အအအ သင်တန်းဖွင့်ရန်ရှိသည်
မှတ်ဖွယ်မှတ်ရာ ထိုထိုစာကို
ရှာ၍ မပြတ် အိမ်တွင်ဖတ်
ဆိုသလိုပဲ နေခ တစ်ယောက် စာဖတ်ရတာကိုပျော်မွေ့၏။ မှတ်မိသေး၏ မူလတန်းကျောင်းသား အရွယ်လောက်ကပေါ့။ အိမ်ရှိ လူကြီးများက ကျောင်းစာမှာလွဲ အပြင်စာတွေဖတ်တာကို မနှစ်သက်လှပေ။ နေခကလည်း သိတဲ့အတိုင်း စိတ်ဝင်စားမိက မရ။ အိမ်ကမသိအောင် ခိုးဖတ်၏ ။ ကျောင်းပြန် စာအုပ်အငှားဆိုင်ဝင် စာအုပ်ငှား၊ ညဖက် အိမ်စာတွေပြီးရင် ခိုးဖတ်၊ မပြီးရင် နောက်နေ့ ကျောင်းမှာ အားတဲ့အချိန်ဖတ်။ ညနေကျောင်းပြန်ချိန် စာအုပ်ဆိုင်ဝင် အဟောင်းအပ် အသစ်ငှား။ ထိုသို့ခိုးကြောင်ခိုးဝှက် ဖတ်ခဲ့ရ၏ ။ ၁၀ တန်းပြီးမှသာ တရားဝင် (ပေါ်တင်) စာဖတ်ခွင့်ရခဲ့၏။
ခုနေများ စာအုပ်ဝယ်ဖို့သွားတိုင်း သားသမီးတွေ အတွက် စာအုပ်ဝယ်နေသော မိဘများကို မြင်လျင် နေခပျော်၏။ အရွယ်တူ စာအုပ်ဝယ်သူများကို မြင်က အားတတ်၏။ အရွယ်ငယ် စာအုပ်ဝယ်သူများကို မြင်က ပီတိဖြစ်၏။ ထိုအပျော် အားတတ် ပီတိဖြစ်မှုသည် အငှားဆိုင်လေးတွ အလျိုလျို ပျောက်ကွယ်သွားမှုနှင့်အတူ ပျောက်ကွယ်သွားခဲ့ရ၏။ ၀မ်းနည်းဖို့ကောင်းလေစွ။ အငှားဆိုင်လေးတွေနေရာ၌ Game ဆိုင်ကြီးတွေ ၀င်ရောက်နေရာယူလာကြ၏။ စာအုပ်တွေသည် network game တွေလောက် လူငယ်တွေကို ဖျော်ဖြေမှုမပေးနိုင်တော့။ အငှားစာအုပ်ဆိုင်၊ အရောင်းစာအုပ်ဆိုင်များ၌် တိုးဝှေ့နေသော လူငယ်များ သည် game ဆိုင်၌ မခွာတန်း နေကုန် နေနေကြတော့၏။ တချို့များ အိမ်ပင်မပြန် Game ဆိုင်မှာစား Game ဆိုင်မှာအိပ်။ ရင်လေးဖွယ် ကောင်းလေစွ။
လူငယ်တွေ၏ စာအုပ်ဖတ်အားသည် နိုင်ငံ၏ သယံဇာတတွေ လိုပဲ လုံးပါးပါးနေပြီ။ နေခ အားမရလှ။
တိုက်တွန်းပြန်တော့ လူငယ်တစ်ယောက်က
“ကျွန်တော်တို့ဖတ်ချင်တဲ့ စာအုပ်တွေမှ မရှိတာတဲ့။”
ဒီလောက်ရွေးချယ်စရာများတဲ့ စာအုပ်လောကကြီးမှာဗျာ။ထို့ကြောင့်ပင် လူငယ်တွေကို Game ဆိုင်ထဲမှ ဆွဲထုတ်ရန် နေခ စာရေးဖို့ ဆုံးဖြတ်လိုက်၏။ တစ်နေကုန် Game ဆော့ချိန်ထဲမှ (၁)နာရီလောက်ပဲ ဖြစ်ဖြစ် စာဖတ်ဖြစ်လာခဲ့လျင်ပင် မခါးဟူသော ရည်ရွယ်ချက်ဖြင့် နေခ စာရေးရန် ပြင်ဆင်တော့၏။
စာရေးမည်ဆို၍ နေခကို သိပ်တော်နေသည်ဟု ထင်နေကြဦးမည်။ သိပ်တော်နေ၍တော့မဟုတ်၊ ဖတ်ခဲ့ မှတ်ခဲ့ သမျှကို တက္ကသိုလ် တက်စဉ်က လက်သွေးထားခဲ့ဖူးသည်ကို အခြေတည်ကာ ငါ့ညီ၊ညီမတွေ အတွက်ဆိုသည့် စိတ်စေတနာကောင်း ကို အရင်းတည်ကာ နေခ ရေး၏။ ရေးသာရေးသည် စာရေးဆရာသီးသန့် အဖြစ်သို့ နေခ လုံးဝ မကူးပြောင်းရဲ။ စာရေးဆရာ ဘ၀က တစ်မိသားစုလုံး ကျွေးဖို့မပြောနဲ့ ကိုယ့်တစ်ဝမ်း တစ်ခါးတောင် အနိုင်နိုင်။ ထို့ကြောင့် အလုပ်တစ်ဖက်နှင့် အားချိန်တွင် စာရေးရန် နေခ တေးထား၏။
သို့သော်လည်း အလုပ်တစ်ဖက်နှင့်ကျ စာက မရေးဖြစ်။ စာတောင်မနည်းကောင်း အချိန်လု ဖတ်နေရပုံ နှင့် နေခ၏ စာရေးလိုမှုသည် အပြောသက်သက်သာ ဖြစ်၍နေတော့၏။ ဒီလောက်မအားသည့်ကြားက စာရေးလိုသည့် အာသီသကလည်း ဖျောက်မရတော့ ခက်၏။ ဒီအတိုင်းဆိုလျင်တော့ နေခ တစ်ခုခုတော့ လုပ်မှဖြစ်မည်။ မျက်မှက်ခေတ်သည် IT (နည်းပညာ)ခေတ်မဟုတ်လော။ နည်းပညာကို ကျွန် မပြုနိုင်က နည်းပညာက လူသားကို ကျွန် ပြန်ပြုမည့်ခေတ် ဖြစ်၏။
(၇)လလောက်အကြာမှာတော့ နေခ ရေးသည့်စာများ ပထမဦးဆုံးအကြိမ်ပုံနှိပ်ထုတ်ဝေဖြစ်ခဲ့၏။
ရောင်းအား .. ဟုတ်လား၊ မေးမနေပါနှင့် နေခက ဘာကောင်ကြီးမို့လို့လဲ။ နေခ ကိုယ်၌ကလည်း စမရေးခင်ကတည်းက လူငယ်တွေ အသိတစ်ခု ရသတစ်ခု တိုးရန်ပဲ ရည်ရွယ်ခဲ့သည် မဟုတ်လော။ သို့သော် သိပ်မကြာမီ လပိုင်း၌ နေခ နာမည်သည် စာပေလောက၌ တန်ခိုးထွားလာတော့၏။ စာပေအသိုင်းအ၀ိုင်းနှင့် စာဖတ်သူများကြား၌ နေခ နာမည်သည် တဟုန်ထိုး ကျော်ကြားသွား၏။ ရှုလော့မိတ်ဆွေ နေခတို့ နာမည်ကြီးသွားပုံများ The Most Writer ဆိုပဲ။ The Best Seller (အရောင်းရဆုံး)မဟုတ်ပါ။ အရေးနိုင်ဆုံး စာရေးဆရာဖြစ်၏။ ဆရာချစ်ဦးညို ပြောနေကြ စကားနှင့်ယူသုံးရလျင် စာရေးတော်သူ မဟုတ်ဘဲ စာတော်ရေးသူ(အတော်ရေးသူ)ဟု ပြောရလောက်အောင်ပင် နေခကလည်း ပြောင်မြောက်စွာ ရေးနိုင်သူဖြစ်၏။ မြန်မာ့စာပေသမိုင်း တလျှောက် နေခလောက် ရေးနိုင်သူမရှိခဲ့ပေ။ နေခသည် လူအများ၏ စိတ်ဝင်စားမှုကို လွန်စွာမှ ခံနေရ၏။ Media တွေကလည်း နေခ ဘယ်လိုနည်းနှင့် ယခုလောက်စာတွေ အများကြီးရေးနိုင်နေ သနည်းကို လွန်စွာမှ သိလိုနေကြ၏။
ဟုတ်လည်းဟုတ်သည် အခြားစာရေးဆရာများက လစဉ်မဂဇင်းများအတွက် အချိန်မီရေးပေးဖို့ မနည်း လုံးပန်းနေရချိန်၌ နေခတို့က လစဉ်မဂ္ဂဇင်း၊ အပတ်စဉ်ဂျာနယ်မပြောနှင့် နေ့စဉ်သတင်းစာများအတွက် သုတ၊ရသ ကဏ္ဌမျိုးစုံအောင် ရေးပေးနိုင်လွန်းလှသည်။ Media များ၏စေ့ဆော်ပေးမှု၊ စာပေလောကသားတို့၏ သိလိုမှု၊ စာဖတ်သူများ၏ တောင်းဆိုမှုအရ နေခသည် သူ၏ စာပေများစွာ ရေးထုတ်နိုင်မှု လျှို့ဝှက်ချက်ကို ပြောပြရန် သတင်းစာ ရှင်းလင်းပွဲ တစ်ခုလုပ်လိုက်၏။
ဟုတ်သည် နေခ ပြောပြမှရတော့မည်။ လူအများက (၂၀၁၄) ကမ္ဘာ ဖလားတွင် ဘယ်သူ ဗိုလ်ဆွဲမည်၊ (၂၀၁၅) ရွေးကောက်ပွဲ၌ ဘယ်သူအနိုင်ရမည် စသည့် အရေးကိစ္စများကို စိတ်ဝင်စားမှုမရှိလှဘဲ နေခ၏ စာပေရေးသားနိုင်မှု စွမ်းရည် ကိစ္စကိုသာ စိတ်ဝင်တစား ရှိနေ ကြသည်ကိုး။
ထိုသတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း media များသာမက ပြည်ပ media များကပါ စုံညီစွာ တက်ရောက်ကြ၏။
“ ဟုတ်ကဲ့ ကျွန်တော် ခုလို စံချိန်တင် စာပေရေးသားနိုင်မှုဟာ software တစ်ခုရဲ့ အကူအညီနဲ့ပါ။ အဲ့ဒီ software ကို ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေ ပူးပေါင်းရေးဆွဲခဲ့တာပါ။ အစပိုင်းမှာတော့ software က error လေးတွေရှိနေတာနဲ့ ကျွန်တော်တို့က မချပြခဲ့တာပါ။ ခုတော့ ပြင်ဆင်သင့်တာတွေလည်း ပြင်ဆင်ပြီးဖြစ်တဲ့အပြင် ကျွန်တော့်ရဲ့စာပေရေးသားမှုနဲ့ပါ ပတ်သက်နေတော့ ခုလိုရှင်းလင်းတင်ပြရခြင်းပဲ ဖြစ်ပါတယ်”
ထို့နောက် media များ၏ သိလိုသမျှကို ဖြေကြားပေးပြီးနောက် သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းလိုက်၏။ သတင်းစာရှင်းလင်းပွဲ ပြီးသွားပေမယ့် နေခ၏ software ရိုက်ခတ်မှု နောက်ဆက်တွဲ ဂယက်က ခုမှစ၏။ ပြည်တွင်း နည်းပညာကုမ္ပဏီများသာမက၊ ပြည်ပ နည်းပညာ ကုမ္ပဏီများကပါ ထို software ကို စိတ်ဝင်စားနေကြ၏။ စိတ်ဝင်စားမည်ဆိုလည်း စိတ်ဝင်စားလောက်အောင်ပင် နေခ၏ software က ရိုးရှင်းပြီးသုံးရလွယ်ကူလှသည်။ computer တစ်လုံး၊ နည်းပညာ ခေါင်းဆောင်းတစ်ခု ပြီး computer ထဲ၌ မိမိနှင့်ပတ်သက်သည့် အချက်လက်များ ထည့်၊ နေခတို့၏ software နှင့် ပေါင်းစပ်ပြီးသုံးရုံပင်။ software ၏ လုပ်ဆောင်ပုံက ရှင်းရှင်းလေး ခေါင်းဆောင်းက ဦးနှောက်၏ တွေးခေါ်မှုများကို လက်ခံကာ computer သို့ စကားလုံးတွေအဖြစ်ပို့ဆောင်ပေးလိုက်ခြင်းဖြစ်၏။ အသုံးပြုသူက စာထိုင်ရိုက်နေစရာမလိုဘဲ မိမိရေးလိုသည့် အကြောင်းအရာကို တွေးတောစဉ်းစား နေဖို့သာလိုသည်။ ၀ါကျ တည်ဆောက်ပုံ အမှားအမှန် ပြင်ဆင်သင့်သည်တွေကိုပါ software က တစ်ခါတည်း ပြင်ဆင်ပေးပြီးသားဖြစ်သဖြင့် အဆင်ပြေလွန်းလှသည်။
နေခတို့၏ software နှင့်ပတ်သက်ပြီး စာချုပ် ချုပ်ဆိုလိုသော နည်းပညာကုမ္ပဏီတွေက ဒုနှင့်ဒေး။ ထိုအထဲကမှ Bill Gates ၏ Microsoft နှင့် ဦးစွာ အကျိုးတူပူးပေါင်းမှုဆိုင်ရာ စာချုပ် ချုပ်ဆိုလိုက်၏။ ဆက်လက်ပြီး အခြားသော နည်းပညာကုမ္ပဏီများနှင့်လည်း စာချုပ်များချုပ်ဆိုလိုက်၏။ Samsung, iPhone, HTC, Huawei, LG, Sony, Nokia အစရှိသည့် Smat phone ကုမ္ပဏီများ၏ တောင်းဆိုမှု အရလည်း ထို software ကို smart phone များ၌ သုံးစွဲနိုင်အောင် ပြင်ဆင်လုပ်ဆောင် ပေးထား လိုက်သေး၏။ စာရေးသားခြင်းဖြင့် သူဠေး မဖြစ်ခဲ့သော နေခတစ်ယောက် စာပေရေးသားမှုဆိုင်ရာ software ကျေးဇူးကြောင့် Billionaire (ဘီလျံနာ) တစ်ယောက်အဖြစ်သို့ နေချင်းညချင်း ရောက်ရှိသွားလေ၏။
ပြည်ပတွင်သာမက ပြည်တွင်း၌လည်း နေခ၏ software ကိုသုံးစွဲမှုက ကြောက်ခမန်းလိလိ တိုးတက်လာနေ၏။ စာရေးဆရာများက ထို softaware ကို အသုံးပြုပြီး အချိန်အနည်းငယ်ဖြင့် ရေးသားလာနိုင်ကြ၏။ အမြဲတမ်း စာရေးဆရာ၊ အပျော်တမ်း စာရေးဆရာ၊ ခရီးသွားဟန်လွဲ စာရေးဆရာ စသည်ဖြင့် မြန်မာ့စာပေလောက၌ စာရေးဆရာများ ပေါများစွာထွက်ပေါ်လာနေတော့၏။ နေခတစ်ယောက်လည်း ယခင်လောက်တော့ စာကို သရဲဘီလူးစီးသလို မရေးနိုင်တော့။ သုတ၊ ရသ၊ သိပံ္ပ္ပ၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စိတ်ဓါတ်ရေးရာ၊ တက်ကျမ်း၊ ပရလောက၊ စိတ်ကူးယဉ် ဖြစ်ရပ်ဆန်း စသည်ဖြင့် စာပေကဏ္ဌပေါင်းစုံအောင် နေခတစ်ယောက် ရေးသားခဲ့ပြီးဖြစ်သည်ကိုး။
အချိန်တွေက ရွေ့လျားလို့နေ၏။ နေခ၏ software အများပြည်သူလက်ထဲသို့ ရောက်အပြီး (၇)လလောက်အကြာ။
နည်းပညာကုမ္ပဏီများ နှင့် စာချုပ်စာတမ်းကိစ္စများ၊ smart phone များအတွက် အသစ်သစ် application ဖန်တီးပေးနေမှုများနှင့် နေခတစ်ယောက် မအားမလပ်နိုင်အောင်ဖြစ်နေ၏။ စာမဖတ်ဖြစ် စာမရေးသားဖြစ်တာလည်း တော်တော်ကြာသွား၏။ ဒီနေ့တော့ ရှိသမျှ အလုပ်အားလုံးကို ပစ်ကာ နေခတစ်ယောက် သူနှစ်သက်သည့် စာအုပ်ဆိုင်လေးဆီသို့ လမ်းလျှောက်ကာထွက်လာလိုက်၏။
လွန်ခဲ့သည့် နှစ်က သူ စာဖတ်ဖို့ တိုက်တွန်းခဲ့သည့် လူငယ်လေးနှင့်တွေ့၏။ ထိုလူငယ်လေးလက်ထဲ၌
Notebook လေးတစ်ခုကို ကိုင်ထား၏။ ယခင်က Game ဆော့ဖို့ပဲ စဉ်းစားနေသည့် လူငယ်လေး နည်းပညာစာအုပ်တွေ ကျေးဇူးဖြင့် computer ဘာသာရပ်တွေကို ကျကျနန လေ့လာနေပြီထင်၏။ အထင်တို့သေချာစေရန် နေခ မေးခွန်းထုတ်လိုက်၏။
“ ဘယ်လိုလဲ ငါ့ညီ။ လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့ မင်းဖတ်ချင်တဲ့ စာအုပ်ပုံစံတွေနဲ့ တော်တော် ရင်းနှီးနေပြီထင်ပါ့။”
လူငယ်က တုံးရန်ကော ဆိုသည့် အကြည့်နှင့်
“ အစ်ကိုထွင်တဲ့ software ရှိနေတာကိုဗျာ။ ဘယ်မှာ စာဖတ်စရာ လိုတော့မှာလည်း။ ကိုယ်တိုင်ပဲ စာရေးတော့မှာပေါ့။ ကျွန်တော့်ရဲ့ Game ကစားခဲ့တဲ့ အတွေ့အကြုံတွေ ကြုံတွေ့ရတဲ့အခက်အခဲတွေ ကို စုစည်းပြီး စာအုပ်တောင်ထုတ်ထားပြီးပြီ။ ခုနောက်ဆက်တွဲ “Game is My Life (Part 2)”တောင် ထုတ်တော့မယ်ဗျ။ ခုလည်း Part 3 အတွက် ကုန်ကြမ်းရအောင် ဘော်ဒါတွေနဲ့ Game သွားခုတ်မလို့။”
ပြောပြောဆိုဆို လူငယ်လေးသည် Game ဆိုင်ရှိရာသို့ တက်ကြွစွာ ချီတက်သွားလေတော့၏။
စာကြွင်း ။ ။ ပရဟိတလုပ်သော စာရေးဆရာမ သန်းမြင့်အောင်က ပြောဖူး၏။
“စာဖတ်တဲ့ အိမ်ထောင်ဦးစီး ဦးစီးသည့်အိမ်နှင့် စာမဖတ်သည့် အိမ်ထောင်ဦးစီး ဦးစီးသည့်အိမ် ကွာခြားလွန်းလှ၏။ ထို့အတူ စာဖတ်သည့် အစိုးရအဖွဲ့အုပ်ချုပ်သည့် တိုင်းပြည်နှင့် စာမဖတ်သည့် အစိုးရအဖွဲ့အုပ်ချုပ်သည့် တိုင်းပြည်သည် လွန်စွာမှ ကွာခြားလွန်းလှ၏။”
ယနေ့လူငယ်များသည် နောင်တွင် အိမ်ထောင်ဦးစီး၊ နောင်တွင် အုပ်ချုပ်သူအစိုးရ အဖွဲ့အစည်းတွင် ပါဝင်လာမည့် သူများ ဖြစ်ပါသောကြောင့် ကျား၊မ မခွဲဘဲ လူငယ်ထုအားလုံး စာဖတ်ကြဖို့ တောင်းပန် တိုက်တွန်း ပြောဆိုလိုပါသည်။
2014 ခုနှစ်လောက်က ကျတော် ရေးသားခဲ့သည့် satires တပုဒ်အား ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။