ကျိုက်ပွင့်ပဒေါသို့ အရောက်
"မြန်မာဟေ့ မြန်မာကွ"
ပင်လယ်အော်သံနှယ် ကြီးမားပြင်းထန်သော ဟစ်ကြွေးသံများသည် ၆ နှစ်တိုင်တိုင် ငဇင်ကာ မင်းမူခဲ့သော ငရဲမြို့ သန်လျင်မြို့ရိုး အတွင်းသို့ ကြောက်မက်စဖွယ် ဟိန်းမိုး ဝင်ရောက်လာလေ၏။
မိုးသီးမိုးပေါက်အလား အဆက်မပြတ် ကျရောက် ပေါက်ကွဲနေသော လက်ပစ်ဗုံးများနှင့် သေနတ် ကျည်ဆန်၊ မြတပူ ကျည်ဆန်များကို ပမာမထားဘဲ ဝင်ရောက်လာသည့် ရှမ်း၊ ဗမာ၊ မွန်၊ ကရင်၊ ကချင် တပ်တော်သားများသည် အရှေ့တံခါးမှသာမက တံခါးစုံကိုပါ စီးနင်း ဝင်ရောက်လာကြပြီ။
စီးနင်းဝင်ရောက်လာသော တပ်တော်သားများမှာ အဝဘုရင် အနောက်ဘက်လွန် မင်းတရား၏ မြန်မာတပ်များ ဖြစ်သည်။ အထက်စီးမှ ခုခံတိုက်ခိုက်ရင်း အရှုံးဘက်သို့ ရောက်လာသူများမှာ ရေခြားမြေခြားမှ ပူတကေ (ပေါ်တူဂီ)များ ဖြစ်၏။
ထိုပူတကေများ၏ ခေါင်းဆောင်မှာ ဇွင်ကာကူ ဆိုသူ ဖြစ်၏။ ထိုသူအား မြန်မာတို့က ငဇင်ကာဟု ခေါ်၏။
ငဇင်ကာသည် မြန်မာ့ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ရာက သန်လျင်မြို့တွင် ကုန်တိုက်ဖွင့်ခွင့်ရ၏။ သူသည် ကုန်တိုက် မဖွင့်ဘဲ လက်နက်လူသူ သွင်းလာကာ သန်လျင်ကို ခံတပ်မြို့ ဖြစ်အောင် လုပ်သည်။
အင်အား ကြီးမားလာသောအခါ ဗုဒ္ဓဘာသာ မွန်၊ ဗမာ၊ ကရင်၊ ရခိုင်၊ ရှမ်း ဘုန်းတော်ကြီးများကို နှိပ်စက်သည်။ ဘုရားစေတီများမှ ဌပနာကို ဖောက်၊ ခေါင်းလောင်းတွေကို ဖြုတ်ယူကာ အရည်ကျိုခြင်းဖြင့် မြန်မာမှန်သမျှအား စစ်ကြေညာတော့သည်။
အနောက်ဘက်လွန် မင်းတရားကြီးမှာလည်း ရုတ်တရက် ဆင်းမလာနိုင်ခဲ့ချေ။ မြောက်ဘက်တလွှားကို အနေအထားကျအောင် စီမံစုစည်းနေရသည်။
သို့ကြောင့်လည်း ငဇင်ကာ၏ စော်ကားမှု သက်တမ်း ၆ နှစ် ကြာသွားခြင်း ဖြစ်ပေ၏။
မြန်မာစစ်သည်များသည် ပူတကေ အဆောက်အအုံများကို ဝင်ရောက် စီးနင်းသည်။ အခိုင်းအစေများ၊ မိန်းမသားများသည် မလွယ်ပေါက်မှ ထွက်ပြေးကြသည်။
ဘင်္ဂလား ပင်လယ်အော် တစ်ဘက်ရှိ ဂိုအာမြို့မှ လက်နက်လူသူ ထောက်ပံ့နေသဖြင့် ခိုင်ခံ့လှပြီ၊ ဟုတ်လှပြီ ထင်နေခဲ့သော ခံတပ်မြို့ ပျက်သောကြောင့် ထိတ်လန့်တကြား အော်ဟစ်ငိုယိုလျက် ရတတ်သမျှ နိုင်သမျှ အထုပ်အပိုးဖြင့် ပြေးကြသည်။
သည်ပြေးလွှားသူများထဲ၌ ငဇင်ကာ၏ မယား တိုင်းရင်းသူ တစ်ဦးလည်း ပါလေသည်။ အမည်မှာ စောသဒ္ဓါ ပေတည်း။ လောင်းကြက်ဘုရင်ငယ်၏ သမီးတော် ဖြစ်သည်။ လောင်းကြက်ဘုရင်သည် မူလက ပေါ်တကေတို့က ပျပ်ဝပ်ကျိုးနွံရသော ဘုရင်ဖြစ်သည်။ သန်လျင်တွင် ငဇင်ကာ အခိုင်အမာ နေချိန်၌ ငဇင်ကာအား သမီးဆက်သရသူ အဆင့်သို့ လျှောကျခဲ့၏။
စောသဒ္ဓါ နှင့်အတူ အကြီးတော်အဖြစ် မင်းစောထွတ် ပါလာခဲ့သည်။ မြန်မာစစ်သည်များသည် သာသနာဖျက် ငဇင်ကာနှင့် အမျိုးသား သစ္စာဖောက် နတ်သျှင်နောင်ကိုသာ အဓိကထားကြသဖြင့် စောသဒ္ဓါနှင့် သားတော် နန္ဒဘယ၊ သမီးတော် သုပဘာဒေဝီတို့ပါ မြို့ပြင်ရောက်အောင် ထွက်ပြေးလာနိုင်ခဲ့ကြသည်။
သူတို့သည် အနောက်မြောက်အရပ်၌ ဇာတိဌာနေ လောင်းကြက်မြို့ ရှိသည်ဟူသော အသိဖြင့် အနောက်မြောက်ဘက်သို့ ဦးတည်ပြေးလာကြသည်။
ရက်အနည်းငယ် အကြာတွင် ကျိုက်ပွင့်ပဒေါ မြို့နယ်နိမိတ်သို့ ဆိုက်ရောက်လာသည်။ သို့ရာတွင် အနောက်ချောင်း ကုန်းပြင်ရွာသို့ အရောက်တွင် စောသဒ္ဓါ ခရီးမဆက်နိုင်ချေပြီ။
ကျိုက်ယသီ သို့မဟုတ် သီတာမြို့
ဖြစ်သလိုအိပ် ဖြစ်သလိုစားကာ ပြေးလွှားလာရသော ဒဏ်ကြောင့် စောသဒ္ဓါမှာ အိပ်ရာထဲ လဲတော့သည်။ ကျေးရွာသူ ကျေးရွာသားများသည် ရုပ်ရည် သနားကမားရှိသော ဒုက္ခသည် သားအမိ သုံးယောက်အား ကြင်နာသနားစိတ်ဖြင့် ကူညီကြ ပြုစုကြ၏။
သည်အချိန်တွင် အကြီးတော် မင်းစောထွတ် ပါလာလျှင် အားရှိမည်။ သို့ရာတွင် အကြီးတော်မှာ နတ်သျှင်နောင်ကဲ့သို့ ကွပ်မျက်ခံရမည်ကို ကြောက်ရွံ့လွန်းသဖြင့် ချောင်းလက်တက် တစ်ခုတွင် ပုန်းအောင်းကျန်ရစ်ခဲ့သည်။ ထိုချောင်းကို နောင်အခါတွင် ဘိုးတော်ချောင်းဟု ခေါ်တွင်သည်။
ကျေးရွာရှိ မွန်၊ ကရင်၊ ဗမာ ဆေးဆရာများ ဝိုင်းဝန်း ကုသပေးကြသော်လည်း စောသဒ္ဓါမှာ ကွယ်လွန်ရှာသည်။ အလောင်းကို ဝိုင်းဝန်းသင်္ဂြိုဟ်ပြီးချိန်၌ ကျန်ရစ်ခဲ့သည့် ကလေးနှစ်ယောက်အတွက် ခေါင်းခဲကြရသည်။
"သားတို့ သမီးတို့ ဘယ်ကလာကြတာတုံး"
"တညင်က ခင်ဗျ"
"ဘယ်သွားကြမှာတုန်း"
ကလေးများ မဖြေတတ်။ မဖြေတတ်သဖြင့် မည်သည့်အရပ်သို့ ပို့ရမည် မသိဘဲ ရှိကြစဉ် လူကြီးတစ်ယောက် ရောက်လာသည်။ ထိုသူကား ဓညဝတီမင်း မျက်သဖြင့် ထွက်ပြေးလာသည့် အမတ်ကြီး သုဒိန် ဖြစ်သည်။
ကလေးနှစ်ယောက်လုံး၏ ရုပ်သည် သူတို့မိခင်နှင့် တူ၏။ ပြောပုံ ဆိုပုံ နေပုံ ထိုင်ပုံကို ကြည့်ကာမျှဖြင့် ဆင်းရဲသား မဟုတ်ကြောင်း အမတ်ကြီး ရိပ်မိသည်။ သို့ကြောင့် သူ မွေးစားပါမည် ဆိုကာ ခေါ်လာခဲ့လေ၏။
ဝရမ်းပြေး အမတ်ကြီး သုဒိန်သည် ကလေးနှစ်ယောက်နှင့် လက်ပွန်းတတီး နေထိုင်ရင်းက စုံစမ်းသည်။ ကလေးများထံမှ တစ်လုံးရ နှစ်လုံးရဖြင့် ရသော အချက်များကို ဆက်စပ်ကြည့်သည်။ လောင်းကြက်မင်းမျိုးဟု သိသည်။ ပို၍ သေချာစေရန် လောင်းကြက်သို့ လူလွှတ် စုံစမ်းသည်။ ပို၍ သေချာ၏။
အမတ်ကြီးသည် မြို့ကြီးပြကြီးနှင့် အလှမ်းလည်း ကွာ၊ ခရီးလမ်းပန်းလည်း ခက်ခဲသော တောကြိုအုံကြားတွင် ကလေးနှစ်ယောက်ကို လက်ညှိုးထိုးပြီး လူစုသည်။
"သူတို့ကို နှယ်နှယ်ရရ မှတ်သလား ... မင်းမျိုး" - ဟု ဆိုလိုက်ကာမျှဖြင့် သဘောထားဖြူစင် ရိုးသားသည့် တောသူတောင်သားများမှာ ရှိခိုးရန် အသင့် ဖြစ်နေ၏။ ကလေးများသည်လည်း တဖြည်းဖြည်း အရွယ်ရောက်လာကြ၏။
အမတ်ကြီး သုဒိန်သည် မြန်မာနှစ် ၉၈၅ ခုနှစ် တပို့တွဲလဆန်း ၅ ရက် သောကြာနေ့တွင် ကျိုက်ယသီမြို့ကို စတင် တည်ထောင်လေ၏။
ကျိုက်ယသီသည် မွန်စကားဖြစ်၍ မြန်မာဘာသာအားဖြင့် အေးမြချမ်းသာခြင်း သီတာ ဟု အဓိပ္ပါယ်ရ၏။
ကျိုက်ယသီ = သီတာမြို့ တည်ပြီးသောအခါ အမတ်ကြီးက နန္ဒဘယ မောင်နှမကို နန်းတင်သည်။ နန္ဒဘယမင်းနှင့် မိဖုရားကြီး သုပဘာဒေဝီ။
အနီးအနားရှိ ချောင်းကြိုမြောင်းကြားမှ မသိနားမလည်သူများ ခိုဝင်လာကြ၏။ ကန်တော့လက်ဆောင်များ၊ ပဏ္ဏာတော်များ ဆက်သကြ၏။
အမတ်ကြီး သုဒိန်မှာ တပြုံးပြုံး ရှိ၏။ သူသည် နန္ဒဘယမင်း၏ သီတာမြို့ကို ကြီးကျယ် စည်ကားအောင် လုပ်မည်။ လက်နက်လူသူ ခိုင်ဖြီး တောင့်တင်းအောင် စုဆောင်းမည်။ ထို့နောက် ဓညဝတီကို လုပ်ကြံမည်။
သို့သော် ဝရမ်းပြေး အမတ်ကြီး သုဒိန်၏ စိတ်ကူးယဉ် အိပ်မက်မှာ သက်ဆိုးမရှည်ရှာ။ မြို့သက် တစ်နှစ်ခန့်အရတွင် အဝဘုရင်၏ မြန်မာစစ်သည်တော်များ ရောက်ရှိလာသောကြောင့် ဖြစ်သည်။
သီတာမြို့သည် အဝဘုရင်၏ သစ္စာတော်ခံ တစ်ဦးဦးက တည်သောမြို့ မဟုတ်ချေ။ ဘုရင့်ထံမှ မြို့တည်စေ အမိန့်ရသဖြင့် တည်ခြင်းမျိုးလည်း မဟုတ်ပေ။ သို့ကြောင့် တိုင်းပြည်ကြီးထဲတွင် ပြည်ငယ်ကလေး နန်းမြို့အဖြစ် ပေါ်ပေါက်လာခြင်းမှာ နိုင်ငံတော်အား ထောင်ထားခြားနားခြင်း ဖြစ်သည်။ ထောင်ထားခြားနားခြင်း ဆိုသည်မှာ ပုန်ကန်ခြင်း ဖြစ်သည်။
သို့သော် သီတာဘုရင်မှာ နားမလည်သူ မသိသူများ၏ ရှိခိုးခံသည်ကလွဲလျှင် ပြောပလောက်သည့် အင်အား မရှိသေးပေ။ အဝတပ်ကြီး ချီလာပြီဟု ကြားလျှင် ကြားချင်း ကျိုက်သထုံ လှံဓားမြို့ အနီးရှိ ခေါင်းပေါင်းကြီးရွာဘက်သို့ ထွက်ပြေးကြလေသည်။
အဝတပ်ကြီးသည် သီတာမြို့ကို ဖျက်ဆီးသည်။ သီတာမောင်နှမကို မမိသော်လည်း ကြိုးစားပမ်းစား မရှာဖွေကြလေ။
သို့အတွက် သီတာမောင်နှမသည် အင်္ဂပူမြို့အနီးရှိ တောင်ပေါ်တွင် မြို့တည်ကာ သုံးနှစ် နေထိုင်ကြ၏။ ထိုကမှတစ်ဆင့် သီတာမြို့ဟောင်းသို့ ပြန်လာကာ နန်းမြို့ ပြန်လည် တည်ဆောက်သည်။
အသစ်တည်သော သီတာမြို့တွင်လည်း နန္ဒဘယမင်းနှင့် သုပဘာဒေဝီ မိဖုရားတို့ ကြာရှည် နန်းမစံရပါ။
မြန်မာနှစ် ၉၉၉ ခုနှစ် ပြာသိုလအတွင်း၌ နန္ဒဘယ ကွယ်လွန်သည်။ သုပဘာဒေဝီလည်း မရှေးမနှောင်းမှာပင် ရင်ကွဲနာကျပြီး သေသည်။
နန္ဒဘယနှင့် သုပဘာဒေဝီတို့သည် သုပဘာဒေဝီကို သင်္ဂြိုဟ်သော သီတာကုန်းပြင်တွင် သီတာမောင်နှမ နတ်စိမ်း ဖြစ်လာကြလေသည်။
ထိုနတ်မောင်နှံ ဇာတ်လမ်း သမိုင်းကို ကမ္ဘာသုံးနှစ် ၁၈၇၁ ခုနှစ်က ရေးထိုးသော မြသိန်းတန်စေတီ ကျောက်စာအရ တင်ပြခြင်း ဖြစ်ပါသည်။ ကျောက်စာတွင် အနောက်သံလွင် မင်းတရားကြီးဟု ပါရှိသော်လည်း သမိုင်းနှင့် ကိုက်ညီစေရန် အနောက်ဘက်လွန် မင်းတရားကြီးဟု ပြင်လိုက်ပါသည်။
Credit: ဦးအောင်သိမ်းမြတ်
Photo: Internet
သမိုင်းလေးတွေဖတ်ရလို့ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit