ကိုစက်ဒိုးရဲ့ အရက်ဆိုင်ကလေး ထဲမှာ သူတို့ လေးယောက် အရက် သောက်ဖြစ်တဲ့ နေ့ဆိုရင် ခရိုးခရိုင် စားပွဲကလေးရှိရာ ခပ်မှောင်မှောင် နေရာကလေးကို ရွေးပြီး ထိုင်နေကျ။ ကိုစက်ဒိုး ဆိုင်ကလည်း ပြောသာ ပြောရတာ နေရာထိုင်ခင်းက ကောင်းလှတာတော့ မဟုတ်ဘူး။ ကိုစက်ဒိုး မတ်တပ်ရပ်ပြီး အရက်ခြင်တဲ့ ရှေ့မျက်နှာစာကလေး ကသာ ကျယ်သလိုလို ရှိပေမယ့် သောက်သုံးသူတွေ နေရာက တော်တော့်ကို ကျဉ်းတယ်။ တကယ်က အိမ်ဘေးကနေ နောက်ဖေး နောက်ဖီကို ထွက်တဲ့ လမ်းကြားကလေး ထဲမှာ ဆိုင်ခင်းထားတာ ဆိုတော့ အကျယ်အဝန်းက ရှိလှမှ လေးပေ သာသာပေါ့။
တစ်ဖက်မှာ အုတ်ထရံဟောင်းကြီး တစ်ချပ် ရှိတယ် (အဲသည် အုတ်ထရံ မြင့်မြင့်ကြီးက တစ်ဖက်ခြံက ဝင်းထရံလည်း ဖြစ်တယ်) တစ်ဘက်ကတော့ ပျဉ်ချပ်ဟောင်းတွေ စီကာစဉ်ကာ ကာထားတဲ့ အိမ်နံရံ ရှိတယ်။ လမ်းကြားလေးက ပျဉ်နံရံနဲ့ အုတ်ထရံ မြင့်မြင့်ကြီး ကြားက နေရာကလေး။ အင်မတန် ကျဉ်းတယ်ပဲ ပြောပါတော့။ အဲသည် ခပ်မြှောင်းမြှောင်း လမ်းကြားကလေး ထဲမှာ ခင်းထားနိုင်တဲ့ စားပွဲ အရေအတွက်က ဆံ့လှရင် သုံးလေးဝိုင်းပေါ့။ ခနော်ခနဲ့ စားပွဲခုံလေးတွေ ပေါ်မှာ ရေဘူး လုပ်ထားတဲ့ ပလပ်စတစ် ဘူးဟောင်း တစ်ဘူးစီ ရှိတယ်။ လက်သုတ်ပဝါ ခပ်ညစ်ညစ် တစ်ထည်စီ ရှိမယ်။ ဒါပဲ။ မိုးတွင်းဆိုရင် ရွှံ့တစွက်စွက် ရှိနေတတ်တဲ့ ကိုစက်ဒိုး ဆိုင်ကလေးမှာ စိတ်ပျက်စရာ ကောင်းတာက အိမ်အောက်ကလား၊ အိမ်နောက်ဖေးကလား မသိဘူး။ တရစပ် ထွက်နေတဲ့ မကောင်းတဲ့ အနံ့အသက်ပဲ။ ဒါကြောင့်လည်း လမ်ကြားကလေး ထဲမှာ ခရိုးခယိုင် ခင်းထားတဲ့ စားပွဲကလေးတွေနဲ့ သည် အနံ့အသက်တွေ ကြောင့်ပဲ တော်ရုံလူက လှမ်းကြည့်ပြီး စိတ်ပျက်လက်ပျက် ပြန်ထွက် သွားတတ်တာ များတယ်။ မသောက်ခင်က မူးနေလောက်တဲ့ နေရာကိုး။ ဒါပေမယ့် လူတိုင်းတော့ ဘယ်ဟုတ်ပါ့မလဲ။ အင်မတန် စိတ်ပျက်စရာ ကောင်းတဲ့ သည်နေရာလေးကိုမှ တစွဲလမ်းလမ်း တခုံမင်မင် ဝတ်မပျက် လာသောက်တဲ့ လူတွေလည်း ရှိတာပဲ။
ကိုစက်ဒိုး ကိုယ်တိုင် နှစ်ပေါင်းများစွာ အရက်ရောင်းရင်းနဲ့ အသက်မွေးဝမ်းကျောင်း နိုင်တာဟာ သည်လို ပရိသတ် ရှိတာကြောင့်ပဲ မဟုတ်လား။ သူ့ဆိုင်ကလေးကို စွဲချစ်နေကြတဲ့ လူတွေ ရှိနေလို့ မဟုတ်လား။ စွဲတဲ့ အချက်တွေထဲမှာ ကိုစက်ဒိုးကို စွဲကြတာလည်း ပါတယ်၊ သူ့ရဲ့ ငါးကြီးဆီနံ့ကလေး သင်းနေတဲ့ အရက်ကို စွဲကြတာလည်း ပါတယ်။ သည်နှစ်ချက်ကြောင့်ပဲ သူ့ဆိုင်က လွဲလို့ တခြားသွားဖို့ ဆိုတာ သိကြားမင်း ဖျက်တောင် မပျက်နိုင်ဘူး ဆိုတဲ့ လူတွေ ရှိတာပေါ့။ သူ့ ဖောက်သည်ဟောင်းတွေ ကတော့ တခြား ဘယ်သွားလိမ့်မလဲ၊ သူ့ဆီပဲ၊ ပုံကိုမှန်လို့။ ညနေ စောင်းတာနဲ့ ကုပ်ကုပ်ကိုင်းကိုင်း ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတာပဲ။ လူချင်းကတော့ ကွာတာပေါ့။ တချို့က ပျဉ်ထရံပေါ်မှာ တစ်ပွင့်တည်း ထွန်းထားတဲ့ မီးလုံး နီကျင်ကျင်ကလေး အောက်က စားပွဲကို ကြိုက်တယ်။
တချို့က ခပ်ဝါးဝါးထွေးထွေး အလင်းရောင်ကလေးနဲ့ နေရတာကို ကြိုက်တယ်။ တချို့က ရေညှိခြောက်တွေ တက်နေတဲ့ အုတ်ထရံကြီးကို မှီရင်း ထိုင်ရတာကို ရွေးတယ်။ တချို့ကလည်း တစ်ဘက် ပျဉ်ထရံကို ကျောပေးရင်း တစိမ့်စိမ့် သောက်ရမှ။ အရက်သောက်တယ် ဆိုတဲ့ လူတွေကလည်း အကြောင်း မသိရင်သာကိုး၊ သူတို့မှာလည်း အစွဲအလမ်း ကလေးတွေနဲ့ မဟုတ်လား။ ကိုယ်သောက်နေကျ စားပွဲကလေးတော့ ရအောင် ဦးလိုက်တာပဲ။ ကိုယ်က နောက်ကျလို့ ထိုင်နေကျ မဟုတ်ရင်တောင် စိတ်ထဲ တင်းမတိမ်ချင်ဘူး။ အဲသည်နေ့က သောက်သာ သောက်ရတယ်၊ ဟာတာတာနဲ့ ဆိုတဲ့ လူကလည်း ရှိသေးတယ်။ အစွဲပေါ့။
တစ်ခု ကောင်းတာက ကိုစက်ဒိုးရဲ့ ဆိုင်ကလေးရဲ့ မျက်နှာစာ တစ်တန်းလုံးဟာ အရက်တန်းလို့ ခေါ်ရလောက်အောင် လေးငါးဆိုင် တန်းစီနေတာ ဆိုတော့ ခြေခင်း လက်ခင်းလေးလည်း သာလို့၊ ကျယ်ကျယ်ဝန်းဝန်း ရှိလို့၊ တခြားဆိုင်တွေမှာ မိုးတိုးမတ်တတ် သောက်သွားတဲ့ လူတွေ များပေမယ့် သူ့ဆိုင်ကို တကူးတကန့် ရောက်လာကြတဲ့ လူတွေဟာ သူ့ဖောက်သည် စစ်စစ်တွေပဲ ဖြစ်နေတတ်တယ်။
ဒါကြောင့် ကိုစက်ဒိုး ဆိုင်ကို ရောက်လာသူတွေဟာ မြင်နေကျ မျက်နှာတွေပဲ။ ကိုစက်ဒိုးနဲ့ရော သောက်သူ အချင်းချင်းရော သံယောဇဉ်တွေ ဖြစ်နေကြတဲ့ လူတွေချည်းပဲ ဆိုပါတော့။ တစ်ခါတလေ မျက်စိလည် လမ်းမှားပြီး ရောက်လာတဲ့လူ တစ်ဦးစ နှစ်ဦးစက လွဲရင် လူရင်းတွေချည်း ဖြစ်နေတတ်တယ်။
အဲသည်နေ့က သူတို့လေးယောက် ရောက်လာတဲ့ အချိန်ဟာ အချိန်ကိုက်ပဲ။ သူတို့ ထိုင်နေကျ ခပ်လှောင်လှောင် နေရာလေးက ခရိုးခရိုင် စားပွဲလေးကို သူတို့ ရလိုက်တယ်။ ရောက်တာနဲ့ မှာမနေရပါဘူး။ ကိုစက်ဒိုး ရောက်လာတယ်။ အရက်တစ်လုံး ချသွားတယ်။ ဝါနောက်နောက် သန်းနေတဲ့ အရက်ကို ကြည့်လိုက်တာနဲ့ ကိုစက်ဒိုး ငါးကြီးဆီ ထည့်ထားပြီးသား ဆိုတာ သူတို့သိတယ်။ သူတို့ လေးယောက်ထဲက တစ်ယောက်ကတော့ အရက်နည်းနည်းကို လက်ညှိုးနဲ့ နှိုက်ပြီး နှုတ်ခမ်းတွေကို ပွတ်တယ်။ လျှာလေးနဲ့ လျက်တယ်။ မြုံစမြုံစ လုပ်တယ်။ ကျန်တဲ့ ဖန်ခွက်တွေထဲကို နည်းနည်းစီ လိုက်ထည့်ပေးတယ်။ ကျန်တဲ့ နှစ်ယောက်ကတော့ အရက်ခွက်ကို မကိုင်ကြသေးဘူး။ ရောက်လာတဲ့ မြင်းခွာရွက်သုပ် ပန်းကန်ထဲက မြင်းခွာရွက် တစ်ဖတ် နှစ်ဖတ်ကို နှိုက်စားကြတယ်။ နောက်တစ်ယောက် ကတော့ အစီခံ မပါတဲ့ ဒူးယား တစ်လိပ်ကို အားရပါးရ ဖွာနေလေရဲ့။
သူတို့ လေးယာက်ဟာ တစ်ယောက်နဲ့ တစ်ယောက် တော်တော်နဲ့ စကား မပြောဖြစ်ဘူး။ အရက်ခွက်ကလေးတွေကို ငေးကြည့်ရင်း တစ်ခုခုကို စောင့်နေသလိုပဲ။ တကယ်က အရက်ကို မြုံစမြုံစ လုပ်တဲ့ ထိပ်ဆုံး ကုလားထိုင်က လူကို စောင့်ကြည့် နေတာပဲ။ ဒါပေမယ့် အဲသည်လူ ကလည်း စကား မပြောသေးဘူး။ အုတ်ထရံနဲ့ ပျဉ်ချပ်တွေ ကြားက ခပ်ဝေးဝေးက လှမ်းမြင်ရတဲ့ မြင်ကွင်းကလေးကို လှမ်းကြည့်နေတယ်။ တံတားသစ်ကြီး ပေါ်က ထွန်းထားတဲ့ မီးရောင်တွေနဲ့ ဥဒဟို သွားလာနေဆဲ ဖြစ်တဲ့ မော်တော်ကားတွေကို ငေးကြည့်ရင်း တစ်စုံတစ်ခုကို တွေးနေသလို လုပ်နေတယ်။ ကျန်တဲ့ သုံးယောက်ကလည်း သူ့ဆီက စကား တစ်ခွန်းစ နှစ်ခွန်းစကို ကြားရမှ အရက်ခွက်ကို ကိုင်မယ့် ပုံမျိုးတွေနဲ့ နားစွင့်လို့။

Part 2 မျှော်
msc 062
@aungmintant
စာကတိုနေပါတယ် သက်ဆိုင်ရာပုံမားလည်းထည့်ပေးထားခြင်းမရှိပါခင်ဗျာ ပြန်လည်ထည့်ပေးစေချင်ပါတယ် မထည့်ပါက promotion မရနိုင်ပါခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပုံလဲ ကြိုးစာသထည့်ပေးပါ့မယ်
စာလဲ ဖြည့်ပေးပါ့မယ် ခင်ဗျာ ကျေးဇူးပါပဲ အကို သင်ပြပေးလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Waiting part2
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်ရန်လေး။