ဒိုဟာမှာကျန်ခဲ့တယ်

in steemit •  7 years ago 

image

ဒိုဟာမှာကျန်ခဲ့တယ် ...


(၁)

"ဗုန်း ဗုန်း ဗုန်း"

မစ္စတာမောင်ရဲ့ လက်ဝါးပြင်နဲ့ စားပွဲကို စိတ်လိုက်မာန်ပါ ထုလိုက်တဲ့အသံ။ အစည်းအဝေးခန်းထဲမှာ အသင့် ထိုင်နေတဲ့ မြန်မာအင်ဂျင်နီယာတွေနဲ့ နည်းပညာရှင်တွေအားလုံးကို မှင်တက်သွားစေတယ်။ မြန်မာတွေအားလုံးကို ကုမ္ပဏီရဲ့ ဒါရိုက်တာ မစ္စတာမောင် ခေါ်တွေ့မယ်ဆိုတဲ့သတင်း ကြားသိထားကတည်းက စိတ်တွေလေးနေခဲ့တာ၊ ခုတော့ ထိပ်တိုက်တွေ့ကြပြီပေါ့။ သူ့အသားက ဖြူနေလေတော့ သူ့မျက်နှာကလည်း ဒေါသအရှိန်နဲ့ နီမြန်းလို့ နေတယ်။
.
"ဒီနေ့ ဒီနေရာမှာတော့ ကျုပ် မြန်မာလိုဘဲပြောမယ်။ နောက် ဘယ်နေရာမှာတွေ့တွေ့ ကျုပ်က အင်္ဂလိပ်လိုပြောရင် ခင်ဗျားတို့ကလည်း အင်္ဂလိပ်လိုဘဲပြန်ပြော၊ ပြန်နှုတ်ဆက်ကြ၊ နိုင်ငံခြားသားတွေ ရှေ့မှာ မြန်မာလိုပြောရင် သူတို့က ဘယ်လိုထင်မလဲ။ သူတို့မသိစေချင်တဲ့အကြောင်း၊ သူတို့အတင်းဘဲ ပြောမယ်ထင်မှာပေါ့ဗျာ။ ဒါ ထားတော့၊ ဒီကနေ့ ခင်ဗျားတို့ အားလုံးကို ခေါ်လိုက်တဲ့ အကြောင်းအရာက ကျုပ်ကို မန်းနေဂျင်း ဒါရိုက်တာက တာဝန်ပေးလို့ဘဲ။ ပြဿနာက ဘယ်ကစသလဲဆိုတော့ ခင်ဗျားတို့ အင်္ဂလိပ်လိုပြောတာတွေ တော်တော့်ကို ညံ့လို့၊ အဆင်မပြေ ကြလို့ဘဲ။ သူတို့ပြောတာတွေကို ခင်ဗျာတို့က နားတော့လည်တယ်။ ပြန်ပြောတဲ့အခါကျ အိုင်ကနေ တအိုင်ထဲ အိုင်ပြီး ရှေ့ကို စကားတော်တော်နဲ့ မဆက်နိုင်ဘဲ ထစ်အ,နေကြတာတော့ ပြဿနာဘဲ။ နောက် မြန်မာအင်ဂျင်နီယာ တော်တော်များများက အင်္ဂလိပ်လို ပြန်မပြောတတ်ကြဘူးတဲ့။ ဒီတော့ဗျာ ... ကျုပ် မြန်မာ အကြီးအကဲ တယောက် အနေနဲ့ သောက်ရှက်ကို ဗြန်းဗြန်းကွဲတော့တာဘဲ။
.
ဒီအားကစားဇုံကြီးမှာ မြန်မာဝန်ထမ်းပေါင်း ငါးဆယ်ကျော်ရှိတယ် ဗျာ။ အလုပ်နဲ့ပတ်သက်လာရင် ခိုင်းတာ အကုန် လုပ်နိုင်ကြတယ်။ ဘာသာစကားပြော အဆင်မပြေဘူးဆိုတော့ ခင်ဗျားတို့ ဘယ်လိုလုပ်မလဲ။ နိုင်ငံရပ်ခြား မထွက် လာခင် ကတည်းက ခင်ဗျားတို့ မလေ့လာခဲ့ကြဘူးလား။ ကျုပ် တခုဘဲ ပြောမယ်၊ ခင်ဗျားတို့ အားလုံးကို အချိန်တလ ဘဲ ပေးမယ်။ ပြောတတ်ဆိုတတ်အောင် လေ့ကျင့်ကြ၊ နောက်ထပ် တလအချိန်ပေးထားလို့မှ အဆင်မပြေဘူး ဆိုရင်တော့ ဘာခံစားခွင့်မှ ကုမ္ပဏီဘက်က မပေးဘူး။ ခင်ဗျားတို့ကို အလုပ်က ရပ်စဲပြီး ပြန်ပို့ရလိမ့်မယ်"
.
မစ္စတာမောင်ဟာ ကျွန်တော်တို့ နူတ်ဆက်ဖို့တောင် အချိန်မပေးဘူး။ သူ့စကားသံအဆုံးမှာ အထွက်ပေါက် တံခါးကို လက်တစ်ဖက်နဲ့ တွန်းဖွင့်ပြီး ပြန်ထွက်သွားတယ်။ အစည်းအဝေးခန်းမထဲမှာ ကျန်နေတဲ့ ကျွန်တော်တို့ မြန်မာတွေ အားလုံး တယောက်မျက်နှာ တယောက်ကြည့်ပြီး ညှိုးငယ်စွာ ကျန်နေခဲ့ကြတာ အချိန်အတန်ကြာ..။ အဲဒီ့နေ့က သက်ပြင်းကိုယ်စီနဲ့ လုပ်ငန်းခွင် ဝင်ခဲ့ကြတယ်။


(၂)

"အကယ်၍ ပြန်လွှတ်ခံရမယ်ဆိုရင်.." ဆိုတဲ့ မေးခွန်းဟာ အလုပ်ကပြန်ချိန်မှာ ကျွန်တော်တို့ မြန်မာတွေအားလုံးရဲ့ ဦးနှောက်ဆဲလ်တွေကို တဒုတ်ဒုတ်ခုန်နေစေခဲ့တယ်။ အရင်နေ့တွေက တယောက်ကိုတယောက် နောက်လိုက်၊ စလိုက်နဲ့ နေခဲ့ကြတာ ဖယ်ရီကားတစ်စီးလုံး ဆူညံပွက်လောရိုက်နေခဲ့တယ်။ ဒီကနေ့ အလုပ်ဆင်းချိန်မှာတော့ ကားတစီးလုံး လိုက်ပါလာသူတွေ မရှိဘူး ထင်ရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လို့ ။
.
ကုမ္ပဏီက နေခွင့်ပေးထားတဲ့ ကွန်ဒိုအဆောက်အဦးရှေ့ကို ကားရပ်လိုက်ချိန်မှာ တယောက်မျက်နှာတောင် တယောက် မကြည့်နိုင်ကြရှာတော့ဘဲ ကိုယ်နေတဲ့ ကိုယ့်အခန်း အထပ်ဆီကို ဖြေးလေးစွာ တက်သွားကြပါ တော့တယ်။ ရေချိုး ထမင်းစားပြီး နာရီဝက်လောက် အကြာမှာတော့ ကျွန်တော့်ထက် အသက်ကြီးပြီး စက်မှုသိပ္ပံမှာ ကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ ကိုမျိုးလွင်ဦးက ကျွန်တော့်အခန်းကို တံခါးခေါက်လာပါတယ်။

“စကားပြောစရာရှိလို့ အပြင်ကို ခဏလောက် ထွက်ခဲ့ပါဦး” ဆိုလို့ ဧည့်ခန်းဆီကို ကျွန်တော်ထွက်ခဲ့တယ်။ ဧည့်ခန်းရောက်တော့ အခန်းတိုင်း အထပ်တိုင်းမှာရှိတဲ့ မြန်မာတွေ အတော်စုံနေကြပြီ။ အားလုံး လူစုံကြပြီဆိုမှ ကိုမျိုးလွင်ဦးက စကားစပြောတယ်။
.
"ဒီမှာ အလုပ်လာလုပ်ကြတဲ့ ကျွန်တော်တို့မြန်မာတွေအားလုံးက နိုင်ငံခြားသားတွေနဲ့ စ,တွေ့ပြီဆိုရင် အလိုလို နေရင်း စိတ်ထဲက ရှိန်နေကြတာ၊ ကိုယ်က စ, နှုတ်ဆက်ဖို့ မပြောနဲ့ နိုင်ငံခြားသားက စ, နှုတ်ဆက်ရင်တောင် ဘယ်က ဘယ်လို ပြန်နှုတ်ဆက်ရမယ်ဆိုတာ လန့်နေတတ်ကြတာလေ။ အဓိက ကတော့ မပြောတတ်ကြတာ မဟုတ်ပါဘူး။ ပြောစ နည်းနေတာ၊ ပြောစနည်းနေတော့ ကိုယ်ပြောလိုက်တာ မှားများသွားမလားဆိုပြီး မဝံ့မရဲ ဖြစ်နေကြတာပေါ့။ ဒီတော့ တဖက်လူက မြန်မာတွေ အင်္ဂလိပ်စာ အားနည်းတယ်၊ မပြောတတ်ကြဘူး ဖြစ်ကုန်ရော၊ တကယ်တော့ ကျွန်တော်တို့ အားလုံးဟာ အလုပ်ရဖို့ အတွက် ကုမ္ပဏီက နိုင်ငံခြားသားတွေနဲ့ အင်တာဗျုး ဖြေခဲ့ ကြတုန်းကတောင် ဖြေနိုင် ပြောနိုင်လို့  အလုပ်ရပြီး ပါလာခဲ့ကြတာဘဲ မဟုတ်လား။ အဲဒီတုန်းက ကြောက်စိတ်ကို ဖယ်ရှားခဲ့ကြတာဘဲ မဟုတ်လား။ အခုလည်း အဲသလို သဘောထားပြီး ရဲရဲတင်းတင်း ပြန်ပြောကြရအောင်ဗျာ။ ပြောတဲ့ အလေ့အကျင့်ရအောင် တယောက်နဲ့တယောက် အင်္ဂလိပ်လိုဘဲ ပြောကြမယ်ဗျာ။ ဒါ ကျွန်တော် ကောင်းသော အကြံပေးတာပါ။ ပြန်ရမယ်ဆိုတာကြီး တွေးပြီး စိတ်ပျက်နေကြမယ့်အစား များများလေ့ကျင့် များများပြောရင် ပြောရဲသွားမှာဘဲလေ။ အင်္ဂလိပ်စကားပြော စာအုပ်တွေလည်း လူတိုင်းကိုယ်စီဆောင်လာ ကြတာဘဲ မဟုတ်လား"
.
သူ့စကားဆုံးချိန်မှာတော့ အားလုံးဟာ ခွန်အားသစ်တွေ ပြန်ရလာသလို ခံစားလိုက်ရပြီး ဧည့်ခန်းတစ်ခုလုံး ညံစည်တဲ့ လက်ခုပ်သံတွေ ပေါ်ထွက်သွားပါတော့တယ်။ အတူနေ အခန်းဖော်တွေအချင်းချင်း တစ်ယောက်မျက်နှာ တယောက်ကြည့်ကာ "ဟုတ်သားပဲဗျာ၊ ဒီအကြံသိပ်ကောင်းတယ်၊ သူပေးတဲ့ အကြံအတိုင်းဘဲ အဲသလို တို့တတွေ စပြင်ဆင်ကြတာပေါ့" ဆိုတဲ့ မျက်နှာရိပ် မျက်နှာကဲတွေနဲ့ ကိုယ့်အခန်းအသီးသီးဆီကို ပြန်သွားကြပါတော့တယ်။


(၃)

"တစ်လ နေလို့မှ အင်္ဂလိပ်လို မပြောတတ် မဆိုတတ်ဘူးဆိုရင်...."
မစ္စတာမောင်ရဲ့ စကားသံကြီးက ကျွန်တော်တို့ မြန်မာအင်ဂျင်နီယာတွေနားမှာ စွဲနေလို့ ထင်ပါရဲ့၊ ဒီရက်ပိုင်းမှာတော့ ကိုယ့်ခရီးဆောင်အိတ်တွေထဲ အိပ်မောကျနေခဲ့တဲ့ အင်္ဂလိပ်စကားပြော စာအုပ်အသီးသီးဟာ မျက်နှာသစ် ရေမိုး ချိုးပြီး ပြန်လည် လန်းဆန်းလာခဲ့ပါပြီ။ အလုပ်သွားချိန်တွေမှာ လူတိုင်းရဲ့ အဖော်အသီးသီးဖြစ်လာခဲ့သလို အလုပ်နားချိန်တွေမှာတောင် အင်္ဂလိပ်စကားပြော စာအုပ်နဲ့ မျက်နှာချင်းဆိုင်နေတတ်ကြပြီ။
.
"အင်္ဂလိပ် စကားပြောပြန်လေ့လာမလား၊ အချင်းချင်း အပြန်အလှန် အပြောလေ့ကျင့်ကြမလား။ ဒါမှမဟုတ် တစ်လရတဲ့ လစာ သိန်းနှစ်ဆယ်ကျော်ကို လက်လွှတ်ခံပြီး၊ မျက်နှာငယ်လေးတွေနဲ့ ကုမ္ပဏီက ပြန်လွှတ်တာကို ခံယူမလား။ ပြီးတော့ ရှက်စရာကောင်းဦးမယ့် အဖြစ်က အင်္ဂလိပ်စကား မပြောတတ်လို့  ပြန်ရတာ ဆိုပြီး ဟိုးလေးတကျော်ကျော် ဖြစ်ဦးတော့မယ်"
.
ဒီတော့ မြန်မာအချင်းချင်းကြားမှာလည်း မေးထူးခေါ်ပြောက စလို့  အင်္ဂလိပ်လိုပဲ အပြန်အလှန် ပြောဆိုလာကြ ပါတော့တယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပြောကြတဲ့အခါ လွဲမှားနေရင်လည်း အနီးအနားက တယောက်ယောက်က ပြန်ပြင်ပေးပါတယ်။ "ခင်ဗျားက ဆရာကြီးလား" လို့ ပြန်မေးဖို့ ထက် အပြုံးနဲ့ပြန်လည် တုံ့ပြန်ရင်း ပြင်ပေးတဲ့သူကို ကျေးဇူးတင်တတ်လာပါတော့တယ်။
.
ဒိုဟာမြို့မှာရှိတဲ့ အားကစားဇုံကြီးဟာ မိုင်နှစ်ဆယ်ပတ်လည် ရှိပါတယ်။ အဲဒီ မိုင်နှစ်ဆယ်ပတ်လည်ထဲမှာဘဲ ကမ္ဘာ့အဆင့်မီ ဘောလုံးကွင်းကြီးနဲ့ အရံလေ့ကျင့်ကွင်းပေါင်း လေးကွင်း၊ အခြား မိုးလုံလေလုံ ရေကူးကန်တွေ၊ ဘတ်စကတ်ဘော ကွင်းတွေ၊ ဘောလီဘော ကွင်းတွေ၊ မြှားပစ် လေ့ကျင်းကွင်းတွေ၊ တိုက်ကွမ်ဒို, ခရာတေးဒို, ဂျုဒိုလေ့ကျင်းကွင်းတွေ ပါဝင်ပါတယ်။ ပြီးတော့ စိမ်းလန်းစိုပြေနေတဲ့ ဥယျာဉ်ကြီးတစ်ခုတည်းမှာ အားကစားဇုံကြီး တည်ဆောက်ထားတာပါ။ ကျွန်တော်တို့က ကိုယ်တာဝန်ကျတဲ့ အားကစားရုံကို ဖယ်ရီကားနဲ့ နေ့စဉ်သွားရပါတယ်။ အားကစားရုံတစ်ခုနဲ့တစ်ခုက ခပ်လှမ်းလှမ်းဆီမှာမို့  နေ့လည်ခင်း ထမင်းစား နားချိန်ဆို အနီးစပ်ဆုံး အားကစားရုံမှာ တာဝန်ကျနေတဲ့ သူငယ်ချင်းကို ဖုန်းနဲ့ လှမ်းခေါ်ပြီး စွန်ပလွန်ပင် တန်းရှည်တွေအောက်မှာ ထမင်းအတူတူ စားကြလေ့ရှိပါတယ်။ ဒီကနေ့လည်း သူငယ်ချင်းနဲ့အတူ နေ့လည်စာ စားဖို့ ကျွန်တော် ခေါ်ထားပြီး၊ စိမ်းလန်းသော တောင်ကုန်းမြင့်မြင့်လေးပေါ်က စွန်ပလွန်ပင် တန်းရှည်အောက်ကို လျှောက်လာခဲ့ပါတော့တယ်။
.


(၄)

ကန္တာရနွေထဲမှာ အရိပ်အာဝါသ ကောင်းရာ မြက်ခင်းစိမ်းစိမ်း တောင်ကုန်းလေးပေါ် ကျွန်တော် ရောက်ရှိချိန်မှာတော့ အသင့် စောင့်ဆိုင်းနေတဲ့ သူငယ်ချင်းကို တွေ့လိုက်ရတယ်။ ကန္တာရ လွင်ပြင်တွေဘက်က တချက်ချက် တိုက်ခတ် လာတဲ့ လေပူတွေက စွန်ပလွန်ပင်တန်းရှည်တွေနဲ့ အတွေ့မှာ လေအေးနုရှရှ အသွင်အဖြစ် ပြောင်းလဲသွားပါ တော့တယ်။
.
သူငယ်ချင်းက ကျွန်တော့်ကို လက်ပြရင်း “အာယူ အိုကေ” လို့ အင်္ဂလိပ်လို စနှုတ်ဆက်တယ်။ ကျွန်တော်လည်း အင်္ဂလိပ်လိုပဲ အလိုက်သင့် ပြန်နှုတ်ဆက်ရင်း ..

“ပူလိုက်တာ သူငယ်ချင်းရာ … ဒီနားရောက်မှ အေးသွားတော့တယ်၊ ကဲ စားကြရအောင် … ဒီနေ့ အလုပ်ထဲမှာ ဘာထူးသေးလဲ”

“ထူးတော့ ထူးတယ် သူငယ်ချင်းရေ … အဲဒီအကြောင်းလေးကိုတော့ မြန်မာလို ပြောပါရစေကွာ”

“ပြောပါဦး ဘာတွေများလဲ”

“ဒီလိုကွ … တလောက လူကြီးပိုင်းတွေချည်းဘဲ လုပ်တဲ့ အစည်းအဝေးမှာ ပြုပြင်ထိမ်းသိမ်းရေးအပိုင်းကို တာဝန်ယူ ထားတဲ့ မန်နေဂျာက အမှုဆောင် ဒါရိုက်တာကြီးကို မြန်မာတွေအကြောင်း တင်ပြဆွေးနွေးသွားတယ်တဲ့၊ တို့ လုပ်ခဲ့ ရတာတွေပေါ့..။ ကုမ္ပဏီအဟောင်းက ဝန်ထမ်းတွေနဲ့ တို့နဲ့ တွဲလုပ်နေရတုန်းက လုပ်ငန်းသဘာဝမသိတာတွေကို ချဉ်းကပ် သင်ယူခဲ့တာ သူတို့က သဘောကျကြတယ်။ တဘက်က အင်ဂျင်နီယာတွေဆီမှာ တို့လုပ်ငန်းလေ့လာ နေချိန်က ရုံးခန်းထဲတောင် ပေးဝင်ထိုင်တာ မဟုတ်ဘူးလေ။ သူတို့  အထက်ကလူကြီးတွေ မှာထားတဲ့အတိုင်း အစပိုင်းမှာ ဘာတစ်ခုမှ မေးလို့ ရခဲ့ကြတာမှ မဟုတ်တာ..။ ဒီတော့ တို့မြန်မာတွေက ကိုယ့်နည်းကိုယ့်ဟန်တွေနဲ့  ချဉ်းကပ်ပေါင်းသင်းပြီး ရင်းနှီးအောင် အရင်လုပ်တယ်။ နည်းပညာတွေ သူတို့ ဆီက ရအောင်၊ လက်ဘက်ရည်၊ အအေး၊ မုန့်ကျွေး ချော့ပေါင်းရင်း တို့ကုမ္ပဏီက လက်ခံလိုက်ချိန်မှာတော့ လုပ်ငန်းအားလုံးကို ချောချောမွေ့မွေ့ လုပ်နိုင်ခဲ့တာကို ချီးကျူး တင်ပြခဲ့တယ်လို့  ကြားတယ် သူငယ်ချင်းရေ …”
.
“အေးကွာ … မစ္စတာမောင်ကလည်း ကုမ္ပဏီက လူကြီးတွေကို မြန်မာတွေရဲ့ အင်္ဂလိပ်လို ပြောဆိုဆက်ဆံနိုင်မှု အခြေအနေကို မေးမြန်းတယ် ကြားတယ်။ အဲဒီ့အစည်းအဝေးမှာ ပါဝင်ခဲ့ကြတဲ့ လူကြီးတွေ အားလုံးက မြန်မာတွေဟာ မထင်မှတ်လောက်အောင် စကားပြောတိုးတက်ကောင်းမွန်လာတယ်လို့  ပြန်ဖြေခဲ့တယ်တဲ့ ကွာ၊ သူငယ်ချင်းရော .. ဒီ့ထက် ဘာများ ထပ်ကြားထားတာ ရှိသေးလဲ”
.
“အုပ်ချုပ်ရေး ရုံးခန်းက ဖိလစ်ပင်း စာရေးမလေးဆီက ကြားတာကတော့ နင်တို့ မြန်မာတွေကို မန်းနေဂျင်း ဒါရိုက်တာက တရက် သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့  ပြောတယ်။ ပြီးတော့ ကံကောင်းကြပါစေလို့  သူက ပြောလိုက် သေးတယ်။ ကိုင်း သူငယ်ချင်းရေ … ထမင်းစားရင်း စကားပြောရင်းနဲ့ဘဲ အားလပ်ချိန်ပြည့်သွားပြီ ဗျာ၊ သွားကြရအောင်”
.
ကျွန်တော် တာဝန်ယူထားရာ မိုးလုံလေလုံ ဘတ်စကတ်ဘော သင်တန်းကျောင်း အဆောက်အဦးဆီသို့  လှမ်းလာရင်း ကံကောင်းခြင်း မနက်ဖြန်ဆီမှာ သဲမုန်တိုင်းတို့ ကင်းစေချင်ပြီ။


(၅)

လုပ်ငန်းခွင်ထဲ လူကြီးတစ်ဦးဦးနဲ့  ဆုံတွေ့လို့ နှုတ်ဆက်တဲ့အခါမှာ နှုတ်ရဲ လျှာရဲ ဖြစ်လာကြတယ်။ တွေ့ဆုံတဲ့ အချိန်အခါအလိုက် " Good morning, Sir " " May I help you?" လို့ ပြောဆို ဆက်ဆံတတ်တဲ့ အလေ့အထ ကောင်းတွေ ရှိလာတယ်။ အပြောအဆို၊ အလုပ်အကိုင် တစတစတိုးတက် ကောင်းမွန်လာတာနဲ့ အမျှ ဂုဏ်သတင်းဟာလည်း သင်းပျံ့လာခဲ့တယ်။
.
ဒီကနေ့ ညနေခင်း အလုပ်က ပြန်ရောက်ပြီး ထမင်းစားဖို့  မီးဖိုဆောင်ထဲ ဝင်တုန်း သူငယ်ချင်း အောင်ကျော်မိုးက

"ဟေး သူငယ်ချင်း ဒီကနေ့ ညစာ မီးခိုးတိတ် ဆိုတာ ခင်ဗျားကို ဘယ်သူမှ မပြောပြကြဘူးလား၊ သတင်းလေး ဘာလေး နားစွင့်အုံးလေဗျာ။ မစ္စတာမောင်က တို့ကွန်ဒိုဝင်းထဲက ရေကူးကန်ရှေ့မှာဘဲ ညစာကျွေးမလို့တဲ့၊ ည ရှစ်နာရီ စမယ်လို့ ပြောတယ်”
.
ထမင်းအိုးဘဲ အရင်ကိုင်ရမလို၊ ဒယ်အိုး ထုတ်ပြီး အလွယ်တကူ ကြက်ဥဘဲ ကြော်စားရမလို ဖြစ်နေတဲ့ ကျွန်တော် အတော် ပျော်သွားတယ်။ တချို့က အဝတ်အစားတွေလဲပြီး ဧည့်ခန်းထဲမှာ လူစုံအောင် စောင့်နေကြတယ်၊ တချို့ကလည်း တခန်းနဲ့ တခန်း ခေါ်နေ အော်နေကြလို့ အသံတွေ ညံလို့ပေါ့။ ကျွန်တော်လည်း ရေမိုးချိုးဖို့ .အသင့်ပြင်လိုက်ပါတော့တယ်။

အားလုံး လူစုံတော့ ရေကူးကန် နားမှာ ပြုလုပ်မယ့် မစ္စတာ မောင်ရဲ့  ညစာ စားပွဲဆီ ထွက်လာကြပါတယ်။ မစ္စတာ မောင်ဟာ ကျွန်တော်တို့ အားလုံး တစုတဝေးတည်း မြင်လိုက်ရတာနဲ့ သူ့မျက်နှာက ပြုံးချို ရွှင်ပျလို့ ။ ညစာမစားခင်မှာ မစ္စတာမောင်က စကားအနည်းငယ် ပြောပါရစေလို့ ကျွန်တော်တို့ အားလုံးကို တောင်းဆိုပါတယ်။
.
"ဒီညတော့ မြန်မာတွေနဲ့ချည်း သီးခြားတွေ့ဆုံကြရတာမို့ ကျွန်တော် မြန်မာလိုဘဲ ပြောပါမယ်။ အလုပ်ခွင်ပြင်ပမှာ တွေ့တဲ့အခါ မြန်မာလိုဘဲ ခင်ဗျားတို့ကို ကျွန်တော် ပြောချင်တာပါ။ ပြည်ပမှာ အနေကြာတဲ့အခါ မြန်မာစကား ကြားရတာရော ပြောရတာရော အရမ်းငတ်တယ်ဗျာ၊ ခင်ဗျားတို့ကို အင်္ဂလိပ်လို ပြောပါ ပြောပါ လို့ တိုက်တွန်း ခဲ့ရတာက လုပ်ငန်းခွင်မှာ အဆင်ပြေစေချင်လို့ ဆိုတာ နားလည်ကြပါဗျာ။ ပြီးတော့ ဒီနေ့ ခုလို ညစာ စားပွဲ လုပ်ပေးတာဟာ ကုမ္ပဏီက လုပ်ပေးတာ မဟုတ်ပါဘူး။ ကျွန်တော့် ပိုက်ဆံနဲ့ လုပ်တာပါ။ လွန်ခဲ့တဲ့ တစ်လ ကျော်လောက်က အကြောင်းကို ကျွန်တော် ပြန်ပြောရရင် ခင်ဗျားတို့အတွက်ကြောင့် ကျွန်တော် အရှက်ရခဲ့တယ်။ အစည်းအဝေးတိုင်း မြန်မာတွေ အင်္ဂလိပ်စကား မရဘူး၊ မပြောနိုင်ဘူး။ ဘယ်လို လုပ်မလဲ။ အားကစားဝန်ကြီးဌာန၊ လူကြီးတွေဘက်ကလည်း ပြောလာကြပြီ။ အလုပ် လုပ်နိုင်တာ တစ်ခုတည်းကိုဘဲ ကြည့်လို့ မရဘူး။ ဘာသာစကား ပြောဆိုဆက်ဆံမှု မရရင်လည်း အလုပ်လုပ်ရတာ အဆင်မပြေဘူး ဆိုပြီး ပြောလာတယ်။ အစည်းအဝေးတိုင်းမှာ ကျွန်တော် ခဏခဏ ကြားနေရတယ်။ ကျွန်တော်က စင်ကာပူနိုင်ငံသား ခံယူထားပေမယ့် မြန်မာတွေ အသုံးမကျ ဘူးလို့ အပြောခံရရင် အသားဆတ်ဆတ် တုန်အောင် နာတယ်။ ခင်ဗျားတို့ကို တခု ထပ်ပြောချင်တာက ဘာလည်း ဆိုတော့ ခင်ဗျားတို့လူငယ်တွေက နိုင်ငံခြားထွက်မယ်ဆိုရင် ကြိုတင်ပြင်ဆင်မှု လုပ်တာ သိပ်အားနည်းတာဘဲ။ ကျွန်တော်တို့တုန်းက အဲသလို မဟုတ်ဘူး၊ ကိုယ့် အားနည်းချက်ကို ကြိုတင် ပြင်ဆင်တယ်၊ လေ့လာတယ်။ ခင်ဗျားတို့ကတော့ မြန်မာနိုင်ငံက စက်မှုသိပံ္ပ၊ တက္ကသိုလ် အောင်ထားပြီး ပြည်တွင်းလုပ်သက်ကလေးရှိထားပြီးရင် ကိုယ့်ကိုယ်ကိုယ် ပြည့်စုံနေပြီလို့  အထင်ကြီးနေတတ်ကြတာ။ လက်တွေ့ လုပ်ငန်းခွင်မှာ ဘာသာစကားကလည်း အရေးကြီးတယ်ဆိုတာ ထည့်မတွက်ကြဘူး …။

တကယ်တော့ ခင်ဗျားတို့  လူငယ်တွေအားလုံး မညံ့ကြပါဘူး၊ မြန်မာတွေ မညံ့ကြပါဘူး။ ပျင်းတာကနေ ဖျင်းသွားတာ။ အရေးဟဲ့ အကြောင်းပေါ်ပြီဆိုတော့မှ ထ ဝုန်းဒိုင်းကြဲ ကြတာ။ ခံရတော့မယ်ဆိုမှ ထချကြတာ..။ အခုဘဲ ကြည့်.. တစ်လ အချိန်ပေးမယ်၊ တစ်လအချိန်ပေးလို့ မှ အင်္ဂလိပ်လို ခွန်းတုံ့ မပြန်နိုင်ရင် ကိုယ့်စရိတ်နဲ့ကိုယ် ပြန်ရမယ် ဆိုတော့မှ ကြိုးစားလိုက်ကြတာ၊ မြန်မာတွေ ညီညွတ်ပြလိုက်ကြတာ … ။
.
ကောင်းပြီ၊ အခု ခင်ဗျားတို့ ကို ပြောမယ်။ ကုမ္ပဏီက အကြီးအကဲတွေ အားလုံးဆီက ပြန်ကြားရပြီ။ ခင်ဗျားတို့ အားလုံး အင်္ဂလိပ်လို ကောင်းကောင်းမွန်မွန် ပြောနိုင်တယ် ဆိုတာ သူတို့ သိပြီတဲ့။ ဒီတော့ ခင်ဗျားတို့  ပြန်စရာ မလိုတော့ဘူး။ နောက်တစ်ခုက ကုမ္ပဏီရဲ့  နှစ်ပတ်လည်အခမ်းအနားမှာ ဂုဏ်ပြုဆုငွေတွေတောင် ချီးမြှင့်ပေးမယ်လို့ သိထားတယ်”

မစ္စတာ မောင်ရဲ့ စကားအဆုံးမှာ မြန်မာတွေ အားလုံးရဲ့ လက်ခုပ်သံဟာ မနက်ဖြန်ပေါင်းများစွာထိတောင် ပဲ့တင် စွဲမက် ကျန်နေစေရစ်ခဲ့တော့မယ်။
.
ကြိုတင် စီစဉ်ထားခြင်း မရှိပါဘဲ မြန်မာတွေ အားလုံးက ညစာမစားခင်မှာ မစ္စတာမောင်ကို ကန်တော့ဖို့ တီးတိုး တိုင်ပင်ပြီး ကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ ကိုမျိုးလွင်ဦးက “ဆရာ့ကို ကန်တော့ကြရအောင်" လို့ တိုင်ပေးပါတယ်။


(၆)

ဆရာသမားကောင်းတွေနဲ့ တွေ့ခဲ့ကြုံခဲ့ဖူးတဲ့ ကျွန်တော့်အတွက်တော့ ဒီအဖြစ်အပျက်လေးကို အမှတ်တရ ရှိနေခဲ့တယ်။ အားမာန်သစ်တွေ မွေးဖွားအောင် သင်ကြားပေးခဲ့တဲ့ ဆရာနဲ့ ခွဲခွါခဲ့တာ ဘာလိုလိုနဲ့ ဆယ်နှစ်တောင် ပြည့်ခဲ့ပြီဘဲ။ ပြည်ပမှာ မြန်မာတွေအတွက် မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့ ဆရာတစ်ယောက်ကို ဘယ်နိုင်ငံ ရောက်ရောက် ကျွန်တော် မေ့ပျောက် မသွားနိုင်ဘူး။ ဆရာနဲ့ ဆုံခွင့်ရဦးမယ်ဆိုရင် … စင်ကာပူနိုင်ငံရဲ့ ကုမ္ပဏီကြီး တစ်ခုမှာ အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့်ကို ဆရာတွေ့တဲ့အခါ … ဂုဏ်ယူစွာ ပျော်နေလေမလား ... ။

ဒိုဟာမှာ ဆရာ ရှိနေပါသေးရဲ့လား… ။ ။


လင်းသူရိယနွယ်
မန္တ​လေးပုံရိပ်​ စာ​ပေအနုပညာမဂ္ဂဇင်း
အတွဲ(၁)၊ အမှတ်​(၁၀)၊ ၂၀၁၈

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Very good post.you try it.Thank you friend.

အရေးအသားတကယ်ကိုကောင်းလှပါတယ်အားပေးနေပါတယ်။
Thank you.

Thanks