မြေးအနှစ် မေတ္တာ
“သမီးရေ … သမီး”
ကျွန်တော်က သူကြိုက်တတ်တဲ့ ဟမ်ဘာဂါလေးကို ဝယ်ပြီးတော့ ပြန်လာတယ်။
မနက်က သူ့ကို အရမ်းဆူပစ်လိုက်မိတယ်။
ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သမီးလေးဟာ အရမ်းဆိုးတယ်။ သူစိတ်အလိုမကျရင် ထင်ရာလုပ်တတ်တယ်။ မနက်ကလည်းကြည့် ကျွန်တော် လမ်းလျှောက်ပြန်လာတော့ ကျွန်တော် တစ်ညလုံး ကြိုးစားပမ်းစားရေးထားတဲ့ စာတမ်းတွေအားလုံးကို ဆုတ်ဖြဲထားတယ်။
ကျွန်တော် ပေါက်ကွဲရပြီပေါ့။ ဒီစာတမ်းက ဒီနေ့ ကျွန်တော် တက်ဖတ်ရမယ့် စာတမ်း။ မနက် ၉ နာရီလောက် ဆိုရင် တက္ကသိုလ်က ကားလာကြိုတော့မယ်။ ကျွန်တော် ဘယ်လိုလုပ်ပြီး ပြန်ရေးနိုင်တော့မှာလဲ။
“သမီး လာစမ်း”
သူက ပေကပ်ကပ် လုပ်နေတယ်။
“လာလို့ ပြောနေတာ မကြားဘူးလား”
ခေါင်းကြီး ငုံ့နေတယ်။
“ငါပြောတာကြားလား”
သူက မထုံတက်သေးလုပ်နေပုံများ ဒေါသပွားစရာ။ ဒါကြောင့် ကျွန်တော်က စိတ်ဆိုးပြီး
“ထွက်သွား … ငါ့ရှေ့ကထွက်သွား … နင့်ကို ငါသတ်မိလိမ့်မယ်” လို့ အော်လိုက်မိတယ်။
“တီ … တီ … တီ”
ဟော ကားလာကြိုနေပြီ။ ကျွန်တော်က အိတ်ကိုဆွဲ အပြေးလေးဆင်းလာ။
“ဆရာ … တိုက်ပုံ ကျန်ခဲ့သလားလို့”
“အေး ဟုတ်တယ်”
ကျွန်တော် နောက်တစ်ခေါက် တိုက်ပုံပြန်တက်ယူတယ်။ သမီးက တီဗီရှေ့မှာ ကျွန်တော့်ကို အရေးတောင် မလုပ်ဘူး။ ခေတ် ကလေးတွေများ အသည်းယားစရာ။
ကျွန်တော် တစ်လမ်းလုံး ဖတ်ရမယ့် စာတမ်းအကြောင်း စဉ်းစားလာတယ်။ တက္ကသိုလ်ကိုရောက်တော့ ခန်းမကြီးထဲမှာ လူတွေ စုံနေပြီ။ အခမ်းအနားမှူးက ဖိတ်ခေါ်လိုက်ချိန်မှာ ကျွန်တော် ဘာစာရွက်မှ မပါဘဲ တစ်ညလုံး တွေးထားတာ၊ ရေးထားတာတွေကို တစ်ချက်ချင်း ပြောပြနိုင်ခဲ့တယ်။ စာတမ်းဖတ်ပွဲ အပြီးမှာလည်း မေးခွန်းထုတ်သမျှ ကောင်းစွာ ပြန်ဖြေနိုင်လို့ အရမ်းအားရစရာကောင်းတယ်။
“ဆရာ အရမ်းကောင်းတယ်။ ဆရာစာတမ်းဖတ်သွားတာ တစ်ချက်မှ ပျင်းစရာ မကောင်းဘူး။ ဆရာ့ စာတမ်း မိတ္တူလေး တစ်စုံလောက် လိုချင်ပါတယ်”
ကျွန်တော် ပြုံးလိုက်မိတယ်။ တကယ်တော့ သမီးကို ကျေးဇူးတင်ရမယ်။ သမီးက အားလုံးကို ဆုတ်ဖြဲလိုက် တော့ ကျွန်တော့်မှာ စာတမ်းဆိုတဲ့ အနှောင်အဖွဲ့ကြီးက မရှိတော့ဘူး။ လွတ်လပ်စွာ ပြောဆိုနိုင်ခဲ့လို့ ပိုပြီးတော့ ကောင်းသွားတယ်။ ကျွန်တော် ပြောချင်တာတွေကိုလည်း ဖြည့်စွက်ပြောနိုင်ခဲ့တယ်။
“သမီးရေ … သမီး”
ကျွန်တော်က မုန့်ထုပ်လေးကိုကိုင်ပြီး သူ့ကို ချော့ရတော့မယ်။ သူကြိုက်တတ်တဲ့ အမဲသား ဟမ်ဘာဂါလည်း လမ်းကနေ ဝယ်လာပြီး သမီးစိတ်ကျေနပ်အောင် ပြောရတော့မှာပေါ့။ သမီးက စိတ်ကောက်ရင် အရမ်းကြာ တယ်။ ကျွန်တော့်နားတောင် မလာတော့ဘဲနေပြတတ်လို့ အသည်းကွဲရတာ အခါခါ။
ကျွန်တော် အိမ်ထဲအနှံ့လိုက်ရှာ။ တစ်ခန်းဝင် တစ်ခန်းထွက်ရှာ။ ဘယ်မှာမှ မရှိပါလား။ အပြင်များ သွားသလား။ ကျွန်တော် ထိုင်စောင့်။ ညဥ့်နက်သည်အထိ ပြန်မလာ။
ကျွန်တော့်သမီး ကျွန်တော့်ကို ခွဲသွားတာ အကြာကြီးပါ
ကျွန်တော် တစ်ယောက်တည်း အထီးကျန်ခြင်းဝေဒနာ စတင်ပြီး ခံစားရတယ်။ စာတွေလည်း မဖတ်ချင်။ မရေးချင်လောက်အောင်ဖြစ်လာတယ်။ ကျွန်တော့်သွားရမယ့်နေရာ၊ သင်ရမယ့်စာ၊ လက်ခံထားတဲ့ အလုပ်တွေ အားလုံးကို ပစ်ထားပြီးတော့ ဖြစ်သလိုနေထိုင်လိုက်မိတယ်
သမီးကတော့ ကျွန်တော့်ကို အတော်လေး စိတ်ဆိုးသွားပုံရတယ်။
သမီးလေး ကျွန်တော့်ကို ခွဲသွားခဲ့တာ အကြာကြီးပါ။
တစ်ည
ကျွန်တော် ငုတ်တုတ်ထိုင်ပြီး လမင်းကြီးကို ငေးနေမိတယ်။
“ကလစ် … ကလစ် … ဂျစ် … ဂျစ်”
ဘာသံလဲ။ ကျွန်တော် လျှောက်ကြည့်မိတယ်။ တံခါးဆီကပဲ
“တောက် … တောက် … တောက် … တောက်”
တံခါးခေါက်နေသလား။ ဒီအချိန်ကြီးမှ ဘယ်သူလဲ
“ဘယ်သူလဲ … သမီးလား”
ဘာသံမှ မကြားရဘူး။ ကျွန်တော် လှည့်ထွက်မယ်အလုပ်မှာ
“တောက် … တောက်”
ကျွန်တော် တံခါးဖွင့်လိုက်မိတယ်
“အို … သမီး … သမီးပါလား … ဘယ်များ သွားနေတာလဲ သမီးရယ် … ဖေဖေကြီးကို ပစ်ပြီးတော့ ဘာဖြစ်လို့ အကြာကြီး ခွဲသွားရတာလဲ … သမီးလေး … အို … ပိန်သွားလိုက်တာကွယ် … နေမကောင်းဘူးလား … လာလေ … ဝင်ခဲ့လေ”
သမီးလေးက ဘေးကို လှည့်ကြည့်နေတယ်
“ဘယ်သူလဲသမီး … ဘယ်သူ ပါလာလို့လဲ … ခေါ်လိုက်လေ … ခေါ်လိုက် … ဖေဖေကြီး ပျော်လိုက်တာကွယ်”
သမီးလေးက ကျွန်တော့်ကို မော့ကြည့်လိုက်တယ်
“ဖေဖေကြီး သမီးလေးကို ခွင့်လွှတ်ပြီးသား … နောက် မဆူတော့ဘူးနော် … လာလေ … ဝင်ပါ”
အဲဒီအချိန်မှာပဲ မထင်မှတ်တာကို တွေ့လိုက်ရတယ်။ ဖြူဖြူဖွေးဖွေး ကလေး လေးက သမီးဘေးမှာ လာရပ်နေတာ တွေ့လိုက်ရတယ်
“ဘယ်သူလဲ … သမီး … သူက ဘယ်သူလေးလဲ”
သမီးက ကျွန်တော့်ခြေထောက်ကို ငုံ့ပြီးတော့ နမ်းလိုက်တယ်
“အို … မဟုတ်တာ မလုပ်ပါနဲ့သမီးရယ် … ရပါတယ် … ဖေဖေကြီး ခွင့်လွှတ်တယ်လို့ ပြောပြီးပြီလေ”
ကျွန်တော်ပြောလို့ မဆုံးသေးဘူး။ သမီးဘေးက ကလေးကလည်း ကျွန်တော့်ခြေထောက်ကို ကိုင်လိုက်တယ်။
“ဘယ်သူလဲ … သမီး … သူကဘယ်သူလဲ”
သမီးက ဘာမှ မပြောဘူး အိမ်ထဲကို ဝင်သွားပြီးတော့ တီဗီရှေ့မှာ ငေးနေတယ်။
“ဟုတ်တာပေါ့ … သမီးကို တီဗီ ဖွင့်ပေးရမယ်။ ဖေဖေကြီး တီဗီမကြည့်တာတောင် ကြာပြီ”
ကျွန်တော် တီဗီဖွင့်နေချိန်မှာ သမီးက
“ညောင်” လို့ အော်လိုက်တယ်။