လှေနံ ဓားထစ်steemCreated with Sketch.

in good-karma •  7 years ago 

လှေနံ ဒါးထစ်

နွေလယ် တနေ့မှာပေါ့။ အဖေက ကြိုးကျစ်နေတယ်။ ကျွန်တော်က ပေလျှော်လေးတွေ စိပ်ပေးနေတာ။ ဒီပေလျှော်တွေက သမိုင်းဝင် ပေလျှော်တွေလေ။ ဗိဿနိုးဘုရင်မ သစ္စာဆိုခဲ့တဲ့ ပေပင်လေးတွေက ရတဲ့ ပေလျှော်တွေ။ ကျွန်တော်တို့နယ်မှာတော့ နွေဦးပေါက်ရင် ပေရွက်နုလေးတွေ လိုက်ခုတ်ပြီး နွေနေ့လည်တွေမှာ ကြိုးကျစ်ကြတာပေါ့။ လယ်ယာလုပ်ငန်းသုံး ချည်တုပ်ဖို့ ကြိုးအဖြစ် သုံးကြတယ်။ နွားမအုပ်ရှိတဲ့သူတွေက နှာဖားကြိုး သုံးကြတယ်။

အဖေ့ ဘေးနားထိုင်ရင်း အလုပ်ကူလုပ် စကားပြောရတာ အရသာရှိတယ်ဗျ။ အကြောင်းတိုက်ဆိုင်ရင်တော့ ရပ်ရေးရွာရေး အကုန်ပါတယ်။
"ဖေဖေ့ ဒီပေရွက်တွေ ခုတ်တဲ့ ပေပင်လေးတွေက ဘာလို့ ကြီးမလာတာလဲ ဟင် "
"လူလေး စကားထဲမှာ အဖြေပါတယ်လေ။"
"ဟင် ဘယ်စကားတုန်း အဖေရ"
"ပေရွက်တွေ ခုတ်တဲ့ ဆိုတာလေ။"
"ဟာ အဲဒါ အဖြေ မဟုတ်လောက်ပါဘူး အဖေကလည်း---"
"လူလေးက ဘယ်လို ထင်လို့ တုန်း"
"ဗိဿနိုးဘုရင်မက သူ့ကို လိုက်ပစ်တဲ့ ပေသီးတွေ အပင်ပေါက်ရင် မကြီးထွားအောင် သစ္စာဆိုခဲ့တာ ဆို"
"အင်း ဆက် ပြောပါအုံး"
"ဗိဿနိုးဘုရင်မက စစ်ရှုံးလို့ ထွက်ပြေးတာတဲ့။ အဲဒါကို ဒွိတဘောင်ဘုရင်ရဲ့ စစ်သားတွေက ပေသီးနဲ့ လိုက်ပစ်တာတဲ့၊ အဲဒါကြောင့် သူ့ကို လိုက်ပစ်တဲ့ ပေသီးတွေ အပင်ပေါက်ရင် မကြီးထွားအောင်လို့ ငါလာမှ ကြီး၊ ငါ လာမှ သီးလို့ သစ္စာဆို ကြိမ်စာပို့ခဲ့တာ တဲ့။"
"လူလေးကို အဲလို ဘယ်သူကပြောတုန်း"
"ဟင် အဖေကလည်း အကုန်လုံး အဲလိုပဲ ပြောနေကြတာလေ။"
"သူများတွေပြောတိုင်း လူလေးက ယုံလား"
"မပြောတတ်ဘူးလေ ဖေဖေကလည်း ရှေးကတည်းက ဆိုတော့ ဟုတ်မယ် ထင်တာပဲ။"
"ဒဏ္ဍာရီတွေ က ပုံပြင်တွေပါ လူလေးရယ်။ သဘာဝယုတ္တိနဲ့ ဆင်ခြင်စဉ်းစားမှပေါ့ လူလေးရဲ့။"
"ဖေဖေ စဉ်စားထားတာ ပြောပြလေ။"
" ဒီလို လူလေးရ၊ ပေသီးကို လောက်လေးပစ်ဖို့ သိမ်းထားရမယ်။ ဘယ်လောက် ကြာကြာ သိမ်းထားခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါပေမယ့် ပေသီးက ၄/၅ နှစ်လောက်နဲ့တော့ အောက်မသွားဘူး လူလေးရဲ့။ "
"ဟုတ် "
"အဲဒီပေသီးတွေက အပင်ပေါက်လာတာ ဟုတ်ချင်လဲ ဟုတ်မှာပေါ့။ ဒါမှ မဟုတ် အသီးတွေ ကြွေနေတဲ့ ပေပင် တပင်ကနေ ရေကြီးရေလွှမ်းချိန်မှာ ပြန့်နှံ့ပြီး ပေါက်လာတာတွေလည်း ဖြစ်နိုင်တယ်လေ။"
"ဟာ ဖေဖေကလည်း ရှေးက အဖြစ်တွေကို ပြောင်းနေပြန်ပြီ။"
"ဖေဖေ ပြောနေတာကလည်း ရှေးက အဖြစ်တွေပဲလေ။"
"ဟင် အဲလိုတော့ မဟုတ်လောက်ပါဘူး။"
"ဟုတ်ပါပြီဗျာ။ နောက်ထပ် ပြောပါအုံးမယ်။
ဗိဿနိုးဘုရင်မက စစ်ရှုံးတော့ ထွက်ပြေးတယ်ကွာ။ အခုနက လူလေးပြောတဲ့ ဒွိတဘောင်ရဲ့ စစ်သားတွေက လိုက်ဖမ်းတယ်။ ဒွိတဘောင်က ဗိဿနိုးဘုရင်မကို အသေသတ်ချင်တာမှ မဟုတ်တာ။ မိဖုရားအဖြစ် သိမ်းပိုက်ချင်တာလေ။ ဒီတော့ သူ့ကို ထိအောင်တော့ ဘယ်ပစ်ခိုင်း မလဲ လူလေးရ။ ဗိဿနိုးဘုရင်မကို စောင့်ရှောက်နေတဲ့ ကိုယ်ရံတော်တွေကိုပဲ ပစ်ကြမှာပေါ့။ ဒီတော့ ဗိဿနိုးဘုရင်မက ဒီပေသီးတွေအပေါ် သစ္စာဆိုလောက်အောင် အာရုံ ရှိမှာ မဟုတ်လောက်ပါဘူး။"
"ဟာ ဖေဖေကလည်း သူ့ကိုလည်း ထိနိုင်တာပေါ့ "
"အင်း သူ့ကို ထိလို့ သစ္စာဆိုတယ်ပဲ ထားပါအုံး။ တနယ်လုံး အပြန့်အနှုံ့ ပေါက်နေတဲ့ ပေပင်တွေ အားလုံးအပေါ် သူ့သစ္စာ သက်ရောက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး လူလေးရာ။"
"ဖေဖေကလည်း သူက ဘုရင်မလေ။ သူ့သစ္စာက ထိရောက်မှာပေါ့ ဖေဖေရ။"
"ဒါလည်း ဖြစ်နိုင်တယ်ပဲ ထားပါတယ်။
ဒါပေမယ့် ရှေးလူတွေက ထိရောက်အကျိုးရှိတဲ့သစ္စာပဲ ဆိုမှာပေါ့ လူလေးရ။ အခု ပေပင်တွေ ပေါက်လာရင် မကြီးမထွားပါနဲ့ဆိုတာက သူ့အတွက်ကော၊ လောကအတွက်ကော ဘာအကျိုးထူးရမှာ မို့လို့လဲ။"
"အဲဒါတော့ မပြောတတ်ဘူးလေ။ ဖေဖေက စကား ကတ်ပြောနေတာကိုး"
"ကတ်ပြောတာ မဟုတ်ပါဘူး လူလေးရဲ့။ အကြောင်းကြောင့် အကျိုး ဖြစ်တာ။ အကြောင်းမဲ့တော့ ဘယ်အကျိုးမှ ပေါ်မလာနိုင်ဘူးလေ။"
"ဟာ ဖေဖေကလည်း ဒီကိစ္စ အကြောင်းအကျိုးတွေ ပြောလို့ မရဘူးလေ။"
"လူလေးရယ် အကြောင်းမဲ့ အကျိုးကို ဘုရားတောင် မခံစား မရရှိခဲ့ဘူး ကွ။"
"အဲလိုဆိုရင် အခု ပေပင်တွေက ဘာလို့ မကြီးလာရတာလဲ။"
"အဓိက အချက်ကတော့ မြေ ညံ့တဲ့ နေရာတွေ မို့လို့ပဲ။ အခု ပေပင်တွေ ပေါက်တာက အင်တိုင်းတောခြောက်၊ ကျောက်စရစ် ကြပ်တီး မြေတွေ။ ဘာမြေဆီသြဇာ မှ မရှိဘူး။"
"ဟုတ် ဖေဖေ။"
"နောက်တချက်ကတော့ အစောက လူလေးမေးတဲ့ အထဲမှာပါတဲ့ လူတွေက အရွက်ထွက်လာတိုင်း ခုတ်ယူနေကြလို့ပဲ။ "
"အဲဒါနဲ့တော့ အပင်မကြီးတာ မဟုတ်လောက်ပါဘူး ဖေဖေရ။"
"ဟုတ်တာပေါ့ လူလေးရဲ့။ အပင်တွေမှာ အရွက်နဲ့ အသက်ရှင် ရတာလေ။ အရွက်က အစာချက်ပြီး အပင်ကြီးရတာလေ။ အရွက်ထွက်လာတိုင်း ခုတ်ယူနေကြတော့ ဘယ်လိုလုပ် အပင်က ကြီးထွားတော့မလဲ။"
"အော် ဒါလည်း ဟုတ်တယ်နှော်။"
"နောက်တချက်ကတော့ ဖေဖေလည်း သေချာ မပြောနိုင်ဘူးကွ။ ပေပင်ပုမျိုး ဖြစ်နိုင်သလို မြေအောက် အမြုပ်လွန်လို့ မကြီးထွားနိုင်တော့တာလည်း ဖြစ်နိုင်တယ်။"
"ပေပင်ပုမျိုးလို့တော့ မရှိလောက်ပါဘူး ဖေဖေရ။ ရှိရင်လည်း ဒီအပင်တွေထဲက တပင်ပင်ကတော့ အသီးသီးလာမှာပေါ့။ "
"မသေချာဘူးလို့ ဖေဖေ ပြောထားတယ်လေ။ "
"နောက် မြေအောက် မြုပ်လွန်းသွားတယ်ဆိုတာလည်း မဖြစ်နိုင်လောက်ပါဘူး။ "
"ဒါကတော့ ဖြစ်နိုင်တယ် လူလေးရဲ့။ ဗိဿနိုးမြို့ဟောင်းက မြို့ရိုးတွေ၊ အဆောက်အအုံတွေ မြေမြုပ်နေတာ တွေ့ဘူးလား။"
"အဲဒါတော့ တွေ့ဖူးတာပေါ့ ဖေဖေရ။ သစ်ပင်က မြေမြုပ်နေလေ ရေနဲ့ နီးလေ၊ အပင် ပိုကြီးထွားလေ ဖြစ်ရမှာလေ။" "အဲဒါက မြေဆီသြဇာ ရှိတဲ့ မြေမှာ ဆိုရင် ဖြစ်နိုင်တာပေါ့ လူလေးရ။ အခု ပေပင်တွေ ပေါက်နေတဲ့ မြေနေရာတွေမှာက အောက်ကိုနက်သွားလေ၊ မြေက ပိုကျစ်သွားလေ၊ ရေနည်းသွားလေဖြစ်နေတာလေ။"
"အော် ဟုတ်လောက်တယ်နှော် ဖေဖေ။"
"နောက်ပြီးတော့ ရေမျောလာတဲ့ ပေသီးတွေက ကြပ်မြေတွေ အထပ်ထပ် ပို့လာတော့ အပေါ်ကို အညွန့်ထွက်ဖို့တောင် မနည်းအချိန်တွေ ကြာခဲ့မှာလေ။ "
"ဖေဖေ့ အဲလိုဆို ပေပင်တွေ အခြေကို တူးကြည့်ရအောင်လေ။"
"အေးပါကွာ။ မိုးရွာတော့ စမ်းကြည့်တာပေါ့။ "
"ဒါထက် အရေးကြီးတာက ဘယ်လို အကြောင်းအရာပဲ ကြားခဲ့ မြင်ခဲ့ရင် သဘာဝယုတ္တိ ရှိ မရှိနဲ့ နှိုင်းယှဉ် တတ်ဖို့ အရေးကြီးတယ် လူလေးရ။ "
"ဟုတ် ဖေဖေ။ သား လက်လှမ်းမီသလောက် ကြိုးစားပြီး စဉ်းစားမယ်။"
"သာဓုပါဗျာ။ "
"ဖေဖေ့ သုံးခါ ခေါ်လေ။"
"လှေနံ ဓားထစ် မှတ်သားထားသမျှ အဖြေမှန်နဲ့ ပိုပို ဝေးသွားတတ်တယ်ဆိုတာ လူလေး ကိုယ်တွေ့ကြုံရင် ထပ်သိလာလိမ့်မယ်။ နောက် သာဓု ၂ ခါက အဲဒီအချိန်ကြမှ ခေါ်မယ်လေကွာ။"
"ဟာ ဖေဖေကလည်း သာဓု တောင် ကပ်တယ်။ လှေနံ ဓားထစ်ဆိုတာက -- "
"အဲ ခေါ်ပြီးသား သာဓု ပြန် နှုတ်တယ်ကွာ။"
"ဟာ ဖေဖေကလည်း တကယ် မသိလို့ပါဆို"
"လှေနံ ဓားထစ်ဆိုတာ အကြောင်းအရာ တခုကို အသေမှတ်ထားပြီး အခြေအနေ အချိန်အခါကို မနှိုင်းယှဉ် မလေ့လာ မသုံးသပ်ဘဲ လုပ်ဆောင်တာကို ပြောတာကွ။"
"ဟုတ် ဖေဖေ။ ရေထဲကို ပစ္စည်းကျသွားတာကို ချက်ချင်း ဆင်းမရှာပဲ လှေဘောင်မှာ ဓားနဲ့ ထစ်ပြီး မှတ်ထားတာ။ လှေဆိပ်ရောက်မှ ဓားထစ်ထားတဲ့ နေရာကို ဆင်းရှာတာလေ။ သိသားပဲ။ မသိချင်ယောင်ဆောင်ပြီး ဖေဖေ့ကို မေးတာ။ "
"အမယ်လေး သာဓုပါဗျာ။ ဖအေကို ပညာ လာစမ်းနေတာ။ "
"ပညာစမ်းတာ ဟုတ်ပါဘူး ဖေဖေရ။ ဖေဖေက သားကို ဘာမှ မသိဘူးဆိုပြီး လှိမ့်နေတာလား လို့ပါ။"
" အဲ သာဓုပါဗျာ။ ဖအေကို ကြပ်ကြပ် ရန်စပါ။ နောက်ဆို ရှင်း မပြတော့ဘူး။ "
"ရှင်း မပြချင်လည်း နေပေါ့။ ဖေဖေ့ သားပဲ လူ အ လေး ဖြစ်မှာလေ။ သာဓု ၃ ခါ ပြည့်ပြီ။ တော်ပြီ။ လယ်ထဲ သွားတော့မယ်။"
ဖေဖေက တဟားဟားနဲ့ ရီပြီး ကျန်နေခဲ့တယ်။ ကျွန်တော်ကတော့ ခမောက်လေး ဆောင်းပြီး တာယာဖိနပ်လေး စီးလို့ လယ်တောဆီ အပြေးနီးနီး ထွက်လာခဲ့တယ်။

အချိန်တွေ ကြာခဲ့ပေမယ့် အဖေ့စကားတွေကို ပြန်ကြားနေဆဲ။
အဖေ့ ပုံရိပ်တွေကို မြင်နေရဆဲ။ အကြောင်းတိုက်ဆိုင်လာတိုင်း ပြန်ရေးနေမိနေဆဲ ---။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

SMT 57

Smt52

smt64

Smt 61

Smt 62

SMT-59
Nice

smt 54

SMT(51)

SMT No55

Smt65

Smt-66

SMT 58

haha this is good and so funny
smt63