ကျောင်းပြီးတော့ လုပ်ငန်းခွင်ထဲ ဝင်၊ မြန်မာပြည် တစ်နံတစ်လျား တာဝန်ဖြင့် လျှောက်သွားရင်း အဖေတို့၊ အမေတို့ ရွာနှင့် ဝေးခဲ့သည်။ ကျွန်တော် တာဝန်ကျရာ ရထားလမ်း ဝဲယာတစ်လျှောက် မျက်စိတစ်ဆုံး ရှိနေတတ်သော လယ်ကွင်းများက ကျွန်တော့်ကို လယ်သမား သားသမီး ဆိုသောအသိ လက်မလွတ်စေခဲ့။ သို့သော် လယ်ယာမြေ ရှုခင်းများက အတော် ပြောင်းလဲခဲ့သည်။ ဒါသည်ပင် ပါရာဒိုင်းအရွေ့ လေလား။ ထော်လာဂျီများ၊ လက်တွန်း လယ်ထွန်စက်များက နွားတို့၏ နေရာ အတော်များများကို အစားထိုး ဝင်ရောက် နေချေပြီ။ Globalization ကို ကျွန်တော်တို့ မငြင်းဆန်နိုင်ပါ။ Paradigm အရွေ့ကို ကျွန်တော်တို့ လက်ခံ ရပါမည်။ သို့သော် ... ထို သို့သော်ကို ကျွန်တော် နှလုံးသွေးဖြင့် ရေးရအံ့ ထင်သည်။ “ကျေးဇူးရှင်တွေကို မျိုးတုံးပစ်တော့ မလို့လား” ဟု ရင်နင့်စဖွယ် ခေါင်းစီး တပ်ထားသည့် 7 Day News ဂျာနယ်ပါ ဆောင်းပါး စာသားများက ပုံမှန် စာဖတ်ပရိသတ်ကိုပင် ကြေကွဲစေခဲ့ ပါသည်။ ကျွန်တော့်လို လယ်ထဲ၊ ယာထဲ နွားနှင့် ဖက်မွေးခဲ့သူ အဖို့ကား ဆိုဖွယ် မရှိတော့။ ဆောင်းပါးရှင် ဆရာပြည်သိမ်း၏ တင်ပြချက်များက ကျွန်တော့် မျက်ဝန်းအစုံကို စိုစွတ်စေခဲ့၏။ ဤမြေ၊ ဤယာတို့တွင် သမိုင်း နှစ်ထောင်ချီ၍ ကျွန်တော်တို့ကို အလုပ်အကျွေး ပြုခဲ့သော နွားများသည် စက်မှု ပါရာဒိုင်းအရွေ့တွင် ပင်လယ်ကူး သင်္ဘောဖြင့် တစ်ဖက်နိုင်ငံ စည်သွတ်ဘူး စက်ရုံများဆီသို့ ပို့ခြင်း ခံနေရပါပြီ။ ဒါသည်ပင်လျှင် လောက တစ်ခွင်လုံးတွင် အသိဥာဏ် အကြီးမားဆုံးသော မဟာလူသားတို့၏ ကျေးဇူးရှင်များ အပေါ် ကျေးဇူးဆပ်ခြင်း ပေလား။ ဂလိုတွေ မည်သို့ပင် ဘယ်ဘယ်၊ ပါရာတွေ မည်မျှပင် ဒိုင်းဒိုင်း၊ ကျွန်တော်တို့ လူသားတွေ နှလုံးသား မရိုင်းဖို့တော့ ကောင်းကောင်းကြီး လိုပါမည်။
ကျွန်တော် တာဝန်ကျရာ နယ်မြေ အသစ်တွင် ရထားလမ်းများ လိုက်လံ စစ်ဆေးရင်း အဖြစ်အပျက် တစ်ခု ကြုံခဲ့ပါသည်။ ရထားလမ်းတွင် ချက်ချင်း ပြုပြင်ပေးရမည့် ချို့ယွင်းချက် တစ်ခု တွေ့၍ လုပ်သားများဖြင့် အရေးပေါ် ပြင်ဆင်နေစဉ် နွားပေါက် တစ်ကောင် ကျွန်တော်တို့ နံဘေးမှ အတင်းတိုးဝှေ့ ပြေးထွက် သွားသည်။ ကျွန်တော်သည်ပင် မနည်း ရှောင်ပေး လိုက်ရ၏။ ရထားလမ်းဘေး လယ်ကွင်းတွေဆီ မှာတော့ တချို့က ထွန်စက်နှင့် ထွန်ယက် နေကြသလို တချို့ကတော့ နွားနှင့်ဖက်၍ မိရိုးဖလာ နေကြဆဲ။ သိပ်မကြာမီ ကျွန်တော်နှင့် လုပ်သားများ လမ်းပြင် နေရာဆီ၊ လူရွယ်တစ်ယောက် ရောက်လာသည်။ သည်နားက နွားတစ်ကောင် ဖြတ်ပြေးသွားတာ တွေ့၊ မတွေ့ စုံစမ်း၏။ ကျွန်တော့် လုပ်သားများက သူ့ကို ယောင်လို့တောင် လှည့်မကြည့်ကြ။ ဒုတိယအကြိမ် သူ ထပ်မေးသည်။ လုပ်သားခေါင်း လုပ်သူက ကြမ်းတမ်းသော အသုံးအနှုန်းဖြင့် မတွေ့ကြောင်း ပြန်ဖြေသည်။ ကျန် အလုပ်သမားများကတော့ မသိကျိုးကျွန် လုပ်နေကြ၏။ ကြားထဲက ကျွန်တော် မနေနိုင်တော့ပါ။ ဘယ်လို နှလုံးသားနဲ့ လူတွေပါလိမ့်ဟု သူတို့အဖွဲ့ကို ကျွန်တော် မကျေနပ်စွာ ကြည့်မိသည်။ သူတို့သည် အရင်က ဤမျှ မရိုင်းပျကြပါ။
လာစုံစမ်းသူ လူရွယ်ကို နွား ဖြတ်သန်းသွားချိန်၊ နွားပုံစံ၊ သွားရာဘက် ကျွန်တော် ပြောပြလိုက်၏။ မတော် ထွန်ရေးငင်ချိန် နောက်ကျရင် ခက်နေမည်လေ။ ထိုလူရွယ်က ဘာစကားမျှ မဆို။ ကျွန်တော့်ကိုပင် မကြည့်ဘဲ သုတ်ခြေတင် ထွက်ခွါ သွားတော့၏။ ကျွန်တော် ကျွန်တော့် အဖွဲ့ကို မကျေမချမ်း လှမ်းကြည့်မိသည်။ အလို ... သူတို့ ပြန်ကြည့်နေသော အကြည့်က စိမ်းလွန်းလှချည့်။ သူတို့နှင့် ကျွန်တော် ရင်းနှီးစွာ နေထိုင်ခဲ့ပါသည်။ ကျွန်တော့် အပေါ်လည်း သူတို့ လေးစားမှု အပြည့် ရှိကြသည်မို့ ယခု အကြည့်များကို ကျွန်တော် နားမလည်နိုင်ပါ။ ကျွန်တော် မနေနိုင်တော့။ စောစောက ကိစ္စကို ဗြောင်ပင် မေးလိုက်ပါသည်။ လုပ်သားခေါင်း ဖြစ်သူ၏ အဖြေကြောင့် ကျွန်တော့်ခေါင်းကို မိုးကြိုး ပစ်ချလိုက်သလို ခံစားလိုက်ရသည်။
“အသက်တစ်ချောင်း လွတ်လိုလွတ်ငြား ကျွန်တော်တို့ ကြိုးစား ကြည့်လိုက် ကြတာပါ ဆရာ။ စောစောကနွား ပြေးသွားတာ ဆရာ မြင်သလို ကျွန်တော်တို့လည်း မြင်ပါတယ် ဆရာ။ လာမေးတဲ့သူက နွားသတ်ရုံက လူပါ”
ပြောင်းလာတာ သိပ်မကြာသေးလို့၊ ဒီနယ်မြေ အကြောင်းကို ကောင်းကောင်း မသိသေးလို့ စသည့် စကားလုံးများဖြင့် ကျွန်တော့်ကိုယ် ကျွန်တော် ဘယ်လိုမှ မနှစ်သိမ့်နိုင်တော့ပါ။ ကျွန်တော့် လွဲချော်မှု အတွက် ပုံမှန်ထက် အဆ ရာထောင်မက ကျွန်တော် ခံစားလိုက် ရပါသည်။ ကျွန်တော့် စိတ်အစဉ်ထဲ သားသတ်ရုံ မြင်ကွင်းက တရေးရေး ပြန်ပေါ်လာသည်။ ကျွန်တော် နောက်ဆုံးနှစ်တွင် တက္ကသိုလ်ချင်း မတူသော ချစ်သူက သူ၏ စာတမ်းတစ်စောင် အတွက် အဖော် ခေါ်သဖြင့် သူနှင့်အတူ သားသတ်ရုံ လုပ်ငန်း ရှိရာ ပါသွားခဲ့သည်။ ထိုနေ့က တိုက်ဆိုင်စွာပင် ကျောင်းမပြီးမီ သင်္ဘောပေါ် တက်တော့မည့် သူငယ်ချင်း တစ်ယောက်၏ နှုတ်ဆက်ပွဲ သွားခဲ့ရပြီး အသောက်လည်း အတန် များခဲ့၏။ အသောက် များထားသည်က တစ်ကြောင်း၊ ချစ်သူက ခေါ်ခြင်းမို့ တစ်ကြောင်းတို့ကြောင့် မမြင်ဝံ့စရာ မြင်ကွင်းနှင့် ကျွန်တော် ကြုံခဲ့ရသည်။ သာမန် မြင်ကွင်းနှင့်ပင် ကြေကွဲခဲ့ရသော ကျွန်တော်၊ နောက်ဆက်တွဲ ဖြစ်ရပ်တွေကြောင့် ယနေ့တိုင် ဖြေမပြေခဲ့ရခြင်း ပါတည်း။
နွားတစ်ကောင်၏ ဝမ်းဗိုက် အတွင်းမှ အစာအိမ် လေးခု ထွက်ကျ လာချိန်တွင် ချစ်သူတို့က အစာအိမ် အတွင်းမှ ကပ်ပါးပိုးများ အကြောင်း စာတမ်းဆိုင်ရာ အချက်အလက်များ ပြုစု လေ့လာ ကြသည်။ ကံဆိုးသူ ခမျာကား ခေါင်းတစ်လုံးမှ အပ အမဲသားဘဝ ရောက်သွားခဲ့ ရှာပါပြီ။ ထိုစဉ် စောစောက နွား၏ ခြေ၊ လက်တို့ကို ကွန်ကရစ်တိုင်နှင့် ကြိုးပတ်၍ ဆွဲလှည့်ခဲ့သော အဖွဲ့ထဲမှ တစ်ယောက်ထံက စကားသံ ထွက်လာသည်။ သူက နွားခေါင်းကို အသေအချာ ကြည့်ပြီး “ဪ ... တရုတ်ဖြူ ပါလား” တဲ့။ ထိုခပ်အက်အက် အသံကို ကျွန်တော် မှတ်မိလိုက်သည်။ ကျွန်တော်တို့ လယ်ထဲတွင် နှစ်နှစ်ခန့် သူရင်းငှား လုပ်ပြီးမှ ထွက်သွားသူ တစ်နယ်သား။ ကျွန်တော် ဝုန်းခနဲ ထိုသူ့ထံ ပြေးသွားပြီး ခပ်ငိုက်ငိုက် စောင်းထားသော သူ့ဦးထုပ်ကို ဆွဲလှန်လိုက်မိသည်။ သူမှ သူ အစစ်။ နွားခေါင်းကို အသေအချာ ကြည့်တော့ ဘယ်ဘက် နားရွက်နောက်မှ ဒိုးဝိုင်းခန့် အနက်ကွက် တစ်ခု။ ချိုနှစ်ချောင်း ကျွတ်ထားပြီး ငုတ်တို ဖြစ်နေ၍ တရုတ်ဖြူကို ကျွန်တော် မမှတ်မိခဲ့ခြင်း ဖြစ်သည်။ ပြီးတော့ တရုတ်ဖြူကလည်း အသွေးအရောင် ညှိုးမှိန် နေခဲ့သည်လေ။ နည်းနည်း ရုတ်ရုတ်သဲသဲ ဆန်သွားမှာ သိပေမယ့် ထိုသူ့ကို ကျွန်တော် လက်မောင်း နှစ်ဖက်မှ ဆွဲကိုင် လှုပ်ယမ်းရင်း နာကျင်စွာ မေးမိသည်။ ကျွန်တော့်ကို အစောကြီး ကတည်းက မြင်ပေမယ့် မခေါ်ဝံ့လို့ မခေါ်ခဲ့ကြောင်း၊ တရုတ်ဖြူ ကိုတော့ သူလည်း အခုမှပဲ မှတ်မိသွားတာ ဖြစ်ကြောင်း တုန်လှုပ်စွာ ပြောပြသည်။
ကျွန်တော် တရုတ်ဖြူ၏ ငုတ်တိုသာ ရှိတော့သော ချိုလေး နှစ်ဖက်ကို ကိုင်ရင်း မရှက်နိုင်၊ မကြောက်နိုင် ငိုကြွေးမိပါသည်။ ကျွန်တော်နှင့် လယ်ထဲ အတူ ရုန်းခဲ့ဖူးသည့် တရုတ်ဖြူ။ သူ့ခန္ဓာကိုယ်ကို ငွေ ၁၄၀၀ နှင့် တန်ဖိုးဆက်၍ ကျွန်တော့်ကို အဆောင်လခ တစ်နှစ်စာ ပေးခဲ့သည့် တရုတ်ဖြူ။ ငွေ လိုအပ်ချိန်တွင် ခြံပေါက် မဟုတ်၍ ရောင်းဖို့ ဆုံးဖြတ် ခံလိုက်ရသော တရုတ်ဖြူ။ အနားတွင် ကျွန်တော် တစ်ယောက်လုံး ရှိပါလျက် အရက်မူးနေသော၊ အချစ်မူးနေသော ကျွန်တော့် အဖြစ်ကြောင့် ကူသူ၊ ကယ်သူ ဝေးခဲ့ရသော တရုတ်ဖြူ။ လူဘုံ အလယ်တွင် နွားတစ်ကောင်၏ ဦးခေါင်းကို ကိုင်ပြီး သည်းထန်စွာ ငိုကြွေးနေသော ကျွန်တော့်ကို နာကျင် ရှက်ရွံ့စွာဖြင့် ထိုနေ့၊ ထိုနေရာမှာပင် ချစ်သူက လမ်းခွဲခဲ့ပါသည်။ ကျွန်တော့် ဘဝတွင်လည်း ထိုနေ့သည် နောက်ဆုံး အရက် သောက်ခြင်းပင် ဖြစ်ခဲ့ပါသည်။ ထိုနေ့က ကျွန်တော်သာ မမူးနေဘဲ မှတ်မိခဲ့လျှင် ဘယ်လိုနည်းနှင့် ရရ တရုတ်ဖြူ၏ အသက်ကို ရအောင် ကယ်ပါမည်။ အခုတော့ ကျွန်တော့်အပေါ် ကျေးဇူးရှိခဲ့သူ တစ်ယောက် ကျွန်တော့် မျက်စိအောက်မှာပင် အားကိုးရာမဲ့စွာ အသက်ဆုံးခဲ့ရသည့် အဖြစ်။
ယခုလည်း မသိသား ဆိုးဝါးစွာပင် သတ်မည့်သူကိုမှ ကျွန်တော် လမ်းညွှန်မိလျက်သား ဖြစ်ရပြန်ပြီ။ သည်တစ်ခါကတော့ ဘာမှ မူးနေသည် မဟုတ်။ မသိခြင်း၊ အကင်း မပါးခြင်း၊ မောဟက ဖုံးလွှမ်းနေခဲ့ခြင်း ဖြစ်၏။ အရက် မသောက်ရုံနှင့်တော့ လူကောင်းတစ်ယောက် မဖြစ်နိုင်သေးပါ။ ကျွန်တော့် လုပ်သားများကို ဘယ်လို နှလုံးသားနှင့် လူတွေပါလိမ့်ဟု တွေးခဲ့မိသည်။ တကယ်တော့ ဘယ်လို နှလုံးသားနှင့် လူမှန်း မသိသူက ကျွန်တော်သာ ဖြစ်နေခဲ့လေသည်။
“ဘုတလင်၊ မောင်းထောင်၊ ဒီပဲရင်း စသော အရပ်ဒေသများတွင် သီတင်းကျွတ် လပြည့်ညအခါ တစ်နှစ်တာလုံး မနေမနား ခိုင်းလာသော နွားများ၏ အနီးအပါး၌ ဆီမီး ထွန်းညှိပေးပြီးလျှင် 'အမောင်နွား၊ ထိုဘုရားကို အာရုံပြု ဆီမီး ပူဇော်ပါ။ မိုးတွင်းက အမောင်နွားကို ရိုက်မိ၊ ငေါက်မိသည်များ ကိုလည်း သည်းခံပါ၊ အပြစ်မယူပါနှင့်' ဟု တောင်းပန်ကြသော အလေ့ရှိ၏။ နွားတို့သည် လူတို့အတွက် နှစ်ရှည်လကြာ လုပ်ငန်း လုပ်ကိုင်ပေးပြီး အသက် ကြီးရင့်လာ၍ မလုပ်နိုင် မကိုင်နိုင်သော အခါ ထိုနွားအိုကြီးကို အသက်ရှည်သမျှ ကာလပတ်လုံး ကောင်းစွာ ကျွေးမွေး၍ ဘေးမဲ့ ပေးထားကြပါသည်။ အဆင်မတော်၍ သေဆုံးသွားသော် လူ့အသုဘလို တင့်တင့်တယ်တယ်၊ မြေမြှုပ်သင်္ဂြိုဟ် ပေးကြပါသည်”
လယ်တီ ဆရာတော်ကြီး၏ ဘဝဖြစ်တော်စဉ် စာအုပ် စာမျက်နှာ ၂၅၆ မှ အဆိုပါ စာပိုဒ်ကို ကျွန်တော် ဖတ်မိလေတိုင်း ကျွန်တော်တို့ လယ်ထဲမှ နွားများ သေဆုံးသောအခါ ကောင်းစွာသင်္ဂြိုဟ် အမျှဝေပေး နိုင်ခဲ့ခြင်းအတွက် စိတ်သက်သာရာ ရမိပါ၏။ သို့သော် ဒီတစ်မိုးတည်းပါ၊၊ ဒီတစ်မိုးတည်းပါနှင့် နောက်ဆုံးနေ့ အထိ အနား ရမသွားသော ဗိုက်ပူအတွက် စိတ်မကောင်း ဖြစ်ရပြန်၏။ ပိုဆိုးသည်က ကျွန်တော် တစ်ယောက်လုံး အနားတွင် ရှိပါလျက် အသတ် ခံသွားရသည့် တရုတ်ဖြူ။
ကျွန်တော်တို့ ဝန်းကျင်တွေမှာ ဗိုက်ပူတို့၊ တရုတ်ဖြူတို့ ဘယ်လောက်တောင် များခဲ့ပါပြီလဲ။ သူတို့တစ်တွေက အဟိတ်တိရစ္ဆာန် ပေမယ့် လူတွေကို ကျေးဇူးများစွာ ပြုခဲ့ပြီးကြပါပြီ။ မဟာ အတွေးအခေါ်ရှင်၊ ဗြဟ္မစိုရ် တရားရှင် ကျွန်တော်တို့ လူသားတွေကကော သူတို့တစ်တွေ အတွက် ဘာတွေ ကျေးဇူး တုံ့ပြီးပါပြီလဲ။ ပင်လယ်ကူး သင်္ဘောတွေလား၊ စည်သွတ်ဘူး စက်ရုံတွေလား။
ပြီးခဲ့သည့် နှစ်က ကျွန်တော် ရွာပြန်ရောက်တော့ တဲရှိရာသို့ သွားပြီး ငယ်ဘဝ အကြောင်း စဉ်းစား နေမိခဲ့သည်။ ကျွန်တော်တို့ လယ်ကတော့ ကမ်းပြိုရာတွင် ပါသွားခဲ့ ပါသည်။ ကမ်းနှင့် မနီးမဝေးတွင် အစာ စားနေသော နွားတစ်အုပ် ကမ်းပြိုသံ ကြား၍ အလန့်တကြား ပြန်ပြေး လာကြသည်။ တစ်ဖက်ကမ်း ပြိုရင် တစ်ဖက် သောင်ထွန်းသော မြစ်တို့၏ သဘာဝ ရှိသည်။ သောင်ထွန်းသော ဘက်ကတော့ မြေနုကျွန်းတွေ ရလို့ စိုက်ကြ၊ ပျိုးကြနှင့် စိုပြည်ဝေဆာ နေပါလိမ့်မည်။ ကမ်းပြိုသော ဘက်ဆီမှာမူကား ...။ စက်မှုကုန်ထုတ် စနစ်ဆီ ပါရာဒိုင်း ရွေ့ပြီ ဆိုသောအခါ စက်မှုဆိုင်ရာ အခင်းအကျင်းတို့ အုံနှင့် ကျင်းနှင့် ပြောင်းလဲတော့မည်။ ထိုရောအခါ လက်မှုလယ်ယာ ခေတ်က ကျေးဇူး ကြီးမားခဲ့သော နွားတို့အတွက် ကမ်းပြိုသလို ကံဆိုးမိုးမှောင် မကျစေလိုပါ။ သူတို့၏ ကျေးဇူးများ ကျွန်တော်တို့၏ သွေးထဲ ပျော်ဝင် နေဆဲပင် ရှိပါသေးသည်။ သူတို့ကို တတ်စွမ်းသမျှ ကာကွယ်ပြီး ကျွန်တော်တို့၏ လူ့တန်ဖိုးကို မြှင့်ရပါဦးမည်။
ရွာဦးကျောင်းက ပရဟိတ ဂေဟာရှိ ကလေးငယ်များ အတွက် ဆရာတော်က သဒ္ဓါအား ရှိသရွေ့ လှူဒါန်းနိုင်ကြောင်း မိန့်သည်။ ကျွန်တော့်တွင် ပါသော ပိုက်ဆံ တစ်သိန်းခွဲကို လမ်းစရိတ် တစ်သောင်းချန်ပြီး လှူဒါန်းခဲ့ပါ၏။ ဆရာတော်က ရေစက်ချ လက်ခံတော်မူပါ၏။ ရေစက်ချ အပြီးတွင် ကျွန်တော် တရုတ်ဖြူကို မှတ်မှတ်ရရ အမျှဝေပေး ပါသည်။
“တရုတ်ဖြူရေ ... အခု ငါ မင်းအတွက် ရည်စူးပြီး လှူတဲ့ငွေ တစ်သိန်း လေးသောင်းဟာ လွန်ခဲ့တဲ့ နှစ်သုံးဆယ် လောက်က မင်း ခန္ဓာကိုယ်နဲ့ စက်ပြီး ငါ့ကို ကူညီခဲ့တဲ့ ပိုက်ဆံ တစ်ထောင့် လေးရာရဲ့ တန်ဖိုးကို ဘယ်နေရာမှာမှ လိုက်လို့ မမီပါဘူးကွာ”
ထိုခဏတွင် ခပ်လှမ်းလှမ်းဆီမှ ကမ်းပြိုသံသဲ့သဲ့ ကြားလိုက်ရ ပြန်လေသည်။
ဇာတ်သိမ်းပါပြီ
MSC,062
Author @aungmintant
ဘယ်လိုပြောရမန်းမသိလောက်အောင် ကောင်းပါတယ်ဗျာ ဒါမျိုးတွေ ဖတ်ချင်တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးနော် အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပေးပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I really like it
Thank you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks for yours support
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit