အရမ်းလည်းရေးချင် ရေးရမှာလည်း အရမ်း ၀မ်းနည်းဖို့ ရှက်ဖို့ကောင်းတဲ့အကြောင်း (၁)ခု ။

in myanmar •  7 years ago 

မေမြို့လို့ ဆိုလိုက်တာနဲ့ အတော်များများရဲ့စိတ်ထဲမှာ
"ထင်းရှူးနဲ့ချယ်ရီမြိုင် တလှိုင်လှိုင်ပွင့်တဲ့ စိန်ပန်းပြာ ပန်းမြို့တော်ဆီ "
ဆိုတဲ့ ဂန္တ၀င်အဆိုတော်ကြီး ဦးမျိုးမြင့်လေးရဲ့ တောင်လှေခါးမြို့တော် ဆိုတဲ့သီချင်းကို နားထဲကြားယောင်မိကြစမြဲ မဟုတ်လား..။
တကယ်လည်း ဟုတ်ပါသည် ၊ ဟုတ်ခဲ့ပါသည် ဆိုရင် ပိုများမှန်နေမလား ။ မန္တလေးကနေ မေမြို့အတက် ၂၁ မိုင်ကျော်ပြီဆိုရင်ကိုပဲ ရာသီဥတုက ချက်ချင်းကွာသွားပြီး အေးမြလတ်ဆတ်တဲ့ တောင်ပေါ်ဒေသရဲ့ လေတွေကို သန့်ထုတ်ပေးနေတာလည်း ဒီထင်းရှူးတော နဲ့ သစ်ပင်တွေပါပဲ ။ အဲ့ဒါကြောင့် မေမြို့ကိုပြန်တဲ့အခေါက်တိုင်း အခေါက်တိုင်းမှာ ကွာခြားသွားတဲ့ အပူချိန်ကို ခံစားရင်း ထင်းရှူးနံ့လေးလွင့်လာတာကို ရှူရှိုက်ရင်း ကိုယ့်ကိုကိုယ် မေမြို့သူဖြစ်ရတာကို အမြဲကျေနပ်ခဲ့ရသလို မြို့သူ မြို့သားတွေ မဟုတ်တဲ့ လာရောက်လည်ပတ်သူတွေလည်း ဒီလိုပဲ ဖြစ်မယ်ဆိုတာကို ယုံကြည်ပါတယ်လေ။ ဘာလို့လဲဆိုတော့ သဘာဝကပေးတဲ့ air fresher နံ့ကို ဘယ်သူ မနှစ်သက်ဘဲ ရှိပါ့မလဲနော်။
28279629_2037546876522561_4936629362905553853_n.jpg
ဒါကတော့ မြို့ရှောင်လမ်းဘက်က ရိုက်ထားတဲ့ မြင်ကွင်းပါ ...ကိုယ့်မှာလည်း ရိုက်ထားပီးသားအဆင်သင့်မရှိနေလို့ ပိုင်ရှင်ကို ခွင့်တောင်းပြီးယူသုံးထားလိုက်တယ်..

ကိုယ်ကလည်း သောကြာနေ့တိုင်း ရုံးဆင်းတာနဲ့ အမေ့အိမ်ပြန်နေကြ၊ တနင်္လာနေ့မှ မေမြို့ကနေပြန်ဆင်းနေကြဆိုတော့ အမြဲလိုလို ဖြတ်သွား ဖြတ်လာ ရှိနေတာဆိုတော့ တစ်ခုခု အပြောင်းအလဲဖြစ်နေရင် သိပ်သိသာတာ ။ ပြီးခဲ့တဲ့ ရက်သတ္တ(၂)ပတ်ကြာလောက်က ကားပေါ်ကနေ ထင်းရှူးပင်တွေဆီ အကြည့်အရောက် ကိုယ့်အသည်းတွေ ခွမ်းခနဲကွဲခဲ့တယ် ။ ဟယ် လုပ်ရက်လိုက်ကြတာ။ဘယ်လို နှလုံးသားနဲ့များ လုပ်ရက်ကြတယ်မသိ ၊ ထင်းရှူးပင်ကြီးတွေရဲ့ အောက်ခြေတွေကို ဓါးနဲ့ချိုင်ထားကြတာဆိုတာ ကိုယ့်မျက်စိထဲတော့ သွေးရဲရဲသံရဲရဲ မြင်ကွင်းလိုပဲ တကယ်ရက်စက်ပါတယ်။ ကိုယ်တို့မြို့ရဲ့ နှလုံးသည်းပွတ် အပင်ကြီးတွေရဲ့အဖြစ်ကို ကြည့်ပြီး ဘယ်လို လူက ရင်မကွဲပဲ ခံနိုင်ပါ့မလဲ...။

:'( :'(
28168683_2037547356522513_1030066393635244699_n.jpg

ဒီလိုတွေ ခုတ်လှဲပြီး သူတို့ဘာလုပ်ကြမယ်ထင်လဲ...။ ဈေးတွေမှာ ထင်းရှူးဆီချောင်းသေးသေးလေးတွေ ကိုယ်တို့ဒေသအခေါ်တော့ ထင်းပေါက် ခလေးတွေလုပ်ပီး လက်တစ်ဆုပ်မရှိတရှိ တစ်စီးကို တစ်ရာ နှစ်ရာ စသည်ဖြင့် ရောင်းတယ်..။တခြားအသုံးချတဲ့နေရာတော့ ရှိနိုင်ပေမယ့် ဒီလို တန်ဖိုးမထားတတ်တဲ့ ဥာဏ်တိမ်တဲ့သူတွေရဲ့ လက်ထဲမှာတော့ ထင်းရှူးပင်တွေဟာ ထင်းအဖြစ် လောင်စာအဆင့်လောက်နဲ့တင် အသုံးတော်ခံပြီး ပြာဖြစ်သွားကြမှာ အသေချာပါပဲ ။ ကြည့်စမ်းပါဦး ဘယ်လောက်တောင်ရမှာမို့လို့ ဒီလို နှစ်ပေါင်း ၄၀ ၊ ၅၀ လောက်သက်တမ်းရှိနေတဲ့ ထင်းရှူးပင်တွေကို အသေသတ်နေကြရတာလဲ ၊ ဒီလို လုပ်လိုက်လို့ ထိုသူတွေကော ချမ်းချမ်းသာသာနေသွားရသလား ။ နောက်ပြီး ကိုယ် မှတ်သားမိသလောက်တော့ ဒေသအလိုက် သစ်တောကြိုးဝိုင်းအလိုက် တောအုပ် တွေကို တာဝန်ပေးထားပြီးသားပါ ၊ အဆိုပါ သစ်တောဝန်ထမ်းတွေကကော ဒီကိစ္စကို မသိလေရော့သလား ၊ တာဝန်ယူမှုလည်းမရှိ တာဝန်ခံမှုလည်းမရှိတော့ဘူးလား ရှင်တို့ရယ်..။ f9c022c3c0aab2d2b961a8cd9f2236ce.jpg

ဖြစ်ချိန်တန်လို့ ဖြစ် ၊ ပျက်ချိန်တန်လို့ ပျက်တယ်ဆိုရင် ကိုယ်သည်လည်း ဗုဒ္ဒဘာသာမို့ လက်ခံနိုင်ပါတယ် ။ ဒါပေမယ့် ခုဟာက သူများနိုင်ငံတွေမှာ သစ်ပင်တွေ သစ်တောတွေကို တန်ဖိုးထားနေတာ၊ တန်ဖိုးထားဖို့လည်း ပညာရေး နဲ့ကော အနုပညာနဲ့ကော နည်းမျိုးစုံ ကြိုးစားနေကြတဲ့အချိန်မှာ ခုလို ကိုယ့်နိုင်ငံမှာ ကိုယ့်မြို့မှာ ဒီလို ဥာဏ်နည်းတဲ့ လူတွေကို မြင်ရတာ တော်တော် အော်ဂလီဆန်ပါတယ် ။သစ်တော သစ်ပင်တွေကို ဂျပန်နိုင်ငံကလို တန်ဖိုးထားကြရင် သိပ်ကောင်းမှာပဲ ။ သူတို့ဆီမှာဆိုရင်တော့ ချယ်ရီပန်းကြည့်ပွဲ အစပြုလို့ အခြားသော နည်းမျိုးစုံနဲ့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားနေကြတာ ကမ္ဘာကအသိပါပဲ။ ကာတွန်းကားလေးတွေထဲမှာကအစ သဘာဝတရားကြီးကို ချစ်မြတ်နိုးဖို့ မသိမသာလေး ထည့်ထည့်သွားတာ ပညာအရမ်းပါတယ်။ ဥပမာ Totoro ကာတွန်းလေးလိုပေါ့ ။ totorogang.png

28168559_2037546993189216_3312799652028821622_n.jpg
သေရှာလေပြီ

28277348_2037547209855861_8552510897582070496_n.jpg
ဒီပုံအတိုင်းသာ ဆက်သွားမယ်ဆိုရင် မကြာပါဘူး ၊ ကြာလှ ၂ နှစ်ပဲ ထင်းရှူးမြို့တော် ဆိုတာ ပုံပြင်ထဲမှာပဲ ကျန်ခဲ့တော့မှာပါ ။ အဲ့ဒီ့အစား အသည်းကွဲမြို့တော် ဆိုတဲ့နာမည်တွင်တော့မယ်ထင်တယ် ။ အသည်းတွေကွဲရပါတယ် မေမြို့ရယ် ။

ဒီနေရာမှာ ကြုံတုန်း ကလောမြို့က ကိုယ်တွေ အားကျရတဲ့ ထင်းရှူးတောကြီးဆိုရင် သိရသလောက်တော့ အဖျက်အဆီးနည်းနည်းနဲ့ ရှင်သန်ကြီးထွားနေတာ အရမ်းကို အားရစရာပါပဲ ၊ ကလောတို့ အောင်ပန်းတို့ တောင်ကြီးတို့ဘက်က ဒေသခံတွေဟာ တကယ်ကို သူတို့ဒေသကို ချစ်ကြသလို သစ်တော သစ်ပင်ကိုလည်း စောင့်ရှောက်တတ်ကြတယ် ။ မေမြို့ကတော့ တစ်စထက်တစ်စ ဟိုနေရာလည်း ကျောက်တိုင်စိုက် အကွက်ရိုက်ရောင်း ဒီနေရာလည်း ကျောက်တိုင်စိုက် အကွက်ရိုက်ေ၇ာင်း နဲ့ သိပ်မကြာတော့တဲ့ကာလမှာကို သစ်တောသစ်ပင်တွေအစား ကျောက်တိုင်တွေပဲ ကျန်နေတော့မှာ မလွဲတော့ဘူးဆိုတာကို တွေးရင်း ကိုယ်ဘာလုပ်နိုင်မလဲ ၊ ဘယ်သူတွေကော ဘယ်လိုတွေ တာဝန်ယူကြမလဲ ဆိုတဲ့မေးခွန်းတွေ ခေါင်းထဲရောက်လာပါတယ်။

Written by : Su Htet Aung
Photo : Facebook
27/2/2018

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မေမြို့ သို့ မဟုတ် ပြင်ဦးလွင်ဆိုတဲ့ နာမည်လေးနဲ့ တင် ချစ်ခင်ခဲ့ရတဲ့ တောင်ပေါ်မြို့ လေး။ ကိုယ့်ရဲ့ မွေးရပ်ဇာတိမြေ မဟုတ်ခဲ့ပေမယ့် ကိုယ်သိပ်ချစ်ရတဲ့ မြို့ လေး။
ဒီမြို့ နောင်နှစ်ပေါင်းများစွာတိုင်အောင် သာယာလှပနေစေဖို့ တာဝန်ရှိတဲ့သူတွေရော၊ တာဝန်သိတဲ့သူတွေရော ၀ိုင်းဝန်းစောင့်ရှောက်နိုင်ကြပါစေ။

ဟုတ်တယ် အိရေ ... ဘယ်လို စောင့်ရှောက်ရမယ်ဆိုတာလည်း ကိုယ်တိုင်သိချင်နေတာ... ခုထိတော့ အဖြေမထွက်ဘူး။