျွန်မက ဇနီးသည်ကို
ဘာမှမလုပ်ခိုင်းဘူးလားလို့ စပ်စုလိုတာလည်း မဟုတ်ဘဲနဲ့ မေးမိပါတယ်။ အထူးသဖြင့်
သာမာန်ဘွဲ့ရတစ်ယောက် မဟုတ်ဘဲ ထူးချွန်ဆုတွေဘာတွေ ရတဲ့အထိ တော်တဲ့ ဘွဲ့ရ တစ်ယောက်
ဖြစ်နေလို့ပါ။ ခင်ပွန်းသည်က လေသံခပ်မြင့်မြင့်နဲ့ ဖြေပါတယ်။ သူအလုပ်လုပ်တော့ရော ဘယ်လောက်
ရမှာမို့လဲ၊ သူသုံးတာနဲ့ လောက်မှာမှ မဟုတ်တာ။ သူ့အဖြေက ကျွန်မလိုချင်တဲ့ အဖြေ မဟုတ်ပါဘူး။
အလုပ်လုပ်တယ် ဆိုတာ စားဝတ်နေရေးအတွက် အဓိကထားပြီး လုပ်ကြရတာတော့ မှန်ပါတယ်။ ဒါပေမယ့်
စားဝတ်နေရေး အတွက် မလိုတာနဲ့ အလုပ်မလုပ်ဘူး ဆိုတာကျတော့လည်း မိမိတို့မှာ အရည်အချင်းတွေ
အဟောသိကံ ဖြစ်မကုန်ဘူးလား။
ကျွန်မဘာသာ မေးမိတာ မှားပါတယ်လို့ ပြောရတော့မလိုလိုနဲ့။ အမေးနဲ့အဖြေ မကိုက်နိုင်ဘဲ
လက်လျှော့လိုက်ရပါတယ်။ အဲဒီ့ဇနီးမောင်နှံမှာ ခင်ပွန်းသည်က ငယ်ငယ်ရွယ်ရွယ် ဘယ်လိုမှ
မျှော်လင့်မထားတဲ့ အချိန်မှာ ကွယ်လွန်ခဲ့ပါတယ်။ ပြောမယ့်သာပြောရတာ ဘယ်လိုလူမျိုးရော သေခြင်းနဲ့
ချိန်းချက်ထားနိုင်တာမှ မဟုတ်တာ။ မမျှော်လင့်ဘဲ သေကြရတာချည်းပါပဲ။ ခင်ပွန်းသည်ရှိတုန်းက ငွေကို
အလျှံပယ်သုံးဖြုန်းနေခဲ့တဲ့ ဇနီး။ ငွေတွေပေါလွန်းလို့ အိမ်ရှင်မ အလုပ်ကိုတောင် စနစ်တကျ ဝင်မလုပ်ခဲ့တဲ့
ဇနီးဟာ သူ့ကိုယ်သူ ကောင်းစွာ ဆောက်တည်နိုင်ခြင်း မရှိတော့ပါဘူး။ အနေအစားကိုလည်း မလျှော့နိုင်၊
ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိနဲ့၊ ရှိသမျှ တွေလည်း တတိတတိနဲ့ ကုန်ကုန်လိုက်လာပါတော့တယ်။
နောက်ဆုံးတော့ အိမ်တွေရောင်း၊ မြေတွေရောင်းနဲ့ မဖြစ်သင့်တာတွေ ဖြစ်နေရှာတယ်ဆိုတဲ့ စကားကိုသာ
ကြားရပါတယ်။
“အလုပ်ဟူသမျှ ဂုဏ်ရှိစွ”ဆိုတဲ့ စကားမှာ နည်းနည်းတော့ ထပ်ပြီးဖြည့်ချင်ပါတယ်။ အဲဒါကတော့
သမ္မာအာဇီဝ ကောင်းသော အသက်မွေးဝမ်းကျောင်းမှု အလုပ်သည် ဂုဏ်ရှိစွ၊ ကောင်းသော အလုပ်သည်
ဂုဏ်ရှိစွလို့ဆိုတဲ့ စကားပါပဲ။
ကောင်းသောအလုပ်နဲ့ ပတ်သက်တဲ့ ဇာတ်ကြောင်းတစ်ခုကို ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များ
ကြားဖူးနားဝ ရှိကြမယ်လို့ မျှော်လင့်ပါတယ်။ ဒီနေရာမှာ စကားစပ်ရှိတာကြောင့် ပြန်ပြောပါရစေ။
ပြောတဲ့အခါမှာ ပါဋ္ဌိပါရဂူ ဆရာကြီး ဦးအောင်မိုးရဲ့ အရှင်အာနန္ဒာဝတ္ထုထဲက တိုက်ရိုက်ပဲ ထုတ်နုတ်
တင်ပြပါရစေ။ စကားက ရှင်းနေပါတယ်။
တစ်ခါသော် မြတ်စွာဘုရားသည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံးတော်မူစဉ် ဆွမ်းစား
ကျောင်းတံခါး၌ သာမဏငယ်တို့ ပေးသော ဆွမ်းကျန် ဟင်းကျန်တို့ကို ခံယူနေသည့် တောင်းရမ်း
စားသောက်သူ တစ်ယောက်ကို မြင်တော်မူသဖြင့် ပြုံးတော်မူသည်။ ထိုအခါ အရှင်အာနန္ဒာက
မြတ်စွာဘုရား ပြုံးတော်မူခြင်း အကြောင်းကို မေးလျှောက်ရာ ဤသို့ မိန့်ကြားတော်မူသည်။
“အာနန္ဒာ၊ မယားကိုခေါ်၍ တောင်းရမ်း စားသောက်နေရသော ဤမဟာဓန သူဌေးသားကို
ကြည့်စမ်းလော့။ ဤသူဌေးသားသည် ဗာရာဏသီပြည်၌ပင် ကုဋေရှစ်ဆယ် နှစ်လီမျှသော ဥစ္စာပစ္စည်း
များကို ကုန်ခန်းအောင် သုံးဖြုန်းပစ်ခဲ့သည်။ အကယ်၍ ဤသူသည် ပထမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို
မကုန်စေဘဲ အလုပ်လုပ်ငြားအံ့ ၊ ဤမြို့၌ အကြွယ်ဝဆုံး သူဌေးသားဖြစ်ရာသည်။ အိမ်မှထွက်၍
ရဟန်းပြုလျှင်လည်း ရဟန္တာအဖြစ်သို့ ရောက်ရာ၏။ သူ၏ မယားသည်လည်း အနာဂါမိ ဖိုလ်၌ တည်ရသည်။
အကယ်၍ မဇ္စျိမအရွယ်၌ စည်းစိမ်ဥစ္စာတို့ကို မကုန်ခန်းစေဘဲ အလုပ်လုပ်ငြားအံ့၊ ဒုတိယမြောက်
သူဌေးဖြစ်ရာ၏ ။ အိမ်မှထွက်၍ ရဟန်းပြုလျှင်လည်း အနာဂါမိ ဖြစ်ရာသည်။ သူ၏ မယားတွင်လည်း
သကဒါဂါမိ ဖိုလ်၌ တည်ရာသည်။ အကယ်၍ နောက်ဆုံးပစ္ဆိမအရွယ်၌ စည်းစိမ် ဥစ္စာတို့ကို မကုန်ခန်းစေဘဲ
image
အလုပ်လုပ်ငြားအံ့၊ တတိယမြောက်သူဌေးဖြစ်ရာ၏။ အိမ်မှထွက်၍ ရဟန်းပြုလျှင်လည်း သကဒါဂါမ်
ဖြစ်ရာသည်။ သူ၏ မယားတွင်လည်း သောတ္တပတ္တိ ဖိုလ်၌ တည်ရာသည်။ ယခုအခါ၌ကား ဤမဟာဓန
သူဌေးသားသည် လူ့စည်းစိမ်မှလည်း ဆုံးရှုံးခဲ့သည်။ ဤသို့ နှစ်ဖက်ရှုံး ရှုံးပြီးနောက် ခြောက်နေသော
ညွန်ပြောင်း၌ ကြိုးကြာငှက်ကဲ့သို့ ဖြစ်ရာသည်။”
photo credit google
@aprilmaylay

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရမ်းကောင်းပါတယ်အချစ်လေးရေ

The best post good

အရမ်းကောင်းပါတယ်ခင်မျာ

ချစ်တယ်အရချစ်ရယ်