အေးစံလက်ထဲတွင် ငွေသုံးထောင်ပါလာသည်။ အေးစံဈေးသို့သွားသည်။ ထိုအချင်းအရာမှာ နေ့စဉ်လုပ်နေကျလုပ်ငန်းစဉ်ဖြစ်သည်။ ညစာထမင်းစားပြီးကတည်းက ကိုမြင့်ကျော်က စားပွဲပေါ်ငွေသုံးထောင်တင်ထားပေးသည်။ မနက်မိုးလင်းလျှင် အေးစံကငွေသုံးထောင်ယူကာ ဈေးသွားသည်။ ကိုမြင့်ကျော်ရဲ့ တနေ့လုပ်အားခမှာ ခြောက်ထောင်ကျပ်ဖြစ်သည်။ အေးစံကိုဈေးဖိုးသုံးထောင်ပေးသည်။ ကျန်သုံးထောင်ထဲကမှ နှစ်ထောင့်ငါးရာကိုစုသည်။ ငါးရာကတော့ ကိုမြင့်ကျော်ဆေးလိပ်ဖိုးကွမ်းဖိုးဖြစ်သည်။ ကိုမြင့်ကျော်စုသော တနေ့နှစ်ထောင့်ငါးရာမှာ တလပြည့်လျှင် ခုနှစ်သောင်းခွဲရသည်။ ရံဖန်ရံခါ ကိုမြင့်ကျော်နေမကောင်း၍ အလုပ်မဆင်းဖြစ်သောနေ့တွေရှိပါက တလစုငွေ ခြောက်သောင်းခွဲရသည်။ အိမ်လခက ငါးသောင်းခွဲ ။ မီတာခက သုံးထောင့်ငါးရာ။ ရေဖိုးက တလသုံးထောင်။ ဒါကပုံမှန်ကုန်နေကျ မဖြစ်မနေထွက်ငွေများဖြစ်သည်။ တော်သေးသည်က အိမ်လခမှာ တလချင်းပေးရသောကြောင့် အေးစံတို့ အသက်ရှူချောင်သည်။ အိမ်သေးသေးလေးပေမယ့် အေးစံတို့မိသားစုသုံးယောက် အဆင်ပြေပြေနေလို့ရသည်။ တလကုန်ပါက ပေးစရာရှိတာများပေးပြီးလျှင် အေးစံတို့လက်ထဲ ကျန်ငွေငါးထောင်လောက်ဖြစ်ဖြစ်မီကျန်သည်။ တခါတလေ တပြားမှမကျန်၍ အကြွေးတင်သည်။ အကြွေးတင်သော လများတွင် အေးစံက ဈေးဖိုးငါးရာလျှော့သုံးရသည်။ အကြွေးကိုတော့ အေးစံကြောက်သည်။ တခါတလေ ကိုမြင့်ကျော်အလုပ်က ဆုကြေးလေးဘာလေးရလျှင် အေးစံတို့ မြိုးမြိုးမြက်မြက်ကလေးသုံးစွဲရတတ်သည်။ ထိုအခါတွင်တော့ အေးစံတို့မိသားစုသုံးယောက် လမ်းထိပ်က စတိုးဆိုင်ကြီးတွင် အကျီ င်္များဝယ်ကြသည်။ သို့သော် ထိုအခွင့်အရေးသည် တနှစ်တနေမှ တခါလောက်သာရတတ်သည်။ သမီးလေးက ကျောင်းမတက်ရသေး၍သာတော်တော့သည်။ မဟုတ်ပါက သမီးကျောင်းစရိတ်ကိုငဲ့၍ အေးစံတို့ အဝတ်ဝယ်ဖြစ်မည်မဟုတ်။
အခုလည်း အေးစံဈေးထဲသို့လာရသည်။ ဒီလသည် အကြွေးမရှိသောလဖြစ်သောကြောင့် ဈေးဖိုးသုံးထောင်ကိုင်၍ ဈေးဝယ်နိုင်သည်။ အရင်ဆုံး ဆန်ဝယ်ရသည်။တပြည် နှစ်ထောင်တန်ကို လေးလုံး တထောင်တန်တရွက်ပေး၍ဝယ်သည်။ အေးစံတို့မိသားစုသုံးယောက်က မနက်လည်း ထမင်းကြမ်းပဲစားကြသောကြောင့် တနေ့ကိုဆန် သုံးလုံးခွဲကုန်သည်။ ထို့ကြောင့်ဆန်လေးလုံးဝယ်ရသည်။ ကျန်သည့်ဘူးတဝက်ကိုတော့ ဗူးကြီးတဗူးထဲတွင်ဖယ်ထားသည်။ ဧည့်သည်ဆောင်သည်ရုတ်တရက်လာပါက ဆန်မရှိ၍ထမင်းမတည်နိုင်ဖြစ်မည်ကို အေးစံစိုးရိမ်သောကြောင့်ဖြစ်သည်။ ဆန်ဝယ်ပြီးသည်နှင့် လက်ထဲတွင်နှစ်ထောင်ကျန်သည်။ နေ့စဉ်ရောက်နေကျဖြစ်သောဈေးထဲသို့ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်သည်။ ဟိုကြည့်ဒီကြည့် ဟိုမေးဒီမေးဖြင့် ဈေးအစနေရာကိုပြန်ရောက်သည်။ ဘာချက်ရမလဲ ဘာချက်ရမလဲ။ ခေါင်းပူအောင်စဉ်းစားရသည်။ ငွေနှစ်ထောင်သည် တရက်စာဈေးဖိုးဖြစ်သည်။ ထိုနှစ်ထောင်ဖြင့် ညမနက်စာရော မနက်ထမင်းကြမ်းနဲ့စားဖို့ ပဲပြုတ်ရော သမီးလေးစားဖို့ မုန့်တမျိုးမျိုးရော ဝယ်ရမည်။ အေးစံခေါင်းတွေပူလှသည်။ မနက်ခင်းနေရောင်သည် အပူလျော့သော်လည်း စဉ်းစားရလွန်းသောအေးစံခေါင်းမှာ မီးတောက်မတက်ပူလောင်လှသည်။
ပဲပြားကြော်ပြီးခရမ်းချဉ်သီးလေးနှင့်နှပ်မည်။ ပဲဟင်းချိုလေးချက်မည်။ ငရုပ်သီးဆားထောင်းလေးလည်း ထည့်မည်။ အရင်ဆုံး ပဲပြားတရာတန်နှစ်တုံးဝယ်သည်။ ခရမ်းချဉ်သီး သုံးရာဖိုးဝယ်သည်။ အလုံးလတ်လတ် ၆လုံးရသည်။ ဒါဆိုလျှင်တော့မဆိုး ပဲပြားနှစ်တုံကို အလွမ်ဆုံးခရမ်းချဉ်သီးထည့်ရ လေးလုံး။ ဒါကြောင့် နှစ်လုံးပိုသည်။ ခပ်မာမာလေးရွေးယူခဲ့သောကြောင့် နောက်ရက်အထားခံလိမ့်မည်။ ကြက်သွန်နီဝယ်ရအုံးမည်။ ကြက်သွန်နီကတော့ မနေ့ကဝယ်ထားတာနှစ်လုံးကျန်သေးသည်။ ဒီနေ့ဝယ်စရာမလိုတော့။ လက်ထဲတွင် တထောင့်ငါးရာကျန်သည်။ ပဲစဉ်းငုံတဆယ်သား သုံးရာ။ ငရုပ်သီးအလှော်မှုန့် နှစ်ရာဖိုး။ ကြက်သွန်ဖြူနှစ်ရာဖိုး။ ပဲပြားကြော်နှပ်ထဲထည့်ဖို့ ပုစွန်ခြောက်ကလည်း နှစ်ရာဖိုးဝယ်ရသေးသည်။ ခြောက်ရာကျန်သေးသည်။ သမီးလေးအတွက် ကိတ်မုန့်လေးက နှစ်ရာတန်တထုတ်ဝယ်ရသေးသည်။ လေးရာမှာ ကိုမြင့်ကျော်မသိအောင်စုရတဲ့ငွေက နှစ်ရာဖယ်ရသေးသည်။ ထိုသို့အေးစံခိုးစုတာကိုလည်း ကိုမြင့်ကျော်ကရိပ်မိသည်။ အေးစံစုသည်မှာ တခြားမဟုတ်။ တနေ့နှစ်ရာတလခြောက်ထောင်ရသည်။ လကုန်လို့ ငွေခြောက်ထောင်စုမိပါက တလစာဆီဝယ်ရသည်။ ဆား အချိုမှုန့်မှအစ ပိုလျှင်ပိုသလို ငါးခြောက်လေးကြက်သွန်လေးဝယ်ထားရသည်။ အာဗြဲခြောက်ကလေးငါးရာဖိုးဝယ်ထားလျှင် အရေးပေါ်ဧည့်သည်လာပါက ထမင်းဖြူလေးနှင့် ငါးခြောက်ဖုတ်ဆီစမ်းလေးကျွးလို့ရသည်။ ဧည့်သည်မလာသည့်တိုင်အောင် ဈေးဖိုးမလောက်သည့်နေ့များတွင် ဟင်းတမယ်စီစဉ်လို့ရသည်။ ထို့ကြောင့် အေးစံစုမိငွေ တလခြောက်ထောင်သည် ဆီတပိဿ သုံးထောင့်ငါးရာတန်တဗူး နှင့် ငါးခြောက်ငါးရာဖိုးကတော့ ပုံမှန်ဝယ်ဖြစ်သည်။ ကျန်နှစ်ထောင်မှာ အချိုမှုန့်ငါးရာ ဆားနှစ်ရာ ကော်ဖီမစ်သုံးထုတ် သုံးရာ ကြက်သွန်နီရခုနှစ်ရာ ငရုပ်သီးမှုန့်သုံးရာ အဲ့လိုမျိုးဖြင့် ကုန်ရသည်။ အေးစံက ကော်ဖီတွေဘာတွေသောက်တတ်သည်မဟုတ်။ ကိုမြင့်ကျော်ကတော့ သောက်ချင်သည်။ ထို့ကြောင့်သူ့အတွက် တရာတန်ကော်ဖီမစ်သုံးထုတ်ဝယ်ရသည်။ တထုတ်ကိုနှစ်ခါခွဲဖျော်သည့်အတွက် သုံးထုတ်ကို ခြောက်ရက်တော့ သောက်ရသည်။ တလတွင် ကိုမြင့်ကျော် ကော်ဖီသောက်ရရက်မှာ ခြောက်ရက်ဖြစ်သည်။ တခါတရံတော့ အေးစံအတွက်ဖြစ်ဖြစ် သမီးအတွက်ဖြစ်ဖြစ် ကိုမြင့်ကျော်အတွက်ဖြစ်ဖြစ် ဖိနပ်ကလေးတရံဝယ်ရသည်။ ဖိနပ်ဝယ်သောလတွင်တော့ ကြက်သွန်နီလျှော့သုံးရသည်။ အဲ့တော့လည်း အေးစံငွေခိုးစုသည်ကို ကိုမြင့်ကျော်က မသိချင်ယောင်ဆောင်နေသည်။
အခုအေးစံလက်ထဲတွင် စုငွေနှစ်ရာဖယ်လိုက်သည်နှင့် ကျန်ငွေနှစ်ရာသာပိုသည်။ ဈေးထိပ်ဘက်က ပဲပြုတ်နှစ်ရာဖိုးဝယ်ပြီး အိမ်ပြန်ရတော့သည်။ မပြန်လို့ကမဖြစ်။ အိမ်ရောက်သည်နှင့် မနက်စာစားဖို့ပြင်ဆင်ရသည်။ ပဲပြုတ်ထုတ်ကိုဇလုံထဲထည့် ဆီနည်းနည်းထည့် ဆားထည့် ထမင်းကြမ်းခဲကိုချေထည့်ပြီး အားရပါးရနယ်လိုက်သည်။ ပြီးလျှင် ပန်ကန်ပြားတချပ်ထဲသို့ တဝက်ခွဲထည့်ပြီးကိုမြင့်ကျော်ကိုပေးသည်။ ဇလုံထဲမှကျန်ထမင်းများကိုတော့ သမီးလေးကိုခွံရင်းအေးစံပါစားရသည်။ ခပ်မြန်မြန်စားသောက်ပြီးတာနှင့် ကိုမြင့်ကျော်ထမင်းချိုင့်အတွက် အပြေးအလွှားစီစဉ်ရသည်။ ထမင်းအိုးတည်သည်။ ပဲပြားကိုအတုံးလေးတွေလှီးသည်။ ပဲပြားတတုံးကို သုံးစိတ်စိတ်ပြီး သုံးပိုင်းပြန်ပိုင်းသည်။ အတုံးသေးလေးတွေကိုးတုံးရသည်။ ပဲပြားနှစ်တုံးဆိုတော့ တဆယ့်ရှစ်တုံးရသည်။ မကြွပ်တကြွပ်လေးကြော်ပြီး ခရမ်းချဉ်သီးကြက်သွန်နီနှင့်ဆီသပ်ချက်လိုက်သည်။ ဟင်းအနှစ်များများဖြင့် ပဲပြားကြော်နှပ်ကအနံ့သင်းလာသည်။ ပဲစဉ်းငုံကတော့ ကိုမြင့်ကျော်ထမင်းချိုင့်အမှီ ပြီးမည်မဟုတ်သောကြောင့် စိမ်ထားသောပဲစဉ်းငုံများကို အိုးထဲထည့် မီးဖိုပေါ်တင်လိုက်သည်။ ညစာကျမှပဲ အရည်လေးသောက်ပြီးစားတော့ ကိုမြင့်ကျော်ရေ။ ပါးစပ်ကပြောလည်းပြော ငရုပ်သီးကလည်းထောင်းရသည်။ ကြက်သွန်ဖြူခွာ ဆုံထဲထည့် ညက်အောင်ထောင်း ငရုပ်သီးအလှော်မှုန့်ထည့် သမသွားအောင်ထောင်း ဆားအချိုမှုန့်ထည့် စေးပိုင်နေအောင်ထပ်ထောင်း။ သမီးလေးကိုလည်း ဘေးနားခေါ်ထားပြီး ပါးစပ်က ပုံပြင်ပြောရသေးသည်။ ပုံပြင်မပြောလည်း သူမေးသမျှ ဒိုင်ခံဖြေရသည်။ ထမင်းလည်းကျက်ပြီ။ ပဲပြားကြော်နှပ်လည်း မွှေးမွှေးလေးရပြီ။ ငရုပ်သီးထောင်းစပ်စပ်လေးလည်းရပြီ။ ဒါဆိုရင်တော့ ကိုမြင့်ကျော် ထမင်းချိုင့်အတွက်အဆင်ပြေပြီ။ မီးဖိုပေါ်မှာတင်ထားသောပဲအိုးကလည်း အမြုပ်များဝေကျနေသောကြောင့် ဇွန်းတချောင်းဖြင့်ခပ်ထုတ်ပြီး အိုးပေါ်ကို သစ်သားယောင်းမတင်ထားလိုက်သည်။ ထမင်းခ်ျုင့်ထည့်ပြီးသွားတော့ ကိုမြင့်ကျော်က အကျီ င်္လဲပြီ အပြင်ထွက်ဖို့ပြင်သည်။ အေးစံလက်ထဲက ထမင်းချိုင့်ကိုယူပြီး အေးစံနဖူးကိုတချက်နမ်းသည်။ သမီးလေးပါးကို တချက်နမ်းသည်။ ဒါက ကိုမြင့်ကျော်အလုပ်သွားတိုင်း လုပ်နေကျအလုပ်။
ကိုမြင့်ကျော်အလုပ်သွားပြီဆိုတာနှင့် အေးစံအဝတ်လျှော်ဖို့ပြင်ရသည်။ ပဲအိုးက နူးဖို့ကြာအုံးမည်။ အဝတ်လျှော်ပြီးလောက်သောအချိန်မှ နူးလိမ့်မည်။ ရေများမျာထည့်ထားလိုက်သည်။ အဝတ်ကိုစိတ်ဖျောင့်ဖျောင့်လျှော်နိုင်အောင်ဖြစ်သည်။ အဝတ်လျှော်ရတာပင်ပန်းသည်။ ကိုမြင့်ကျော်အလုပ်က ပင်ပင်ပန်းပန်းလုပ်ရသောကြောင့် ကိုမြင့်ကျော်အဝတ်အစားတွေက ဂျီးပိုများသည်။ ဘရက်နှင့်သေချာတိုက်ပြီးလျှော်ရသည်။ အဝတ်လျှော်ပြီးသည်နှင့် ပဲအိုးကလည်းကျက်ပြီ။ အဝတ်မလှမ်းခင် ပဲဆီသပ်ပြီး ဇကာဖြင့်ဖုံးထားလိုက်သည်။ ပြီးမှအဝတ်လှမ်းရသည်။အဝတ်လှမ်းပြီးသည်နှင့် သမီးလေးကိုဘေးတွင်ထိုင်ခိုင်ပြီး ရင်ဘက်ထဲထည့်ထားသော ငွေနှစ်ရာကိုထုတ်ရသည်။ ချွေးဖြင့်စိုနေသောနှစ်ရာတန်ကို မီးပူဖြင့်ဖိရသည်။ တောင့်တောင့်ကလေးဖြစ်သွားသော ငွေနှစ်ရာကို သေတ္တာအောက်ဘက်က သတင်းစာစက္ကူအိတ်လေးထဲသို့ သေသေချာချာထည့်သည်။ လုပ်နေကျအလုပ်ဖြစ်သောကြောင့် သမီးလေးကသိသည်။ ပိုက်ဆံထည့်ပြီးသွားသော သတင်းစာစက္ကူအိတ်လေးကို သမီးလေးက လက်ကလေးဖြင့် ဖိပြီး ထိပ်ဖက်ကိုပြန်ခေါက်သည်။ ပြီးနောက် သေတ္တာအောက်ဘက်ကိုပြန်ထိုးထည့်ပေးသည်။ ဘာလုပ်သည်ဟုတော့ အေးစံကမပြောထား။ သမီးကလည်း ဘာလုပ်သည်ဆိုတာကိုနားမလည်။ ထိုသို့ဖြင့် ခနနားပြီး သားအမိနှစ်ယောက် ရေချိုးကြသည်။ သနပ်ခါးကိုခြေဆုံးခေါင်းဆုံးလိမ်းကြသည်။ ရေချိုးပြီးလို့ သနပ်ခါးလိမ်းချိန်ဆိုသမီးက ပျော်သည်။ သနပ်ခါးကို ကူသွေးပေးသည်။ ဘာပဲဖြစ်ဖြစ် သမီးကိုတော့ ကျောင်းကြီးမတက်ခင် လမ်းထိပ်ကမူကြိုလေးတော့ ထားရအုံးမည်။ ငွေစုဖို့အရေးစဉ်းစားတော့ အေးစံသက်ပြင်းချမိသည်။
ကိုမြင့်ကျော်ကတော့ သူ့အလုပ်ရှင်ဆီမှာ လုပ်ခပိုတောင်းထားသည်ဟုပြောသည်။ အေးစံကိုဈေးဖိုးလေးထောင်လောက်ပေးနိုင်ရင် သမီးလေးကိုမူကြိုထားဖို့ပါ ငွေစုလို့ရမည်။ လမ်းထိပ်ကမူကြိုက တလခုနှစ်ထောင်ဟုပြောသည်။ ထားချင်သည်။ ကိုမြင့်ကျော်လုပ်ခ ပိုရပါမှ သမီးလေးအတွက်ကျောင်းထားနိုင်မည်။ သို့မဟုတ်ပါက အေးစံတို့ဘဝ အကြွေးနစ်တော့မည်။ အေးစံကအကြွေးတင်မှာအရမ်းကြောက်သည်။ အကြွေးဆိုသည်မှာ မီးခိုးကြွက်လျှောက်ဟု အမေကပြောဖူးသည်။ မဆုံးနိုင်သောအကြွေးအတွက် အေးစံသောကမရောက်ချင်ပေ။ သို့သော် ကိုမြင့်ကျော်လုပ်ခမတိုးပါက သမီးလေးမူကြိုအတွက် ချေးရငှားရအုံးမည်။ ဈေးဖိုးလျှော့သုံးပါကလည်း သမီးလေးအတွက် ထမင်းချိုင့်ခက်တော့မည်။ အေးစံတခုခုတော့လုပ်ရတော့မည်။ ကိုမြင့်ကျော်ကိုလည်း အရမ်းတွန်းအားမပေးချင်ပေ။ သူလည်းပင်ပန်းရှာသည်။ တခါတရံတွင် ကိုမြင့်ကျော်ကနေကြာစေ့လေး ဇီးထုတ်လေးဝယ်လာတတ်သည်။ ညဘက်စကားပြောရင်းဖြင့် စားကြသည်။ ကိုမြင့်ကျော်က သူသုံးရမည့်ငွေငါးရာထဲမှ ပိုလျှင်ပိုသလို နှစ်ရာတန်နေကြာစေ့ဖြစ်ဖြစ် ဇီးထုတ်ဖြစ်ဖြစ်အေးစံအတွက်ဝယ်လာတတ်သည်။ တခါတရံ သမီးလေးအတွက် လမ်းဘေးချရောင်းသောအရုပ်ကလေးတွေဝယ်လာတတ်သည်။
နေ့လည်စာကို ပဲဟင်းချို ပဲပြားကြော်နှပ် ငရုပ်သီးထောင်းဖြင့် သားအမိနှစ်ယောက်ခပ်မြိန်မြိန်စားလိုက်ကြသည်။ သမီးလေးကတော့ ငရုပ်သီးထောင်းမစားနိုင်သောကြောင့် ပဲဟင်းနှင့်ပဲပြားကို အားရပါးရစားသည်။ စားသောက်ပြီးသည်နှင့် ခနနားပြီး သမီးကိုသိပ်ရသည်။ သမီးအိပ်သွားမှ မနက်ကလျှော်ထားသောအဝတ်များကို မီးပူတိုက်ရသည်။ က်ုမြင့်ကျော်က အလုပ်ကြမ်းသာလုပ်သော်လည်း အဝတ်အစားတော့ သန့်ရှင်းတောင့်တင်းနေမှသဘောကျသည်။ မီးပူတိုက်ပြီးသည့်နှင့် ဘေးအိမ်က မြမြကိုကလေးအိပ်နေသောကြောင့် အိမ်ခနကြည့်ပေးဖို့ပြောပြီး ထီးတလက်ဆွဲလို့ အပြင်ထွက်ခဲ့သည်။ နေ့လည် နှစ်နာရီနေသည် ခေါင်းတည့်တည့်သို့ ထိုးကျနေသည်။ ပူလည်းမတတ်နိုင်။ ထီးစောင်းပြီး လမ်းထိပ်ထွက်ခဲ့သည်။ လမ်းထိပ်ကစက်ချုပ်ဆိုင်ရောက်တော့ လက်ချုပ်လိုက်ဖို့နှင့် ကြယ်သီးတပ်ဖို့အကျီ င်္များကို အေးစံကိုပေးလုပ်မည်ဟု ပြောသည်။ ပြီးခဲ့တဲ့တပတ်ကတည်းက တောင်းပန်ပြောထားသောကြောင့် အခုတော့ ရောက်တာနှင့်အလုပ်ပေးမည်ဟုပြောသည်။ အကျီ င်္လက်ချုပ်လိုက်ပြီး ကြယ်သီးတပ်အပြီးအစကို တထည်သုံးရာရမည်။ တနေ့နှစ်ထည်အနည်းဆုံးလုပ်ရမည်ဟုပြောသည်။ အေးစံပျော်လိုက်သည့်ဖြစ်ခြင်း။တနေ့နှစ်ထည်ဆို ခြောက်ရာ။ တလကိုတသောင်းရှစ်ထောင်။ အိမ်မှာနေရင်းယူလုပ်ရမည်ဖြစ်သောကြောင့် ပို၍အဆင်ပြေသည်။ ကိုမြင့်ကျော်သိလျှင်လည်း ဝမ်းသာမည်။ တလတသောင်းရှစ်ထောင်ဆိုသောငွေသည် သမီးလေးကို ခုနှစ်ထောင်တန်မူကြိုထားနိုင်မည့်အပြင် တခြားဘာရီရလည်း သုံးနိုင်မည်။ ကိုမြင့်ကျော်ကိုလည်း အဝတ်လေးနှစ်ထည်လောက်တော့ ဝယ်ပေးချင်သည်။ ဈေးထဲက နေ့သွင်းဆိုင်လေးမှလည်း တနေ့နှစ်ရာသွင်းပြီး ယိုဒယားပါတိတ်လေးတွေဝယ်နိုင်တော့မည်။ ဈေးထဲသွားတိုင်း ထိုနေ့သွင်းဆိုင်ကို မျက်ရည်အဝိုင်းသားဖြင့် ငေးခဲ့ရသည့်ဘဝက လွတ်တော့မည်။ အေးစံတွေးရင်းဖြင့် ပျော်သည်။ နေမကောင်းဖြစ်လျှင်လည်း ဆေးဆိုင်ကဆေးဝယ်မသောက်ဘဲ ဆေးတခါထိုး နှစ်ထောင်တန်ဆေးခန်းကို သွားနိုင်မည်။ စက်ချုပ်ဆိုင်မှ အထည်က တနေ့နှစ်ထည်သာပြောသော်လည်း ပြီးသလောက်လုပ်လို့ပြောလိုက်သေးသည်။ မနက်ကို တနာရီလောက်စောထရမည်။ ညကို တနာရီလောက်နောက်ကျပြီးမှ အိပ်ယာဝင်ရမည်။ အေးစံကြိုးစားရမည်။
အတွေးတို့ဖြင့် ရွှင်မြူးစွာအေးစံပြန်လာသည်။ မနက်ဖြန်ကစလို့ အေးစံအလုပ်လုပ်ရတော့
မည်။ အိမ်ရောက်တော့ သမီးလေးကနိုးနေပြီ။ မြမြပေါင်ပေါ်မှာထိုင်ပြီး အမေပြန်လာတာကိုစောင့်နေသည်။ အိမ်ရောက်ရောက်ချင်း သမီးကိုပွေ့ချီပြီး အားရပါးရနမ်းလိုက်သည်။ပါးစပ်ကလည်း နောက်လဆို သမီးလေးကျောင်းတက်ရတော့မယ် သမီးရဲ့ ဆိုပြီး ထပ်ခါထပ်ခါပြောနေမိသည်။ အကြောင်းသိသော မြမြက သဘောတကျပြုံးရင်း အံမယ် ကောင်မ ရုပ်ကိုက မှိုရတဲ့မျက်နှာနဲ့။ ဝမ်းသာတယ်ဟဲ့ကောင်မရဲ့။ ဆိုပြီး သူပါပျော်နေတော့သည်။ အေးစံတအိမ်လုံးကို တံမြက်စည်းလှဲသည်။ ကြမ်းတိုက်သည်။ မနက်က ဝယ်ထားသောနှစ်ရာတန်ကိတ်မုန့်လေးကို သမကိုကျွေးသည်။ ပြီးတာနှင့် သမီးကိုခေါ်ပြီး ရပ်ကွက်ထိပ်ကိုထွက်ခဲ့တော့သည်။ ကိုမြင့်ကျော်ကိုကြိုရမည်မဟုတ်လား။ ဒီနေ့တော့ ကိုမြင့်ကျော်ကို ပြောစရာစကားများသည်။ သူလည်း ဝမ်းသာလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သမီးလေးကျောင်းစရိတ်ထွက်လာသည်ဆိုတာနှင့်ကို အလိုလို အသက်ရှူချောင်ကြရပြီမဟုတ်လား။ သမီးက တလမ်းလုံးခုန်ပေါက်ပြေးလွှား ဆော့ကစားလာသည်။ လမ်းမှာတွေ့သမျှ မြက်ပင်တွေကိုဆွဲနှုတ်သည်။ ခဲလုံးတွေကောက်ပြီး သဲပုံတွေကြားထဲပစ်သည်။ ဒါက သမီးနေ့တိုင်းလုပ်နေကျ။ ခါတိုင်းနေ့တွင်တော့ သဲတွေပေမှာစိုးလို့ အေးစံက အော်ရသည်။ ဆူရသည်။ ဒီနေ့တော့ လွှတ်ထားလိုက်သည်။ ရပ်ကွက်ထိပ်ရောက်တော့ ကိုမြင့်ကျော်ကိုတော်တော်လေးစောင့်လိုက်ရသည်။ တနာရီကျော်ကြာသည်အထိကိုမြင့်ကျော်မလာသေးသောကြောင့် စိတ်ကလည်းပူမိသေးသည်။ သို့သော် တနာရီခွဲလောက်စောင့်အပြီးမှာတော့ ကိုမြင့်ကျော်ရောက်လာသည်။ အလုပ်ရှင်က အလုပ်ပိုခိုင်းနေသောကြောင့် နောက်ကျကြောင်းပြောသည်။ အလုပ်ပိုခိုင်းသောကြောင့် နေ့စားလုပ်ခ ခြောက်ထောင်အပြင် အပိုနှစ်ထောင်ပေးလိုက်ကြောင်းနှင့် သမီးလးကျောင်းထားဖို့ကိစ္စပြောပြသောကြောင့် သမီးလေးအတွက် ငွေသုံးသောင်းမုန့်ဖိုးပေးလိုက်သည်ဟု ကိုမြင့်ကျော်ကဝမ်းသာအားရပြောသည်။ လမ်းမကြီးတွင်ပင် အေးစံဟန်မဆောင်နိုင်တော့ဘဲ ကလေးတယောက်လို ထခုန်မိတော့သည်။ အေးစံကလက်ခုပ်တီးပြီးခုန်တော့ သမီးလေးကလည်း လိုက်ခုန်သည်။ ဒီနေ့သည် အေးစံတို့ဘဝတွင် အပျော်ကြီးပျော်ရသောနေ့ဖြစ်သည်။ အေးစံက အကျီ င်္လက်ချုပ်လိုက်မယ့်ကိစ္စပြောတော့ ကိုမြင့်ကျော်က မလုပ်စေချင်ပေမယ့် အေးစံစိတ်ထက်သန်နေသောကြောင့် သဘောတူသည်။ သူက အေးစံကိုမပင်ပန်းစေချင်။ သို့သော် နေပူထဲထွက်လုပ်ရမည်ထက်စာလျှင် ဒီအလုပ်ကမပင်ပန်းဘူးမဟုတ်လား။ ဒီအတိုင်းဆိုပါက အေးစံတို့ချောင်လည်ပြီ။ အိမ်လခငါးထောင်ထပ်တက်မယ်လို့ ပြောပြောနေတဲ့အိမ်ရှင်ကိုလည်း တောင်းပန်စရာမလို ။ အသာကလေးပေးလိုက်လို့ရပြီ။ အေးစံလည်းကြိုးစားမည်။ ကိုမြင့်ကျော်လည်း ကြိုးစားရသည်။ ထိုညက လမ်းထိပ်က အအေးဆိုင်ကလေးတွင် ရေခဲသုတ်နှစ်ပွဲကို မိသားစုသုံးယောက်စားရင်း သမီးကလေးရှေ့ရေး တွေးပြီးရင်ခုန်နေကြလေတော့သည်။
စုမွန်သွယ်
MSU - 57
Photo Credit - http://mmlazp.blogspot.com/2015/10/blog-post_77.html
အရင်ကလိုစာအုပ်ခေတ်သာကောင်းသေးရင်.....
ဝထ္ထုတိုအနေနဲ့....လှိုဝှက်ဆန်းကြယ် သူရဇ္ဇ တို့လိုလစဉ် ထုပ်
မဂ္ဂဇင်း တွေထဲမှာ ပါသင့်တဲ့အတွေးအခေါ်အရေးအသားလေးပါ။
ဒီလိုစာမျိုးကိုဖတ်ရှု့ခွင့်ရလို့ ဝမ်းသားမိပါတယ်....။😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြီးဆုံးတဲ့အထိ ဖတ်ပေးတာရော ဝေဖန်ပေးတာရော ကျေးဇူးတင်ပါတယ်ရှင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းလိုက်တာ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာဖတ်ရင်း မောလိုက်တာဗျာ
congratulation နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good writing
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Nice post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာအရေးအသားကလည်း ပြောစရာမရှိအောင် ပြေပြစ်လွန်းလှပါတယ်၊ တစ်ခုလောက်တော့ အကြံပေးချင်ပါတယ်ဗျ၊ စာပိုဒ်အခွဲလေးတွေနဲ့ရေးပေးရင် ဖတ်ရတဲ့သူအတွက်လည်း အမြင်ရှင်းရှင်းလင်းလင်း ရှိမယ်ဗျ။ ပိုပြီး စာဖတ်သူကို ဆွဲဆောင်နိုင်မယ်ဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာအရေးအသားကလည်း ပြောစရာမရှိအောင် ပြေပြစ်လွန်းလှပါတယ်၊ တစ်ခုလောက်တော့ အကြံပေးချင်ပါတယ်ဗျ၊ စာပိုဒ်အခွဲလေးတွေနဲ့ရေးပေးရင် ဖတ်ရတဲ့သူအတွက်လည်း အမြင်ရှင်းရှင်းလင်းလင်း ရှိမယ်ဗျ။ ပိုပြီး စာဖတ်သူကို ဆွဲဆောင်နိုင်မယ်ဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ။ နောက်သတိထားလိုက်ပါမယ်။ သုံးကာစဆိုတော့ သိပ်မကျွမ်းကျင်သေးလို့ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit