လောကပုံပြင်
၎ / ၅ တန်းလောက်တုန်းက ကျောင်းမှာ စာကြည့်တိုက်ဖွင့်တယ်။ ဆရာသုံးယောက်ကဦးစီးပြီးလုပ်တာ။ ဂိုဒေါင်လိုအခန်းကို ဆရာတွေက ကိုယ်တိုင်ရှင်းပြီး စာကြည့်တိုက်တဲ့။ ၁၀ ပေ ပတ်လည်လောက်ရှိမယ့် အခန်းကျဉ်းလေးထဲမှာ ခုံစုတ်၊ စားပွဲစုတ်တွေကို အုတ်ခဲတွေနဲ့ခု၊ စာစောင်တွေ၊ သတင်းစာတွေ၊ စာအုပ်တွေ တင်ထား။ ဗီရို အဟောင်းကြီးတစ်လုံးကို မလာ။ အဲဒီအထဲကို စာအုပ်တွေထည့်ထား။ အဲဒါ ကျွန်တော်တို့ ကျောင်းရဲ့ စာကြည့်တိုက်အစ။
သူများတွေကိုတော့ အဲဒီစာကြည့်တိုက်က ဘာလုပ်ပေးလိုက်နိုင်သလဲ ကျွန်တော် မသိဘူး။
ဒါပေမဲ့ အဲဒီ စာကြည့်တိုက်လေးက ကျွန်တော်ဖြစ်လာတယ်။
စာကြည့်တိုက်ထဲမှာ ပုံထားတဲ့ စာအုပ်၊ စာစောင်တွေက အလကားလာဖတ်နိုင်တယ်။ စာအုပ်ငှားချင်ရင်တော့ စာကြည့်တိုက် အသင်းဝင်ရတယ်။ အသင်းဝင်ကြေးက တစ်မတ် (၂၅ ပြား)
ကျွန်တော်စာကြည့်တိုက် အသင်းဝင်တယ်။ ကတ်ပြားလေးတစ်ခုရတယ်။ စာအုပ်တစ်ခါငှားရင် တစ်အုပ်ရ တယ်။ စာကြည့်တိုက် ဗီရိုထဲမှာ ကျွန်တော့် စာဖတ်မှုကို စွဲလမ်းသွားစေတဲ့ ပုံပြင်စာအုပ်တွေ အများကြီး တွေ့တယ်။ တစ်နေ့တစ်အုပ်လောက်ကို ငှားပြီးဖတ်တယ်။ စာအုပ်ငှားတဲ့ဆရာက ကျွန်တော့်ကို ပြုံးပြုံးကြီး ကြည့်ပြီးတော့
“ကောင်လေး … လုပ်လှချည်လား” တဲ့
အဲဒါ ကျွန်တော့်ဘဝရဲ့ အားဆေး
ကျောင်းဆရာဘဝရောက်တော့လည်း ပုံပြင်စာအုပ်တွေ ရှာဖတ်တယ်။ မော်လမြိုင်ဆရာအတတ်သင်၊ ရန်ကုန် ပညာရေးတက္ကသိုလ်တွေရောက်တော့ စာကြည့်တိုက်တွေမှာ အင်္ဂလိပ်ပုံပြင်တွေ ရှာဖတ်တယ်။ ငှားဖတ်တယ်။
ပုံပြင်ဖတ် ပုံပြင်ကြိုက်တဲ့ အကျိုးတရားက စာသင်တဲ့အခါ သိပ်ပြီး ထိရောက်တယ်။
ကလေးတွေဆိုတာက ဝင်လာတဲ့ဆရာတိုင်း
“စာအုပ်ဖွင့်” ဆိုတဲ့ အသံတွေနဲ့ တစ်နေကုန် ပျင်းနေကြတာ။
စာအုပ်ဖွင့်တိုင်း ဉာဏ်မပွင့်ဘူးဗျ။ အဲဒီစကားက ရုရှားကဗျာဆရာတစ်ယောက်ကပြောသွားတာ။ ဉာဏ်ပွင့်ပြီးမှ စာအုပ်ဖွင့်ခိုင်းပါတဲ့။ စဉ်းစားစရာ စကားနော်
ကျွန်တော်တို့ ပညာရေးစနစ်မှာက စာအုပ်ဖွင့်ခိုင်းပြီး ဉာဏ်ပိတ်ခိုင်းနေတာ။ သူများနိုင်ငံတွေမှာက ဉာဏ်ကို ပွင့်အောင် ဖွင့်ပေးပြီးမှ စာအုပ်ကို ဖွင့်နိုင်အောင် လမ်းညွှန်တာ။
ကလေးတွေက သူတို့ချစ်တဲ့၊ သူတို့နွဲ့ဆိုး ဆိုးလို့ရမယ်ထင်တဲ့ ဆရာကိုတွေ့ရင် ပြောတတ်တဲ့ စကားတစ်ခွန်း သတိထားမိသလား
“ဆရာကြီး ပုံပြောပြပါ”
အဲဒါ ရှင်းရှင်းလေးပဲ
“ကျွန်တော်တို့ ကျွန်မတို့ စာတွေပိနေပါပြီ။ စာတွေအော်ရလွန်းလို့ လည်ချောင်းတွေလည်း နာနေပါပြီ။ စာအုပ်ထဲက စာတွေကိုပဲ အထပ်ထပ်သင်နေတာ တော်ပါတော့။ ခဏလေးလောက် နားခွင့်ပေးပါ။ ၁၅ မိနစ် လောက်ချမ်းသာပေးပါ” လို့ သနားဖွယ်ရာ တောင်းပန်နေတာ။ အများကြီးထိရောက်တဲ့စကားနော်
“ဟုတ်ပြီ … ဟိုး … ရှေးရှေးတုန်းက …”
“ဟေး”
ကလေးတွေက ဝမ်းသာအားရအော်။ ပြီးတော့ ပါးစပ်လေးတွေပိတ်။ လက်လေးတွေကို ခုံပေါ်မှာထောက်။ မေးလေးတွေကမတင်ပြီး ဆရာပြောတာ နားထောင်ဖို့ပြင်နေတဲ့မြင်ကွင်း။ အရမ်းသနားစရာကောင်းတဲ့ မြင်ကွင်းပဲ။ သူတို့အတွက် ဒုက္ခတွေကနေ ဘာဖြစ်ဖြစ် ခဏလေးတော့ လွတ်မြောက်တော့မယ်လေ
ကျွန်တော် ပုံပြင်တွေ အများကြီး ဖတ်ရတယ်။ ဘာကြောင့်လဲ။ ကျွန်တော့် ကလေးတွေကို ပုံပြင်တွေ အများကြီး ပြောပြချင်တယ်။ စာသင်ချိန် ၄၅ မိနစ်မှာ ပုံပြင်လေး ၁၅ မိနစ်လောက် ခိုးပြောချင်တယ်။
နောက်ပိုင်းတော့ အတန်းကြီးတွေ စာသင်ရင် ဆက်စပ်တဲ့ အကြောင်းအရာတွေကို ပုံပြင်လေးတွေ ထည့်သင် တယ်။ ၉ တန်း ၁၀ တန်းသမားအထိ ပုံပြင်ကြိုက်တယ်။
ခုလည်း ကျွန်တော် စာတွေရေးရင် ကလေးတွေကို ပုံပြင်လေးတွေပြောခဲ့တာ သတိရချင်ချင်။ ဒါကြောင့် ပုံပြင် တွေပြောတော့ အဟုတ်ထင်သူတွေကထင်၊ ဟုတ်တာတွေပြောတော့ ပုံပြင်ထင်သူကထင်
လောကကြီးကိုက တစ်ထောင့်တစ်ညပုံပြင်
တင်ညွန့်
photo : facebook