ထိုနေ့ကမှတ်မှတ်ရရ ပိတောက်ရှုခင်းတွေကို ကြည့်နေသည်။ ပြီးတော့မှ တစ်ခါမှ မဆိုဘူးသည့် စကားတွေကို
အမေဆိုသည်။
“ဂျပန်တွေကို တော်လှန်တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲ သား”
“နှစ်ပေါင်း လေးဆယ်ကျော်ပြီ အမေ”
“နှစ်ပေါင်း လေးဆယ်တောင် ကျော်သွားပြီလား”
ထို့နောက် အမေ စကားပြတ်သွားသည်။ အမေက သူ့အခန်းထဲကို ဝင်သွားသည်။ ပြီးတော့
ရင်ဘတ်ကသော့ကိုဖြုတ်ကာ အမေ အပျိုဘဝကတည်းက ပါလာသော သံမဏိ သေတ္တာကြီးကို
ဖွင့်သည်။ အဝတ်အစားတွေအောက်က ကျောက်ကာသေတ္တာ အနက်ကလေးတစ်လုံး ထုတ်သည်။
ကျောက်ကာသေတ္တာကလေးကို ဖွင့်လိုက်တော့ အထဲမှာ ငွေဖလားလေးတွေ၊ ငွေကွမ်းဘူး၊
ငွေထုံးဘူးကလေးတွေ၊ နောက် အမေငယ်ငယ်တုန်းက ဇာပန်းထိုသည့် ဇာထိုးမပ်တွေ၊
ပန်းထိုးအပ်တွေလည်း ပါသည်။ ရောင်စုံချည်လုံးကလေးတွေ ငွေဒင်္ဂါးကလေးတွေ၊ ကြေးနီပြား
ညိုညိုကလေးတွေ၊ နောက် ဂျပန်ငွေစက္ကူတချို့။
သည်ကျောက်ကာ သေတ္တာအနက်ကလေးကို ကျွန်တော် တစ်ခါမှ မမြင်ဘူးချေ။ အဖေပင်
မြင်ဖူးလိမ့်မည် မထင်။ သေတ္တာကလေးက အလျား ရှစ်လက်မ၊ အနံ ငါးလက်မလောက် ရှိသည်။
သေတ္တာထဲက ပစ္စည်းကလေးတွေကို အမေတယုတယထုတ်သည်။ သေတ္တာကလေးထဲမှာ
ခင်းထားသော စက္ကူကလေးကို ဖယ်လိုက်တော့ ဓာတ်ပုံဟောင်းကလေး သုံးပုံ ထွက်လာသည်။
အမေက တစ်ပုံ အရင်ပြသည်။ အမျိုးသမီးတစ်ယောက်၏ပုံ ဖြစ်သည်။ ဆယ်နှစ်အရွယ်
မိန်းကလေးတစ်ယောက်နှင့် ယှဉ်ကာ မတ်တတ်ရပ်နေသည်။ နောက်မှာ တန်းလျားခန်းတွေ။
“ရပ်နေတာ နင့်အဘွားပေါ့၊ အမေ့အမေက ဒေါ်သော့တဲ့၊ အသား ဖြူဖြူကလေးနဲ့
သိပ်လှတာ သားရဲ့”
“ရပ်နေတဲ့ကောင်မလေးက ဘယ်သူလဲ”
“အဲဒါ အမေလေ၊ အမေ ကိုးနှစ်သမီးတုန်းက အမေ့အမေနဲ့ ရိုက်ထားတာ”
ဓာတ်ပုံထဲက သားအမိနှစ်ယောက်လုံး ဓာတ်ပုံအရိုက်ခံနေသည်နင့် မတူ။ ကင်မရာကို အထူးမဆန်းလို ကြည့်နေကြပုံမျိုး ဖြစ်သည်။
“နောက်ကတန်းလျားက ညောင်လှက အမေတို့နေခဲ့တဲ့ ဘီအိုစီတန်းလျား၊ အမေ
ငယ်ငယ်ကတည်းက နေခဲ့တာ”
အမေက နောက်တစ်ပုံ လှမ်းပေးသည်။ မိန်းမပျိုတစ်ယောက် ဖြစ်သည်။
ဆံတောက်သိမ်းစ လှပသော မိန်းမပျိုတစ်ယောက် ဖြစ်သည်။ မေးစေ့ကို လက်ထောက်ထားသည်။
အင်္ကျီလက်တွေက ပွယောင်းယောင်း။ နောက်ခံပန်းချီကားက ဧည့်ခန်းတစ်ခန်း၏ပုံ ဖြစ်သည်။
မိန်းမပျိုက ပြုံးနေသော်လည်း အသက်မပါလှချေ။ “အဲဒါ အမေ့သူငယ်ချင်း မြစိန်၊ အမေ့ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ ရန်လည်းအဖြစ်ဆုံး
သူငယ်ချင်းပေါ့၊ အမေ့အနွံအတာလည်း သိပ်ခံရှာတယ်၊ ဒီဓာတ်ပုံက အမေနဲ့သူ
တစ်နေ့တည်းရိုက်တာ၊ ရေနံချောင်းကို သွားရိုက်တာလေ၊ အားအဖေ မသိအောင်ရိုက်တာ၊
အပြန်မိုးချုပ်လို့ အဖေ့အရိုက် ခံရသေးတယ်”
အမေက စိတ်ပါလက်ပါ ပြောနေခြင်းဖြစ်သည်။ ဝမ်းပန်းတသာ ရှိနေပုံလည်းရသည်။
တစ်ဆက်တည်းမှာပင် ဝမ်းပန်းတနည်း ရှိနေပုံလည်း ရသည်။ အခန်းတွင်းမှာ ပိတောက်ရနံ့တွေ
ရှိနေသည်။ လေသည် မိုးငွေ့တွေကို သယ်ဆောင်စပြုလာပြီ။
“ဟောဒီပုံကိုကြည့်စမ်း သား”
အမျိုးသားတစ်ယောက်ပုံ ဖြစ်သည်။ ဓာတ်ပုံအနားတွေ ဖွာလန်နေသည်။
ဓာတ်ပုံထောင့်မှာ ဆေးသားတွေ ကွာကျနေပြီ။
ချောမောသည်ဟု မဆိုသာသော်လည်း ညိုလဲ့သော မျက်ဝန်းနှင့် နှုတ်ခမ်းများက
ပြတ်သားကြည်လင်ဟန် ရှိသည်။
“ဒါက ဘယ်သူလဲ အမေ”
“နောက်ဘက်မှာကြည့်”
ဓာတ်ပုံနောက်မှာ စာတန်းကလေးတစ်ကြောင်း။ မင်ရောင်က နှစ်ပေါင်းများစွာကို
ဖြတ်သန်းခဲ့သည့် မင်ရောင်။
@evernew
photos credit by google
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
အပိုင်းအကုန်လုံးဖတ်ရတော့ စိတ်ထဲခံစားရတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit