အခန်း ( ၄ )
ကောင်လေး
ဒီနေ့တော့ မိုးမရွာပါဘူး။ ကျွန်တော် ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းထားပြီး တစ်နေ့က သူထိုင်ခဲ့တဲ့ နေရာလေးမှာစောင့် နေမိသည်။ မနေ့က သူ့နောက်ကို ကားတစ်စီးငှားပြီး နောက်ယောင်ခံလိုက်ခဲ့ပေမယ့် ကျွန်တော်စီးတဲ့ကားက မီးနီမိပြီး ကျန်ခဲ့တဲ့အတွက် သူဘယ်မှာနေသလဲ သိခွင့်မရခဲ့ပေ။ ကျွန်တော်က သူဘယ်သူလဲဆိုတာမသိပေမယ့် သူကတော့ ကျွန်တော့်ကို ရင်းရင်းနှီးနှီးသိနေသည်။ ကောင်းသော သိကျွမ်းခြင်းမျိုး မဟုတ်ဘူးဆိုတာတော့ ကျွန်တော်ရိပ်မိပါသည်။ သူ့ရဲ့ ဝမ်းနည်းနာကျင်မှုတွေဟာ ကျွန်တော်နှင့်ပတ်သက်နေ တာသေချာသည်။ ကျွန်တော့်ဘဝတစ်လျှောက်လုံး ဘယ် မိန်းကလေး တစ်ယောက်ကိုမျှ စိတ်ထိခိုက်နာကျင်အောင် မလုပ်ခဲ့ဖူးပါဘူး။ ကျွန်တော့်ကြောင့်မဟုတ်ရင် ကျွန်တော့်ရဲ့ အမွှာအစ်ကို တိုးဝေကြောင့်သူငိုနေတာ သေချာသလောက်ရှိသည်။ ဒါဆိုသူ့ဆီကတစ်ဆင့် ကျွန်တော့်မိသားစု အကြောင်း သိခွင့်ရနိုင်သည်။
တိုးဝေ နှင့် သူ့ရဲ့ ဆက်ဆံရေးကတော့ ဘယ်လိုရှိပါသလဲ။ ငယ်ငယ်ကတည်းက တိုးဝေဟာ ကျွန်တော့်ထက်အရာရာမှာ တစ်ပန်းသာနေခဲ့သည်။ မိဘတွေကွဲတော့လည်း ကျွန်တော်ချစ်တဲ့အမေက ကျွန်တော့်ကိုမရွေးပဲ တိုးဝေကိုပဲ ရွေးချယ် ခဲ့သည်။ တိုးဝေတစ်ယောက် မိခင်ရဲ့ရင်ခွင်မှာ နွေးနွေးထွေးထွေးအိပ်စက်နေရတဲ့အချိန်မှာ၊ ကျွန်တော်ကတော့ ကုတင် ပေါ်မှာတစ်ယောက်တည်း ကြောက်ကြောက်လန့်လန့်နဲ့ အိပ်စက်ခဲ့ရသည်။ အခုလည်း ကျွန်တော့်ကို စိတ်လှုပ်ရှားအောင် လုပ်နိုင်တဲ့ တစ်ဦးတည်းသော မိန်းကလေး ဟာ တိုးဝေနှင့် ပတ်သက်နေပြန်သည်။ ကျွန်တော်က တိုးဝေနှင့်ယှဉ်လျှင်အမြဲ နောက်ကောက်ကျနေသည်။ သူနဲ့ တိုးဝေ ဘယ်လိုပဲ ပတ်သက်နေပါစေ သူငိုနေတာကိုတော့ ကျွန်တော် မကြည့်ရက်နိုင် ဘူး။ သူ့အပေါ် ရင်ခုန်စိတ်လှုပ်ရှားမိတာကိုလည်း ဘယ်လိုမှ မထိန်းချုပ်နိုင်ဘူး။ မိန်းမတစ်ယောက်ကြောင့် ညီအစ်ကိုချင်း စိတ်ဝမ်းကွဲရတာမျိုးမဖြစ်ချင်ပေမယ့် သူပျော်နေဖို့အတွက်တော့ ကျွန်တော်အတတ်နိုင်ဆုံး ကြိုးစားဖြည့် စွမ်းပေးချင်သည်။
ဒီနေ့လည်း အသံသွင်းဖို့ရှိတာကို ဖျက်လိုက်မိပြန်ပြီ။ ဒီနေ့နဲ့ပါဆို အလုပ်မလုပ်ဖြစ်တာ သုံးရက်ရှိပြီ။ သုံးရက်လုံးလုံး ဗိုလ်တထောင် ကမ်းနားမှာ သူ့ကိုတွေ့ရမလားဆိုပြီး သွားစောင့်နေမိသည်။ သူ့ကို ပြန်မတွေ့ရမချင်း အလုပ်ကောင်း ကောင်းလုပ်လို့ရမှာ မဟုတ်ပေ။ သူက ကျွန်တော့်အမေနဲ့ ပြန်တွေ့ခွင့်ရဖို့ တစ်ခုတည်းသောလမ်းစဖြစ်သလို၊ ကျွန်တော်အလုပ်ကို စိတ်ပါလက်ပါလုပ်နိုင်အောင် ကယ်တင်ပေး မယ့် တစ်ဦးတည်းသော မိန်းကလေးလည်းဖြစ်သည်။
photo credit- google
ဒီနေ့တော့ရာသီဥတုသာယာသဖြင့် ကမ်းနားမှာ လူစည်ကားနေသည်။ ဖြတ်သွားဖြတ်လာ မိန်းကလေးမှန်သမျှကို သူ များ ဖြစ်နေမလား ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ လိုက်ကြည့်နေရသဖြင့် မျက်နှာလည်းပူလှပြီ။ ဦးထုပ်ဆောင်းပြီး မျက်မှန်တပ် ထားသဖြင့်သာ ပရိသတ်တွေ သတိမပြုမိပေမယ့် တစ်ချိ့တစ်လေကတော့ ကျွန်တော့်ကို အဆိုတော်ဖြိုးဝေမှန်း သိနေပုံ ရသည်။ ကိုယ့်ကိုရယ်ပြတဲ့သူတွေ့လျှင် ပြန်ရယ်ပြလိုက်၊ လက်မှတ်လာထိုးခိုင်းလျှင် လက်မှတ်ထိုးလိုက်ဖြင့် ကြာလျှင် ဗိုလ်တထောင်ကမ်းနားကလူတွေ အကုန်လုံး ကျွန်တော့်အကြောင်းသိသွားတော့မည်။ ဒါပေမယ့် သူ့ကိုတွေ့ရဖို့က နံပါတ်တစ် အရေးကြီးဆုံးပါပဲ။
နာရီကို ကြည့်လိုက်တော့ ညနေ ၅ နာရီထိုးတော့မည်။ ဒီနေ့တော့ သူ့ကိုတွေ့ကိုတွေ့ရမည်ဟု ထင်နေမိသည်။ သူ့ အကြောင်း တွေးလိုက်သည်နှင့် ရင်တွေတဒိန်းဒိန်းခုန်နေသည်။ ဆရာမရှေ့မှာ စာဖြေရတော့မယ့် ကလေးငယ်လို ကြောက်လည်းကြောက်သည်။ ကျွန်တော် ပထမဆုံးစင်ပေါ်တက်ပြီး ဖျော်ဖြေတဲ့အခါတုန်းကလည်း အခုလိုပဲ ရင်တွေတုန် နေခဲ့ဖူးသည်။ အဲ့ဒီအချိန်တုန်းကတော့ ကြောက်စိတ်ကြောင့်ရင်တုန်နေခဲ့သည်။ အခုအချိန်မှာ ချစ်တဲ့စိတ်ကြောင့် ရင်တုန် နေရသည်ဟုထင်သည်။ အခုလို အူလှိုက်သည်းလှိုက် ရင်တွင်းက ဖြစ်ပေါ်လာတဲ့ ခံစားမှုမျိုးကို အရင်ကတစ်ခါမှ မခံစား ခဲ့ရဖူးပါ။ အခုတော့ ရင်နဲ့အမျှကို ခံစားနေရပါသည်။ ဒါကို အချစ်တစ်ခုလို့ နာမည်မတပ်ရင် ဘယ်လိုနာမည် တပ်သင့်ပါ သလဲ။
ကျွန်တော့် အနားကို ဗယာကြော်ရောင်းနေတဲ့ ကောင်လေးတစ်ယောက်ရောက်လာပြီး "အစ်ကိုက အဆိုတော်ဖြိုးဝေ မဟုတ်လား၊ အစ်မတစ်ယောက်က ဒီစာပေးခိုင်းလိုက်တယ်" ဟုဆိုကာ ကျွန်တော့်လက်ထဲစာတစ်စောင်ပေးပြီး ပြန်ထွက်သွားသည်။ ကျွန်တော် ရုတ်တရက်မျှော်လင့်ချက်တွေ ပျောက်ဆုံးသွားသလို ရင်ထဲဟာသွားသည်။ ကောင်လေးကို လှမ်းကြည့်မိတော့ တော်တော်ဝေးဝေးသို့ ရောက်သွားပြီ။ ကျွန်တော် သူ့ကို တွေ့လိုတွေ့ငြားလိုက်ရှာ ကြည့်သည်။ ကားတစ်စီး မောင်းထွက်သွားသည်ကိုသာ မြင်လိုက်ရသည်။ သူ အဲ့ဒီကားပေါ်မှာ ပါသွားလိမ့်မည်ဟု ထင်သည်။ ကျွန်တော် ရုတ်တရက်ဝမ်းနည်းသွားမိသည်။ ကျွန်တော့်လက်ထဲက စာအိတ်ဖြူဖြူလေးကလည်း ဝမ်းနည်း နေဟန်ရှိသည်။ ကျွန်တော် နေရာမှာ ပြန်ထိုင်ချပြီး စာအိတ်လေးကို ဖောက်လိုက်သည်။ ခပ်သော့သော့လေး ရေးထားတဲ့ လက်ရေးစောင်းစောင်းလေးများက ကျွန်တော့်ကို လှောင်ပြောင်လို့နေသည်။
"ကျွန်မက ရှင့်ရဲ့အမွှာအစ်ကို တိုးဝေ ရဲ့ချစ်သူပါ" ဆိုတဲ့ ပထမဆုံးစာကြောင်းနဲ့တင် ကျွန်တော်ရဲ့ မှန်းဆချက်တွေ မှန်ကန်သွားသည်။ စာထဲမှာ တိုးဝေ လွန်ခဲ့တဲ့နှစ်နှစ်က ဆုံးသွားတဲ့အကြောင်း။ ကျွန်တော့်အမေလည်း သာသနာ့ဘောင် သို့ အပြီးတိုင် ဝင်ရောက် သွားတဲ့အကြောင်းများရေးထားသည်။ ကျွန်တော့်ကိုတွေ့တိုင်း တိုးဝေကိုသတိရပြီး ငိုမိတဲ့အတွက် တောင်းပန်သည့် အကြောင်းများလည်းပါသည်။ နောက်ဆုံးစာကြောင်းမှာတော့ ကျွန်တော်နှင့် နောက်ထပ်တစ်ခါ မတွေ့ အောင် နေပါမည်ဟု ရေးထားသည်။
photo credit-google
တိုးဝေ ဆုံးသွားပြီဆိုသည့်အတွက်တော့ ဝမ်းနည်းမိသည်။ အမေလည်း အခုဆိုသာသနာ့ဘောင်မှာ ငြိမ်းချမ်းနေလောက် ပြီ ထင်သည်။ ကျွန်တော်ကတော့ မငြိမ်းချမ်းနိုင်ဘူး အမေရေ။ သူကမတွေ့ချင်ဘူးဆိုပေမယ့် ကျွန်တော်ကမတွေ့ပဲ မနေ နိုင်ဘူး။ အခုတော့ ဒီလောကကြီးထဲမှာ ကျွန်တော်တစ်ယောက်တည်း။ တွယ်တာစရာ မိသားစုရယ်လို့လည်းမရှိ၊ ချစ်ရတဲ့ ချစ်သူရယ်လို့ လည်းမရှိ၊ အနုပညာဆိုတဲ့ ဖက်တွယ်စရာတစ်ခုပဲရှိသည်။ ကံကောင်းချင်တော့ ကျွန်တော့်အတွက် အဖိုးတန် လက်ဆောင်ကောင်းတစ်ခုကို မမျှော်လင့်ပဲတွေ့ခွင့်ရခဲ့သည်။ အခုတော့လည်း အဲ့ဒီလက်ဆောင်က ကျွန်တော့် ကို နာကျင်မှုတွေသာအပ်နှင်းမယ့် လက်ဆောင်တစ်ခု ဖြစ်နေပြန်သည်။ ဘယ်လောက်ပဲ နာကျင်ရပါစေ အဲ့ဒီလက်ဆောင် ကို ကျွန်တော်က မက်မက်မောမော လိုချင်နေမိပြန်ပါသည်။
ကျွန်တော် ဘာလုပ်သင့်သလဲ ကျွန်တော်မသိပါ။ သူက အဆိပ်ဆူးတစ်ခုဖြစ်နေခဲ့မယ်ဆိုရင် ကျွန်တော် ကျေကျေ နပ်နပ်ကြီး အဆိပ်တက်ခံချင်နေပါသည်။ သေသွားတဲ့သူတစ်ယောက်ကို တမ်းတနေပြီး သူ့ဘဝရဲ့ကျန်နေတဲ့ အချိန်တွေကို ဝမ်းနည်းမှုတွေနဲ့ မဖြတ်သန်းစေချင်ဘူး။ တကယ်လို့ သူသာ တိုးဝေရဲ့နေရာမှာ ကျွန်တော့်ကိုအစားထိုးနိုင် မယ်ဆိုရင် သိပ်ကောင်းမှာပဲ။ ကျွန်တော့်ကိုအစားမထိုးနိုင်ပဲ တိုးဝေကိုပဲ တမ်းတနေတယ်ဆိုရင်လည်း ကျွန်တော်က တိုးဝေအဖြစ်နဲ့ သူဘေးမှာ ရပ်တည်ပေးချင်ပါသည်။ ကျွန်တော် သက်ပြင်းမောတစ်ချက်မှုတ်ထုတ်လိုက်ပြီး စိတ်ပိုင်းဖြတ်လိုက်သည်။ ကျွန်တော် တိုးဝေ အဖြစ်နဲ့ သူ့ကိုပျော်ရွှင်မှုတွေ ပေးချင်သည် ။
ကျွန်တော် စာရွက်ကိုခေါက်ပြီး စာအိတ်ထဲပြန်ထည့်လိုက်သည်။ ကျွန်တော့်အရှေ့က မြစ်ပြင်ကတော့ နာကျင်မှုမဲ့စွာ စီးဆင်းနေသည်။ ကျွန်တော်ကတော့ နာကျင်မှုတွေ တစ်နင့်တစ်ပိုးနဲ့ အသက်ရှုရခက်နေသည်။ ကျွန်တော် မျက်ရည် တစ်ပေါက် ရေပြင်ပေါ်ကျသွားသည်။ ယောကျာ်းတန်မဲ့ မျက်ရည်ကျမိတာကို မအံ့သြပါဘူး။ ဒီမျက်ရည်ဟာ တိုးဝေအတွက်၊ ကျွန်တော့် နှလုံးသားအတွက် ကျရတဲ့မျက်ရည်ပါ။ ဒီမျက်ရည်ကိုသာ ကျွန်တော် ထိန်းထားလိုက် မယ်ဆိုရင် တစ်သက်လုံးငိုလို့ဆုံးတော့မှာ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော် ဒီတစ်နေ့တော့ ငိုပါရစေ……။
အခန်း(၅)
ကောင်မလေး
လူကတော့ သူနဲ့ဝေးရာကို ထွက်ပြေးနိုင်ခဲ့ပေမယ့် ကျွန်မရဲ့စိတ်ကတော့ သူနဲ့အတူကျန်ရစ်ခဲ့သည်။ သူ့မျက်လုံး၊ သူ့အကြည့်တွေထဲမှာ တွယ်ငြိမှုတွေအပြည့်ပါနေသည်။ သူ ကျွန်မကို သနားနေတာဖြစ်မှာပါ။ အခုလောက်ဆို ကျွန်မက သူ့အစ်ကိုရဲ့ချစ်သူဆိုတာ သိလောက်ရောပေါ့။ သူက တိုးဝေမဖြစ်နိုင်မှန်းသိနေပေမယ့် သူ့ကိုတိုးဝေအဖြစ်နဲ့ပဲ မြင်နေ မိသည်။ ကျွန်မမျက်စိ ရှေ့မှာတင် အခိုးအငွေ့အဖြစ်ပျောက်ကွယ်သွားတဲ့ ကျွန်မရဲ့ချစ်သူဟာ အခုတော့ သက်ရှိထင်ရှား လူတစ်ယောက်အဖြစ် ပြန်ရောက်လာခဲ့သည်။ သေကွဲ ကွဲရတဲ့နာကျင်မှုမျိုးထက် ဆိုးဝါးတဲ့နာကျင်မှုမရှိတော့ဘူး။ သေသွားပြီလို့ လက်ခံဖို့ကြိုး စားရင်းနဲ့ မသေသေးပဲအသက်ပြန်ရှင်လာတယ်လို့ အရူးတစ်ယောက်လို လက်ခံလိုက် ချင်သည်။ သူ့ကို တိုးဝေအဖြစ် လက်ခံလိုက်လျှင် ကျွန်မရင်ထဲက ဝေဒနာတွေလျော့ပါးသက်သာ သွားမှာမှန်ပေမယ့် တစ်ဖက်လူမှာတော့ ဝေဒနာတွေ ဆထက်ထမ်းပိုး တိုးလာမှာသေချာသည်။
ကျွန်မကသာ သူ့ကို တိုးဝေအဖြစ်မြင်ဖို့ ကြိုးစားကြည့်နေမိချိန်မှာ သူကရော ကျွန်မကိုဘယ်လိုမြင်မှာလဲ။ အငိုလွယ်တဲ့ မိန်းမတစ်ယောက်အဖြစ်ကလွဲရင် ပိုပြီးမှတ်မိမယ်လို့ မထင်ပါဘူး။ ကျွန်မ သူ့ကိုဖက်ပြီးငိုခဲ့တာကို သူဗွေမယူလောက်ဘူးလို့ မျှော်လင့်ပါတယ်။ သူလည်း သူ့ဘဝလေးနဲ့သူ ပျော်နေမှာပါ။ ရိုးရိုးသာမန်လူတစ်ယောက်မဟုတ်ပဲ အောင်မြင်စပြုနေတဲ့ အဆိုရှင်တစ်ယောက်ရဲ့ နံဘေးမှာ ချစ်စရာကောင်းတဲ့ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေမှာသေချာသည်။ ကျွန်မဘဝနဲ့ သူ့ဘဝက အဝေးကြီးပါပဲ။ အခုကျွန်မ သူ့သီချင်းခွေကို နားထောင်နေမိတယ်။ အခေါက်ခေါက်အခါခါ နားထောင်ချင် လောက်အောင် ဆွဲဆောင်မှုရှိတဲ့ သီချင်းဖြစ်နေလို့လား၊ ဖြိုးဝေ ဖြစ်နေလို့ပဲလားဆိုတာတော့ ကျွန်မကိုယ်တိုင်လည်း သေချာမသိတော့ပါဘူး။
ဒီနေလည်း စိတ်ထဲက ဗိုလ်တထောင်ကမ်းနားကို ထပ်သွားချင်နေမိသည်။ ကမ်းနားမှာသူနဲ့ ထပ်တွေ့ရမှာလည်း စိုးမိသည်။ မညာတမ်းပြောရမယ်ဆိုလျင်တော့ သူ့ကိုနောက်တစ်ခေါက်လောက်ထပ်တွေ့ချင်သည်။ သူနဲ့တွေ့ပြီး မောင့် အကြောင်း တွေပြောပြချင်မိသည်။ မသွားတော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ညနေစောင်းလာတော့ ဗိုလ်တထောင်ကမ်းနားကို ရောက်သွားမိသည်။ ဒီနေ့တော့ ဟိုတစ်နေ့ကလိုထပ်မဖြစ်ချင်သဖြင့် ကားယူလာခဲ့သည်။ ရာသီဥတုက အုံမှိုင်းမှိုင်း ဖြစ်နေပေမယ့် မိုးတော့မရွာသေးပါ။ ကမ်းနားရဲ့ချောင်ကျကျတစ်နေရာမှာ ကားရပ်ထားဖို့နေရာရှာရင်း မနေ့က ကျွန်မ ထိုင်ခဲ့သောနေရာလေးမှာ အမျိုးသားတစ်ယောက်ထိုင်နေတာတွေ့လိုက်ရသည်။ ဦးထုပ်ကို ခပ်ငိုက်ငိုက် စောင်းထားသဖြင့် ဘယ်သူမှန်းသေချာမသိရပေ။ ဖြိုးဝေများဖြစ်နေမလားလို့ စိတ်ကထင်မိသည်။
photo credit- google
သေချာကြည့်မိတော့ သူမှသူအစစ်ပါပဲ။ သူဘယ်သူ့ကိုစောင့်နေပါသလဲ။ အလုပ်ကိစ္စရှိလို့လား။ ကျွန်မကိုပဲ လာစောင့်နေ တာလား။ သူက ဟိုဟိုဒီဒီကြည့်ပြီး တစ်ယောက်ယောက်ကို ရှာနေပုံရသည်။ ကျွန်မကို စောင့်နေတာမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းမိသည်။ ၂ နာရီလောက်ကြာ သွားသည်အထိ သူ့ဘေးနားကို ဘယ်သူမှရောက်မလာပေ။ သူ ကျွန်မကိုစောင့်နေ တာဖြစ်မည်။ ကျွန်မကို မစောင့်ပါနဲ့။ ကျွန်မက ရှင့်အစ်ကိုရဲ့ချစ်သူပါ။ ကျွန်မကြောင့် ရှင်စိတ်အနှောင့်အယှက်ဖြစ်ရတယ် ဆိုရင် တကယ်တောင်းပန်ပါတယ်။ စိတ်ထဲကပြောနေတဲ့ စကားသံတွေကို သူကြားနိုင်လျင်ကောင်းမည်။ ပါးပြင်ပေါ်ကျ လာတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်လိုက်သည်။ သွားပါပြီ။ ကျွန်မ သူ့ကိုပါ စိတ်ဒုက္ခပေးမိသလိုဖြစ်သွားပြီ။
တဖြည်းဖြည်း မှောင်ရိပ်သန်းလာသည်။ သူကတော့ မလှုပ်မယှက်ထိုင်နေဆဲပါပဲ။ တစ်ချို့ကတော့ သူ့ကိုအဆိုတော် မှန်းသိလို့လားမသိ ကွက်ကြည့်ကွက်ကြည့်လုပ်သွားသည်။ ကောင်မလေးတစ်သိုက် သူ့အနားသွားပြီး လက်မှတ်ထိုးခိုင်း နေသည်။ သူကတော့ အလိုက်သင့်လက်မှတ်ပြန်ထိုးပေးသည်။ ခပ်ကဲကဲကောင်မလေးတစ်ယောက်က သူနဲ့အတူ ဓာတ်ပုံပါ တွဲရိုက်လိုက်သေးသည်။ သူကတော့ ဘယ်လိုနေသည်မသိ။ သူ့ကိုကြည့်နေရတဲ့ ကျွန်မပါ စိတ်ကျဉ်းကြပ် လာသည်။ သူထိုင်နေရာမှ ခပ်သွက်သွက်ထပြီး ကားပေါ်တက်ကာ မောင်းထွက်သွားသည်။ သူဘယ်အချိန်ကတည်းက ဒီမှာလာ စောင့်နေပါသလဲ။ ကျွန်မ သူနဲ့ထပ်တွေ့သင့်သလား။ သူ့နောက်လိုက်သွားဖို့ စဉ်းစားမိပေမယ့် လိုက်သွားစရာ အကြောင်းပြ ချက်မှမရှိတာပဲ။
နောက်ရက်တွေလည်း သူဗိုလ်တထောင်ကမ်းနားမှာ ပုံမှန်လာစောင့်နေသည်။ ကျွန်မကို မတွေ့ရမချင်း လာစောင့်နေမည့် ပုံပေါ်သည်။ ဒီနေ့တော့ သူ့ကိုဖြစ်ကြောင်းကုန်စင် ရှင်းပြတော့မည်။ သူ့ကိုပြောလိုသမျှ အကြောင်းအရာတွေကို စာရွက်ပေါ် မှာချရေးလိုက်ပြီး အကြော်ရောင်းနေသောကောင်လေးတစ်ယောက်နှင့် လူကြုံပေးခိုင်း လိုက်သည်။ သူ့လက်ထဲသို့ စာရောက်သွားသည်နှင့် ကျွန်မလည်း ကားစက်နှိုးကာထွက်ခဲ့တော့သည်။ သူဘယ်လိုဖြစ်ကျန်ခဲ့ ပါသလဲ။ စာဖတ်ပြီးလျှင်တော့ သူလည်းစိတ်သက်သာရာရကောင်းပါရဲ့။
မောင်ရေ…ကျွန်မ တစ်ကိုယ်ကောင်းဆန်စွာနဲ့ လုပ်လိုက်မိတဲ့အပြုအမူတစ်ခုက တစ်ဖက်သားကို ထိခိုက်စရာဖြစ်ခဲ့ပြီ။ တကယ်ဆို ကျွန်မသူ့ရဲ့ ရှိုးပွဲကိုသွားမကြည့်သင့်ဘူး။ သူ့ဟာသူပျော်နေတဲ့ဘဝလေးထဲကို ကျွန်မအလည်သဘောမျိုးနဲ့ တောင်မှ မဝင်ခဲ့သင့်ပါဘူး။ ကျွန်မ မှားသွားပါတယ်..မောင်…။ မောင့်ကိုမေ့နိုင်ဖို့ကြိုးစားရင်း ဒုတိယလူတစ်ယောက်ကို စည်းဝိုင်းထဲ ဆွဲသွင်းလိုက်မိသလိုဖြစ်သွားလို့ ကျွန်မကိုခွင့်လွှတ်ပါမောင်။
အခန်း (၆)
ကောင်မလေး
မှောင်မိုက်တဲ့ညတွေမှာ မင်းတစ်ယောက်တည်းအတွက်သာ လင်းတဲ့ ကြယ်တစ်စင်းဖြစ်ပါရစေ တဲ့ ကဗျာတစ်ပုဒ်လေလား ၊ စာတစ်စုလေလား ဆိုတာ ကျွန်မ မမှတ်မိတော့ဘူး ။ ကျွန်မရဲ့ကမ္ဘာလေးထဲမှာတော့ သူဟာ ကျွန်မအတွက်ထွန်းလင်း လာတဲ့ အတောက်ပဆုံးကြယ်လေးတစ်ပွင့်ပါပဲ ။ ပြင်ပကမ္ဘာမှာတော့သူဟာ ပြည်သူချစ်တဲ့အနုပညာ ကြယ်တစ်ပွင့်ပေါ့ ။ သူ့ရဲ့ စိတ်ရှည်သည်းခံနိုင်မှုနဲ့ ဇွဲကောင်းမှုတွေဟာ ကျွန်မအတွက်ရော ၊ ကျွန်မ မိသားစုတွေကပါ အံ့သြယူရ လောက် အောင် ဖြစ်ခဲ့ရသည် ။ ကျွန်မရဲ့မျက်ရည်တွေကို သူ့ရဲ့မျက်ရည်တွေနဲ့ ခမ်းခြောက်စေခဲ့သည် ။ ကျွန်မရဲ့ နာကျင်မှု တွေကို သူ့ရဲ့နာကျင်မှုတွေနဲ့ အစားထိုးပေးခဲ့သည် ။ ကျွန်မရဲ့အတ္တတွေကို သူ့ရဲ့ပေးဆပ်မှုတွေနဲ့ ရှင်သန်စေခဲ့သည်။
အစကတော့ မောင် ကျွန်မဆီ ပြန်လာတယ်ဆိုတဲ့ အမှတ်နဲ့ပဲ သူ့ကိုအဆက်အဆံလုပ်ခဲ့သည်။ အဲ့ဒီ အချိန်တုန်းကတော့ မျက်စိတစ်ဖက် မှိတ်ထားပြီး ကိုယ့် အတ္တကိုယ် ရှေ့တန်းတင်ခဲ့မိသည် ။ အခုတော့ သူ့ရဲ့သိုသိပ်တဲ့ နာကျင်မှုတွေကို မျက်စိနှစ်ဖက်စလုံးဖွင့်ပြီး မြင်အောင်ကြည့် တတ်ခဲ့ပြီလေ ။ အချိန်ကြာလေလေ သံယောဇဉ်ကြိုးမျှင်တွေက ချည်နှောင် လေလေ ဆိုတော့ သူ့ရဲ့နာကျင်မှုတွေဟာ ကျွန်မရဲ့ နာကျင်မှုတွေ အဖြစ်ကူးပြောင်းလာတယ် ။
တစ်နေ့တော့ကျွန်မ သူနဲ့ပတ်သတ်ပြီး ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်မိတဲ့အခါ ကျွန်မကိုယ်ကျွန်မတောင် အံ့သြရလောက် အောင် သူ့ကိုတွယ်တာနေမိပြီလေ။ သူ့ရဲ့တန်ဖိုးကို သိလာတဲ့အချိန်ရောက်တော့ သူဟာ အစားထိုးလို့မရနိုင်တော့တဲ့ ချစ်သူ တစ်ယောက်ဆိုတာ သဘောပေါက်ခဲ့ပြီလေ ။ အခု ကျွန်မမငိုတော့ပါဘူး ။ ဘဝ ကြီးကလည်း သူ့ကြောင့် နေပျော်သွားပါပြီ။ ကျွန်မတို့နှစ်ယောက်အတူ ပျော်စရာအချိန်တွေကို ဖန်တီးရင်း ၊ ပျော်ရွှင်မှုတွေကို မျှဝေခံစားကြရင်း ဘဝကို နားလည်မှုတွေနဲ့ တည်ဆောက်ရင်း………..။
photo credit- google
ကောင်လေး
ကျွန်တော် သူ့ကိုချစ်သည်။ သူ့အနားမှာ အချိန်တိုင်းရှိနေချင်သည်။ သူ့မျက်ရည်တွေကို တယုတယ သုတ်ပေးချင်သည်။ သူပျော်ဖို့အတွက်ဆို ဘာမဆိုလုပ်ပေးချင်သည်။ သူ ကျွန်တော့်ကို တိုးဝေလို့ပဲ မြင်မြင်၊ ဖြိုးဝေလို့ပဲ မြင်မြင် ဂရုမစိုက်ပါဘူး။ သူ ကျွန်တော့်အပေါ် ဘယ်လိုပဲ ခါးသည်းစွာ ဆက်ဆံပါစေ အငြိုးမထားရက်ဘူး။ သူက ကျွန်တော့်ကို အဝေးကိုတွန်းပို့ လေလေ ၊ ကျွန်တော်က သူနဲ့နီးစပ်အောင် ကြိုးစားမိလေလေပဲ။ မေတ္တာရောင်ပြန်ဟပ်တယ်ဆိုတဲ့ စကားအတိုင်း တစ်နေနေ့တော့ သူ ကျွန်တော့်ကို ပြန်ချစ်လာမယ်လို့ ယုံကြည်သည်။
သူ့ကြောင့် သီချင်းတွေအများကြီးရေးဖြစ်ခဲ့သလို၊ သီချင်းတွေကိုလည်း ခံစားချက်အပြည့်နဲ့ သီဆိုနိုင်ခဲ့သည်။ တိုးဝေ အကြောင်းတွေပြောဖြစ်တိုင်း သူ့မျက်လုံးလေးတွေ ရီဝေသွားပေမယ့်၊ တိုးဝေနဲ့ ပတ်သက်တဲ့အမှတ်တရတိုင်းကို သူတယုတယ သိမ်းဆည်းထားပေမယ့် ကျွန်တော်သူ့ကို မချစ်ပဲမနေနိုင်ဘူး။ သူ့မျက်နှာလေးကြည့်ပြီး သူ့နဲ့စကားပြော ခွင့်လေး ရနေတာကို ကျွန်တော်ပျော်သည်။ သူ့ရဲ့ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးနေရတာ ကျွန်တော်ကျေနပ်သည်။ သူ ကျွန်တော့်ကို ချစ်ချစ်၊ မချစ်ချစ် ၊ ကျွန်တော်က သူ့ကိုချစ်နေရရင်ပဲ ပြီးပြည့်စုံပါပြီ။ သူက ကျွန်တော့်ဘဝအတွက် တန်ဖိုးအရှိဆုံး လက်ဆောင်တစ်ခုပါပဲ။
အချိန်တွေကြာလာတာနဲ့အမျှ သူ့ရင်ထဲမှာ ကျွန်တော့်အတွက်နေရာလေးတွေ တိုးတိုးလာသည်။ အခုဆို သူ့ဘဝမှာ ကျွန်တော်က အရေးပါတဲ့ လူသားတစ်ယောက်ဖြစ်လာပြီ။ ကျွန်တော် ချစ်ခြင်းရဲ့ တန်ပြန်သက်ရောက်မှု စွမ်းအားကို အကြွင်းမဲ့ယုံကြည်ပါသည်။ အဲ့ဒီယုံကြည်မှုတွေနဲ့ပဲ သူနဲ့ကျွန်တော် သာယာပျော်ရွှင်တဲ့ ဘဝခရီးလမ်းကို အတူဆက် လျှောက်ကြမည်။ တစ်နေ့တစ်ခြား တိုးပွားလာတဲ့ ချစ်ခြင်းရဲ့ဂီတသံစဉ်တွေကို သူနဲ့အတူ သံပြိုင်ဆိုညည်းရင်း….၊ ဘဝကို အလှပဆုံး တည်ဆောက်ပုံဖော်ရင်း……။
ပြီးပါပြီ။ ဖတ်ရှု့အားပေးမှုအတွက် အထူးကျေးဇူးတင်ပါသည်။ လိုအပ်ချက်များကိုလည်း ဝေဖန်အကြံပေးကြပါဦးရှင်။
Really sad about ending.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I want to know why do you sad? Thanks you for your comment.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good post, all the lyrics is come from the heart.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank you so much.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းပါတယ် Bro
ဒီလိုအရေးအသားတွေမှီဖို့ ကျွန်တော် တော်တော်ကြိုးစားရအုံးမှာပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လိုအပ်ချက်တွေ အများကြီးရှိပါသေးတယ်။ အခုလို အားပေးလို့ ကျေးဇူးပါ bro.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Great post...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks bro.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit