ဘုန်းတော်ကြီးကျောင်းဝန်းများအတွင်း
ဖိနပ်စီးခြင်းနှင့်ပါတ်သက်၍ ဥာဏ်မီသလောက် စုစည်းထားပါသည် ...ကြိုက်လျှင်ယူသုံး မကြိုက်လျှင်
မသုံးရန်ပါ ။
ကြိုတင်ပန်ကြားချက်
ဤပိုစ်အောက်တွင် ဘုန်းတော်ကြီးကျောင်းဝန်းများအတွင်း ဖိနပ်စီးသင့် ၊ မစီးသင့် မငြင်းခုန်ကြရန် ပန်ကြားအပ်ပါသည် ( ငြင်းခုံခြင်းသည် အချိန်ကုန်၏ စိတ်ပင်ပန်း၏ အကုသိုလ် ပွား၏ ငြင်းခုံသောမန့်များအားဖျက် သွားမည်ဖြစ်သည် )
ဘုန်းတော်ကြီးကျောင်းဝန်းများအတွင်း
ဖိနပ်စီးသင့်
ကျွန်တော်တို့ ဗုဒ္ဓဘာသာများသည် ဘုန်းတော်ကြီးကျောင်းဝန်းများအတွင်းသို့ ဝင်ရောက်လျှင် လေးစားသမှုဖြင့် ဖိနပ်ချွတ်လေ့ရှိပါသည်။
ထိုအစဉ်အလာသည် ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါက ကောသလမင်း ဗိမ္ဗိသာရမင်း အနာထပိဏ်သူဌေး ဝိသာခါသာဝိကာမကြီးတို့ မြတ်စွာဘုရားအထံတော်သို့ လာရောက်သောအခါ ဘုရားရှင်အပေါ် လေးစားသမှုဖြင့် ကျောင်းတော်အဝင်ဝမှပင် စီးနင်းလာသောယာဉ်များပေါ်မှ ဆင်းသက်လေ့ရှိသော အလေ့အထမှ ပေါ်ပေါက်လာသည်ဟု ယူဆမိပါသည်။
တဖန် မြတ်စွာဘုရားကိုယ်တော်တိုင်ပင် ရဟန်းတို့ဖြည့်ကျင့်အပ်သော အာဂန္တုကဝတ်တို့တွင် အာရာမ်အတွင်းသို့ ဝင်လျှင် ဖိနပ်ချွတ်ခြင်း ထီးရုတ်ခြင်းတို့ ပြုရမည် ဟု မဟာဝါ စူဠဝါ ခန္ဓကဝတ်ပါဠိတော်၌ ပညတ်တော်မူထားပါသည်။ အဆိုပါအကြောင်းအရာများကို ထောက်ဆ၍ ဘုန်းတော်ကြီးကျောင်းများအတွင်း ဖိနပ်မစီးကြခြင်း ဖြစ်သည်ဟု တွက်ဆမိပါသည်။
သို့သော် ကျောင်းဝန်းအတွင်း ဖိနပ်စီးသောကြောင့် ရရှိနိုင်သော အပြစ်ကိုကား ကြီးကြီးမားမား ထင်ထင်ရှားရှား မတွေ့ရှိဖူးပါ။ ရဟန်းတော်များအတွက် ပညတ်တော်မူအပ်သော ခန္ဓကဝတ်လာ ဖိနပ်ချွတ်ခြင်းဝတ်ကို မဖြည့်ကျင့်လျှင်သော်မှ အာပတ်တို့တွင် အပေါ့ပါးဆုံးဖြစ်သော ဒုက္ကဋ်အာပတ်သာ သင့်ပါသည်။
ဘုန်းတော်ကြီးကျောင်းများသည် သံဃိက (သံဃာပိုင်) ကျောင်းများသာ များပါသည်။ သံဃိကကျောင်းအတွင်း ဝင်ရောက်သည့်အခါ သတိကြီးစွာထားရပါသည်။ မိမိကြောင့် သံဃိကကျောင်းကို ချွေးတစ်ကွက်စာမျှ ညစ်ပေသွားလျှင်ပင် အပြစ်ကြီးလေးလွန်းလှပါသည်။ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ ဖိနပ်ချွတ်၍ ဝင်ရောက်သောအခါ ခြေဖဝါးများ ညစ်ပေလေ့ရှိရာ ထိုညစ်ပေနေသော ခြေဖဝါးများဖြင့် သံဃိကကျောင်းအတွင်းသို့ ဝင်သောအခါ ကျောင်းကိုပါ မိမိခြေဖဝါးက ညစ်ပေစေနိုင်ပေ၏။ ထိုသို့ မိမိခြေဖဝါးကြောင့် သံဃိကဝိဟာရညစ်ပေသွားလျှင် မိမိ၌ အပြစ်ကြီးစွာ ရတတ်သည်။
အမရပူရ မဟာဂန္ဓာရုံ , စစ်ကိုင်း မြစကြာ , စစ်ကိုင်း သုဗောဓာရုံ , သထုံ ရွှေပါရမီတောရ စသော ကျောင်းတိုက်ကြီးများတွင် အဆိုပါအပြစ်ဘေးကို မျှော်ရှု၍ ဒကာ ဒကာမ များအား ကျောင်းဝန်းအတွင်း ဖိနပ်စီးခွင့် ပြုတော်မူကြပါသည်။
(အတ္တနောမတိမျှသာ တင်ပြခြင်းဖြစ်သည်)
ThihaAung (မြန်မာနိင်ငံ ကြက်ခြေနီအသင်း)
ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးကောင်းပါသလား
✏ အရှင်ကောမလ
(( ဆန်နီနေမင်း ))
အွန်လိုင်းပေါ်က အမေးအဖြေများစာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။
မြတ်ဗုဒ္ဓ၏သာသနာ page.
(( ဖြေ ))
ရှေးရှေးသော လူကြီးများက ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်မစီးကြနဲ့.. ဗိမ္ပိသာရ မင်းကြီးကဲ့သို့ ခြေဖ၀ါးကို ဓားနဲ့အခွဲခံရမယ် ဆိုပြီး ပြောခဲ့ကြတာတွေကြောင့် ဗုဒ္ဓဘာသာဝင်များ ဖိနပ်မစီးရဲကြပေ။
သို့သော် ဗိမ္ပိသာရမင်းကြီး အဘယ်ကြောင့် ခြေဖ၀ါးကို ဓားနဲ့အခွဲခံရသည်ကိုတော့ သေချာကျနစွာ သိရှိနားလည်သူက နည်းပါးလှသည်။
တကယ်တော့ ဗိမ္ပိသာရမင်းကြီး ဘုန်းကြီးကျောင်းဝင်းထဲတွင် ဖိနပ်စီးခဲ့လို့ ခြေဖ၀ါးကို ဓားနဲ့အခွဲခံရတာ မဟုတ်ပါဘူး။ ဘုရားစေတီတော် ရင်ပြင်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်း၊ ရဟန်းသံဃာများ သီတင်းသုံးနေထိုင်ရန် ခင်းထားသော အခင်းပေါ် ခြေဆေးခြင်းမရှိဘဲ ညစ်ပေတဲ့ ခြေတောက်နဲ့ နင်းခဲ့ခြင်း အကုသိုလ်ကံကြောင့် ယခုမျက်မှောက်ဘ၀တွင် ခြေဖ၀ါးကို ဓားနဲ့ခွဲခံရတာပါ။
စာရေးသူတို့ ဗုဒ္ဓဘာသာများဟာ တကယ်အလေးထားရမည်ကို အလေးမထားဘဲ မဖြစ်စလောက်လေးကိုတော့ အလေးထား ပြုလုပ်လိုက်နာ ကျင့်သုံးလေ့ရှိကြပါတယ်။ တကယ်စဉ်းစားကြည့်ရင် ဘုန်းကြီးကျောင်းပေါ်တွင် ဖိနပ်မစီးပဲ ညစ်ပေတဲ့ခြေတောက်နဲ့ တက်ရင်သာ သံဃိကကျောင်း ညစ်ပေလို့ အပြစ်ရှိပါတယ် ။
ဘုန်းကြီးကျောင်းဝင်းအတွင်း ဖိနပ်စီးရင် အပြစ်ရှိတယ်ဆိုလို့ လိုက်နာကြသော်လည်း ကျောင်းဝင်းအတွင်း
#တံတွေးထွေးခြင်း ၊
#ကျင်ကြီးကျင်ငယ်စွန့်ခြင်း၊
#အမှိုက်ပစ်ခြင်း စတဲ့ ကျောင်းဝင်းညစ်ပေစေတဲ့ အမှုကိစ္စများကိုတော့ အလွယ်တကူ ပြုလုပ်နေကြတာကို တွေ့နေရပါတယ်။
ဘုန်းကြီးကျောင်းဝင်း သန့်ရှင်းအောင် ၊ ရဟန်းသံဃာများရှေ့ ရိုရိုသေသေဖြစ်အောင်ဆိုပြီး ဖိနပ်တော့မစီးကြပါဘူး... ဒါပေမဲ့ ကျန်တဲ့ညစ်ပေတဲ့ အရာများကို ပြုလုပ်မယ်ဆိုရင် ဘယ်ကြည့်ကောင်းမလဲ။ တကယ်စဉ်းစားကြည့်ရင် ဘာကိုပြုလုပ်တာက ပိုအပြစ်ကျြိးမယ်ဆိုတာ သိနိုင်လိမ့်မယ်။
ဒါပြင်.. ခြေလျင်သွားရင်တော့ ဖိနပ်မစီးရဘူးဆိုလို့ လိုက်နာတယ် ထားအုံး.. ကျောင်းထဲကို ကား ဆိုင်ကယ် စက်ဘီးနဲ့ဝင်တဲ့အခါကျတော့ ဘာဖြစ်လို့ ဖိနပ်စီးပြီး ၀င်နေကြတာလဲ..။ တကယ်လို့သာ ကျောင်းဝင်းအတွင်း ဖိနပ်စီးလို့ အပြစ်ရှိမယ်ဆိုရင် ကား... စတဲ့ ယာဉ်များပေါ်တွင် ဖိနပ်စီးပြီး ကျောင်းသို့ဝင်ရင်လည်း အပြစ်ရှိပါလိမ့်မယ်။ ဒါကြောင့် လိုက်နာမယ်ဆိုရင်လည်း အားလုံးကို လိုက်နာပါ။ မလိုက်နာဘူးဆိုရင်လည်း ကျောင်းဝင်းညစ်ပေစေတာမျိုးတော့ မလုပ်ဘဲနဲ့ ဖိနပ်လောက်တော့ စီးကြပေါ့လေ။
မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ် အခါက မဟာရာဇာအမည်ရှိတဲ့ မင်းဟာ သံဃာတော်များ စင်္ကြံ ကြွနေသည့် နေရာတိုင်အောင် ဖိနပ်စီးသွားခဲ့ပါတယ်။ သံဃာတော်များရှေ့ ရောက်သည့်အခါတွင် ဘုရားရှင် အဘယ်မှာသီတင်းသုံးနေပါသလဲလို့ လျှောက်တော့ သံဃာတော်များက ဘုရားရှင် ကျောင်းပေါ်တွင် သီတင်းသုံးနေတော်မူတယ်လို့ လမ်းညွှန်ပေးလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ဘုရားရှင်ရှိရာကို သိပြီး ကျောင်းပေါ်သို့ တက်ခါနီးမှ ဖိနပ်ချွတ်ခြင်း၊ မင်းဝတ်တန်ဆာများ ချွတ်ခြင်းတို့ကို ထောက်ဆကြည့်မယ်...
ဗိမ္ပိသာရမင်းဟာ ဘုရားရင်ပြင်တော်ပေါ်ဝယ် ဖိနပ်စီးခဲ့ခြင်း၊ သံဃာတော်များ သီတင်းသုံးရန်အတွက် ခင်းထားတဲ့အခင်းပေါ်တွင် ညစ်ပေတဲ့ခြေတောက်နဲ့ နင်းခဲ့ခြင်းကြောင့် ခြေဖ၀ါးဓားခွဲခံရခြင်းတို့ကို ထောက်ဆကြည့်မယ်ဆိုရင် ... ကျောင်းဝင်းအတွင်း တလင်းပြင်ပေါ်ဝယ် ဖိနပ်စိးနိုင်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
ဒါပေမဲ့ ဘုရားဝင်းအတွင်းနှင့် စေတီရင်ပြင်ထက်မှာတော့ သံဃာများပင် မစီးရတာကြောင့်  လူများစီးဖို့ဆို ပိုဝေးပါတယ်။
မိထွေးတော် ဂေါတမီနှင့် မင်းသမီးငါးရာတို့ ဘိက္ခုနီဝတ်ရန် ကျောင်းတော်သို့ သွားတဲ့အခါ ဘုရားရှင်ကို အရိုအသေ ကင်းမဲ့ရာရောက်မည် စိုးလို့ဆိုပြီး ယာဉ်ရထားမစီးဘဲ ခြေလျင်သွားခဲ့ကြပါတယ်။ အဲ့ဒီတော့ မိမိတကယ် ရတနာသုံးပါးကို ရိုသေလေးစားပါက ဖိနပ်၊ ယာဉ်မစီးဘဲ ကျောင်းဝင်းသို့ဝင်ရင်တော့ ပိုကောင်းပါတယ်။ သို့သော် ကျောင်းပေါ်၊ ဘုရားရင်ပြင်ပေါ်သို့ တက်မည်ဆိုရင်တော့ ခြေဆေးပြီးမှ တက်ပါလေ။ ' မိမိရဲ့ကျန်းမာရေကြောင့် ရတနာသုံးပါးကို ရိုသေလေးစားသော်လည်း မလွဲသာတဲ့ အခြေအနေဖြစ်နေရင်တော့ သံဃာတော်များထံ ခွင့်တောင်းပြီး ကျောင်းဝင်းအတွင်း ဖိနပ်စီးခြင်း၊ ယာဉ်စီးခြင်းများ ပြုလုပ်နိုင်ပါတယ်။
ယခုခေတ် လူငယ်များဟာ များသောအားဖြင့် ဘုန်းကြီးကျောင်းများတွင် ဖိနပ်ချွတ်ရမည်ကို ၀န်လေးနေကြပါတယ်။ ဖိနပ်ချွတ်ရမှာစိုးလို့ဆိုပြီး တချို့ဆိုရင် ဘုန်းကြီးကျောင်းကိုပင် မသွားချင်ကြပေ။ သူတို့ခြေတောက် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်နေကြတယ် ထင်ပါဘိ။ အဲ့ဒီတော့ ဘုန်းကြီးကျောင်းမှာ ဖိနပ်ချွတ်ရမှာစိုးလို့ဆိုပြီး မသွားဘဲနေတာထက် စာရင် ဖိနပ်စီးသွားပြီး ကောင်းမှု့လုပ်တာက ပိုမိုအကျိုးရှိတဲ့အတွက် ဖိနပ်ချွတ်ရမှာပျင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ ကောင်းမှု့ကုသိုလ်မလုပ်ဘဲ မနေလိုက်ပါနဲ့..။
အဲ့ဒီလို ကောင်းမှု့ ကုသိုလ်များ မလုပ်ဖြစ်ပါက မိမိအတွက် သံသရာမှာ မျက်နှာငယ်လေးဖြစ်ပြီး ဒုက္ခပင်လယ် ကျော်ဖြတ်နေရပါအုံးမယ်။ ဒါကြောင့် မိမိရဲ့ အဓိကထားရမည့်အရာနဲ့ သာမညထားရမည့် အရာတို့ကို သေချာကျနစွာ လေ့လာလိုက်ခစားပြီး လိုက်နာကျင့်သုံးနိုင်အောင် ပြုလုပ်ကြပါလို တိုကိတွန်းချင်ပါတယ်။
✏ အရှင်ကောမလ
(( ဆန်နီနေမင်း ))
အွန်လိုင်းပေါ်က အမေးအဖြေများစာအုပ်မှ ကောက်နှုတ်တင်ပြပါသည်။
မြတ်ဗုဒ္ဓ၏သာသနာ page.